Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 18 August 2012

သတင်းတိုများ


မြန်မာ့ လေကြောင်းမှ လေယာဉ်များ ထပ်တိုး ၀ယ်ယူ သွားမည်

မြန်မာ့ လေကြောင်းမှ လက်ရှိမှာ ပြေးဆွဲ နေတဲ့ လေယာဉ်တွေ အပြင် ထပ်တိုး ၀ယ်ယူရန် ရှိတယ်လို့ မြန်မာ့ လေကြောင်း လိုင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောပြချက် အရ သိရပါတယ်။ အခုလို ၀ယ်ယူဖို့ အတွက်လည်း ပြည်ပ နိုင်ငံများမှ လေယာဉ် ထုတ်လုပ်တဲ့ ကုမ္ပဏီများ ဖြစ်တဲ့ Air Bus, Boaring နဲ့ Embraer အစရှိတဲ့ ကုမ္ပဏီ ၃ ခုနဲ့ ချိတ်ဆက် ထားတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာ့ လေကြောင်း MAI မှာ ပြေးဆွဲနေတဲ့ လေယာဉ် ၄ စီးရှိတာ ဖြစ်ပြီး MAI အနေနဲ့ ပြည်ပ ခရီးစဉ်တွေမှာ ပြေးဆွဲတာ ဖြစ်တဲ့ အတွက် ပြည်ပ ခရီးစဉ်နဲ့ သင့်တော်တဲ့ လေယာဉ် အမျိုးအစားမျိုး ကိုသာ ရွေးချယ် ၀ယ်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ပြေးဆွဲနေတဲ့ လေယာဉ် အမျိုးအစား များဟာ CRJ လေယာဉ် အမျိုးအစားများ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် MAI အနေနဲ့ လာမယ့် အောက်တိုဘာ လမှာ Air Bus ကုမ္ပဏီမှ လေယာဉ် ၂ စီး မှာယူထား တယ်လို့ မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။


သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ပြည်ပ နိုင်ငံများမှ လာရောက် ဆွေးနွေးမှု များရှိနေ

သတ္တု တူးဖော်ရေး ကဏ္ဍမှာ ပြည်ပ နိုင်ငံများက လာရောက် ဆွေးနွေးမှုများ ရှိနေတယ်လို့ နေပြည်တော်ရှိ သတ္တုတွင်း ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို လာရောက် ဆွေးနွေးတဲ့ ပြည်ပနိုင်ငံ များမှာ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ နိုင်ငံ များက အများဆုံး လာရောက် ဆွေးနွေး ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ သတ္တုသန့်စင် စက်ရုံများ တည်ဆောက်ဖို့ အတွက်လည်း ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်း သတ္တုတွင်း ကဏ္ဍမှာ ပြည်ပ နိုင်ငံများမှ လက်ရှိ လာရောက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၁၈ ခုခန့် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ လာရောက် လုပ်ကိုင်နေတဲ့ ပြည်ပ နိုင်ငံ အများစု ကတော့ တရုတ်၊ သြစတြေးလျ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ရုရှား အစရှိတဲ့ နိုင်ငံများမှ လာရောက် လုပ်ကိုင်လျက် ရှိပါတယ်။ ဒီလို ပြည်ပ ကုမ္ပဏီတွေမှ လုပ်ကိုင် ဆောင်ရွက် ကြရာမှာ သတ္တု အမျိုးအစားစုံ တူးဖော်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။


