Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 24 August 2012

***..ညီမလေးဖတ်ဖိုစာစုများ..***


ညီမလေးရေ -- နေလို့မှ ကောင်းရဲ့လား ညီမလေးဆီ စာလည်းမရေးဖြစ်တာအခုဆို လပေါင်းများစွာကြာခဲ့ပြီပေါ့ ။ အလုပ်တွေက တစ်ဖက် ၀ါသနာပါတဲ့ စာပေခရီးကတစ်ဖက် နဲ့ တို့တွေ ခရီးတွေသွားနေလိုက်ကြတာ ။ သူများတွေကတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ပန်းတိုင် ဆိုတာ ထားကြတယ် ညီမလေးရေ ။ အကိုကတော့ ဒီလိုမဟုတ်ပါဘူး ။ ကိုယ့်မှာ Limit ဆိုတဲ့ ဒီလောက်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိဘူးလေ ။ အကိုဟာ သွားနိုင်သမျှ သွားမယ် ရောက်နိုင်သမျှ ရောက်အောင်သွားမယ် ရိုးရိုးလေးပါပဲ ။ ဒီတစ်ခေါက်ညီမလေးအတွက်ရေးပေးတဲ့စာမှာတော့ ညီမလေးအတွက် အသုံးဝင်မယ်ထင်တဲ့အချက်အလက်လေးတွေကို တတ်နိုင်သမျှ စီရီလို့ စာတစ်ပုဒ်အဖြစ်ချရေးပေးလိုက်ပါတယ် ။ အခုရက်ပိုင်း မိုးကလည်း အရမ်းကို သည်းနေတာပေါ့ ညီမလေးရယ် ။
ညီမလေးရေ မင်းရဲ့ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကြင်ကြင်နာနာဆက်ဆံပေးပါ ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဘာလို့ မင်းနဲ့ မိတ်ဆွေဖြစ်ရသလဲ မင်းနဲ့ ရန်သူဖြစ်ရသလဲဆိုတဲ့ အချက်အလက်တွေအကုန်လုံးကို မင်းမသိနိုင်တဲ့အတွက်ဖြစ်တယ် ။ တခါတလေ မင်းမှန်တယ်လို့ ကိုယ့်ဖက်ကနေထင်နေတဲ့အရာတွေဟာ သူတပါးဖက်ကကြည့်ရင်တော့ မှားနေတတ်တယ်မဟုတ်လား ။ ဒါကြောင့် လူဆိုတာ ကိုယ့်ဖက်က တစ်ဖက်တည်းဘယ်တော့မှ မကြည့်ရဘူးလို့ ဆိုခဲ့ကြတာပေါ့ ။
ညီမလေးရေ ဘ၀ဆိုတာ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ ခရီးရှည်ကြီးတစ်ခုပေါ့ ။ အဲဒီခရီးရှည်ကြီးထဲ ကိုယ်တစ်ယောက်တည်းစတင်လျှောက်လှမ်းတော့မယ်ဆိုတာနဲ့ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းကြေကွဲစရာတွေလည်းမလွဲမသေ ကြုံတွေ့လာရလိမ့်မယ် ။ ဒါတင်ဘယ်ကလိမ့်မလဲ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲရတဲ့ တိုက်ပွဲတွေလည်း မင်းဆင်နွှဲရလိမ့်မယ် ။ အဲဒီလို ခက်ခဲကြမ်းတမ်းတဲ့ဘ၀ခရီးရှည်ကို လျှောက်လှမ်းဖို့အတွက် ညီမလေးမှာ ယုံကြည်မှု တွေ မေတ္တာတရားတွေ ခံနိုင်ရည်ရှိမှုတွေနဲ့ တွေးတောနားလည်နိုင်မှု ဆင်ခြင်သုံးသပ်နိုင်မှုတွေ အများကြီးလိုအပ်တယ်မဟုတ်လား ။
ညီမလေးရေ လောကမှာ သိသင့်သိထိုက်တဲ့အရာတွေကို သိနေရအောင် ကြိုးစားရမယ် ။ လောကကြီးကနေ သင်ကြားပေးနေတဲ့ သင်ခါးစာတွေကို ခါးသီးသည်ဖြစ်စေ ချိုမြိန်သည်ဖြစ်စေ ခံယူနိုင်စွမ်းရှိနေရမယ် ။ ညီမလေးသိထားဖို့ကတော့ လောကကြီးမှာ လူတိုင်းဟာ သမာ သမတ် မကျနိုင်ဘူးဆိုတာပါပဲ ။ မှန်ကန်တဲ့အတိုင်းလုပ်နေတဲ့သူတွေရှိသလို မမှန်မကန်ပဲ လုပ်နေတဲ့ လူမှားတွေလည်းအများကြီးရှိသေးတယ်ဆိုတာ ညီမလေးသိဖို့လိုတယ် ။ ညီမလေးရေ ဒါတင်ဘယ်ကလိမ့်မလဲ လောကကြီးက သိပ်ကို အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးပေးနိုင်တယ် ။ လောကထဲမှာ လူဆိုးတစ်ယောက်ရှိအောင် လူစွမ်းကောင်းတစ်ယောက်ရှိတယ် ။ ကောက်ကျစ်တဲ့ ခေါင်းဆောင်တစ်ယောက်ရှိရင် လေးစားအတုယူကြည်ညိုရတဲ့ခေါင်းဆောင်ကောင်းလည်းရှိတယ် ။ ညီမလေးသိထားဖို့က ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိတိုင်းမှာ ကိုယ့်ကို ကူညီစောင့်ရှောက်ပေးမယ့် မိတ်ဆွေတစ်ယောက်တော့အနည်းဆုံးရှိတယ်ဆိုတာပါပဲ ။
ညီမလေးရေ ဘ၀ကို ဖြတ်သန်းတဲ့အခါ ကိုယ်အလကားရတဲ့ ပိုက်ဆံ တစ်ထောင်ထက် ကိုယ့်အရည်အချင်းနဲ့ ကိုယ်တိုင်ရှာတဲ့ငွေတစ်ရာက ပိုပြီးတန်ဖိုးရှိတယ်ဆိုတာ မှတ်ထားပါ ။ လောကမှာ ဖြစ်ပျက်သမျှ အဆိုးတွေ အရှုံးတွေကို အပြုံးမပျက်ပဲ ညီမလေး ခံယူတတ်မှသာ ကိုယ်အောင်မြင်တဲ့အချိန် မှာ ပျော်ရွှင်မှု အစစ်ဆိုတာ ဘာလဲဆိုတာ မင်းသိလာပါလိမ့်မယ် ။ ညီမလေးရေ လူလူချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မနာလို ၀န်တိုစိတ် မစ္ဆေရ စိတ်တွေ ကင်းနေမှ သူတပါးရဲ့အဆင်ပြေမှု အောင်မြင်မှုကို မုဒိတာ ပွားနိုင်မှ ကိုယ့်စိတ်ဟာ ဖြူစင်အေးချမ်းနေမယ် ။ ကိုယ်ဘာပဲလုပ်လုပ် မအောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေကြုံလာရတဲ့အခါ အရှုံးဒါဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်လို့ အောင်မြင်တဲ့အထိရောက်အောင် ဆက်လက်ကြိုးစားရမယ်ဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှုကို ညီမလေးရဲ့ စိတ်နှလုံးသားထဲမှာ မွေးမြူထားပါ ။ နောက်ထပ်သိထားဖို့ကတော့ ညီမလေးဟာ မှန် လို ကျင့်ကြံနိုင်ရင်အကောင်းဆုံးပါပဲ ။ သိမ်မွေ့ယဉ်ကျေးသူနဲ့တွေ့တဲ့အခါ သိမ်မွေ့စွာ ဆက်ဆံတတ်ပြီး မာကျောခက်ထန်သူနဲ့တွေ့တဲ့အခါ ကိုယ်လည်း မာကျောနေဖို့လိုတယ် ။
ညီမလေးရေ လောကကြီးထဲမှာ ဘာကိုပဲလုပ်လုပ် အများလုပ်တိုင်းလိုက်မလုပ်မိပါစေနဲ့ ။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ကိုယ်တိုင်ယုံကြည်လို့ သူများစကားတွေကိုလည်းနားစွင့်လို့ အမှန်နဲ့အမှား အကောင်းနဲ့အဆိုး အကျိုးနဲ့အကြောင်းကို ညီမလေးခွဲခြားချင့်ချိန်တတ်ဖို့လိုတယ် ။ ကိုယ်မျက်ရည်ကျတာဟာ ရှက်စရာမဟုတ်ဘူးညီမလေး ဒါပေမယ့် ရှုံးနိမ့်တဲ့အခါမှာလည်းကိုယ်ဟာ ကျက်သရေရှိနေဖို့တော့လိုတယ် ။ အရှုံးထဲကနေ ပြန်မထနိုင်ပဲ အရှုံးကို လက်ခံလိုက်ရခြင်းသာ ညီမလေးအတွက်တကယ့် ဆုံးရှုံးမှုကြီးဖြစ်တယ် ။ ကိုယ့်နောက်ကွယ်မှာ ကိုယ့်အတင်းကိုပြောတတ်တဲ့သူတွေ ကိုယ့်မကောင်းကြောင်အမြဲ ကုန်းချော ပြောနေတဲ့သူတွေကို ဂရုစိုက်ဖို့မလိုပါဘူးညီမလေးရေ ညီမလေးအနေနဲ့ စကားကို အရမ်းချိုချိုသာသာ ပြောတတ်တဲ့သူတွေနဲ့တွေ့ရင်သာ သတိထားဖို့လိုတယ် ။ စကားချိုလွန်းတဲ့သူတွေရဲ့ စိတ်အတွင်းသဏ္ဍာန်မှာ ကောက်ကျစ်မှုတွေနဲ့သာ များသောအားဖြင့် ပြည့်နေတတ်ကြတယ် ။ ညီမလေးရေ ကိုယ့်ရဲ့ ဦးနှောက်က တွေးတောနိုင်မှု စွမ်းရည်ကို ကြေးအမြင့်ဆုံးပေးတဲ့သူထံသာ ရောင်းချပါ ။ ဒါပေမယ့် ညီမလေးရဲ့နှလုံးသားကိုတော့ ဘယ်တော့မှ ဈေးနှုန်းမသတ်မှတ်လိုက်ပါနဲ့ ။ လောကကြီးမှာ နှလုံးသား ၀ိဥာဉ်ကို သတ်မှတ်လောက်နိုင်တဲ့ ငွေကြေးသတ်မှတ်ချက် စံ ဆိုတာမရှိဘူး ။
ညီမလေးရေ ဘယ်တော့မှ ကိုယ့်ကိုယ်ကို သူတပါးနဲ့ မနှိုင်းယှဉ်ပါနဲ့ ။ လောကကြီးမှာ အမြဲ ပဲ ကိုယ့်ထက် သာတဲ့သူ တွေရှိသလို အမြဲပဲ နိမ့်ကျနေတဲ့သူတွေဆိုတာရှိတယ် ။ အဓိက ကိုယ်ယှဉ်ပြိုင်ရမှာက ကိုယ့်ကိုယ်ကိုပဲဖြစ်တယ် ။ ကိုယ်အရင်က ကြိုးစားထားတဲ့ စံချိန်တွေထက် လာမယ့် ရက်တွေမှာ ချိုးနိုင်အောင် ကိုယ့်အရည်အချင်းကိုပဲ ကိုယ် ယှဉ်ပြိုင်ကြိုးစားရမှာဖြစ်တယ် ။ လောကကြီးမှာ တချို့သောကိစ္စတွေဟာ အလောင်းအစား လုပ်ရတဲ့အရာမျိုးနဲ့ဆင်တူတယ် ။ ကိုယ့်ဖက်က နိုင်တဲ့အခါ ရှုံးတဲ့အခါရှိသလို ကိုယ်ကစားရမယ့်အလှည့်ကို သူများကို ပေးကစားရတာတွေလည်းကြုံရလိမ့်မယ် ။ ညီမလေးရေ မီးဒါဏ်ကို နာနာ ခံနိုင်မှသာ သံမဏိကောင်းကို ရနိုင်ပါတယ် ။ ကိုယ့်မှာ အမြဲ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်ကို မွေးမြူလေ့ကျင်ဖို့လိုသလို ကိုယ်နာကျင်ရတဲ့အခါ မှာ ကိုယ့်မျက်ရည်တွေကို ခွန်အားအဖြစ်ပြောင်းလဲပစ်ဖို့လည်း မှာလိုက်ပါရစေ ။
ညီမလေးရေ စာတွေဖတ်ရလို့ ငြီးငွေ့နေပြီလား ။ မှတ်သားသင့်တဲ့အရာကို မှတ်သား ၊ လိုက်နာသင့်တဲ့အရာကိုတော့ လိုက်နာလို့ လောကကြီးမှာ အရည်အချင်းရှိတဲ့ လူ ပီသတဲ့လူသားတစ်ယောက်အဖြစ် နေထိုင်ကျင့်ကြံ ရင်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်တဲ့ အမျိုးသမီးလေး တစ်ဦးဖြစ်ပါစေလို့ ဆုတောင်းပေးရင်း အဆုံးသတ်လိုက်ပါတယ် ။
*

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့