လာမည့် နိုဝင်ဘာလတွင် Sea Games Music Album စတင်ထွက်ရှိမည်

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၃ ခုနှစ် ၊ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပ ဆောင်ရွက် သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကြီး ဟာဆိုရင် ၄၄ နှစ် အကြာမှ မြန်မာနိုင်ငံမှာ ကျင်းပခွင့် ရတဲ့ အားကစား ပြိုင်ပွဲကြီး ဖြစ်ပြီး ဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံကို ကိုယ်စားပြုတဲ့ အကြီးမားဆုံး ပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို အားကစား ပြိုင်ပွဲကြီး အတွက် Sea GAmes Music Album ကို စီစဉ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါ သီချင်းခွေကို အကြိုလှုံ့ဆော်ရေး ခွေအဖြစ် လာမယ့် နိုဝင်ဘာလမှာ စတင် ထုတ်ဝေ သွားမှာ ဖြစ်တယ်လို့ ADMA Media မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ သီချင်းခွေ ကိုတော့ Event Master Media, Hintar Media နဲ့ ADMA Media တို့က ပူးပေါင်း ထုတ်လုပ်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အဆိုပါ သီချင်းခွေ မှာတော့ မြန်မာနိုင်ငံရဲ့ အနုပညာရှင်၊ အတတ်ပညာရှင်၊ ဂီတပညာရှင် များမှ ပူးပေါင်း ပါဝင် တီးချတ် သီဆို တင်ဆက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှ နာမည်ကြီး အဆိုတော်များ ဖြစ်တဲ့ လေးဖြူ၊ ဇော်ဝင်းထွဋ်၊ R ဇာနည်၊ J-Me, Ar-T၊ ရဲလေး၊ ဇော်ပိုင်၊ ထူးအယ်လင်း၊ L လွန်းဝါ၊ သြရသ၊ စိုင်းစိုင်းခမ်းလှိုင်၊ S.I.R ၊ သားစိုး၊ ဆုန်သင်းပါရ်၊ L ဆိုင်းဇီ၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ ရေဗက္ကာဝင်း၊ ၀ိုင်းစုခိုင်သိန်း၊ နေနေနဲ့ လင်းလင်း အစရှိတဲ့ အဆိုတော် များစွာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Sea Game Music Album ကို အခွေ ၁ သိန်းကျော် ဖြန့်ချိ သွားမှာ ဖြစ်ပြီး ပြည်ပနိုင်ငံ များကိုပါ ချိတ်ဆက် ရောင်းချ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အခွေ ကိုတော့ အခုအချိန်မှာ ဈေးနှုန်း သတ်မှတ်ရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အများသုံး ဘာသာစကားများ အတွက် ဧည့်လမ်းညွှန်များ မွေးထုတ် သွားမည်

အာရှဒေမှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များနဲ့ ဥရောပ နိုင်ငံများမှ ပြည်ပ ခရီးသွား ဧည့်သည် များအတွက် အများသုံး ဘာသာ စကားများ ဖြစ်တဲ့
တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်နဲ့ အီတလီစတဲ့ ဘာသာ စကား ကျွမ်းကျင်တဲ့ ဧည့်လမ်းညွှန်များ မွေးထုတ်ပေး သွားဖို့ လိုအပ်လျက် ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ယခုလက်ရှိ မှာတော့ မြန်မာနိုင်ငံမှာ ဧည့်လမ်းညွှန် စုစုပေါင်း ၃၁၆၂ ဦးရှိတာ ဖြစ်ပြီး အင်္ဂလိပ် ဘာသာ ဧည့်လမ်းညွှန် ၁၉၃၃ ဦး၊ ဂျပန်ဘာသာ ဧည့်လမ်းညွှန် ၃၄၃ ဦး၊ ပြင်သစ် ဘာသာ ဧည့်လမ်းညွှန် ၂၃၁ ၊ ဂျာမန်ဘာသာ ဧည့်လမ်းညွှန် ၂၁၉ ၊ တရုတ်ဘာသာ ဧည့်လမ်းညွှန် ၁၂၅ ဦး၊ ထိုင်းဘာသာ ဧည့်လမ်းညွှန် ၁၀၆ ဦးနဲ့ စပိန်ဘာသာ ဧည့်လမ်းညွှန် ၁၀၆ ဦး ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အီတာလျှံ ဘာသာ ဧည့်လမ်းညွှန် ၄၃ ဦး၊ ရုရှား ဘာသာ ဧည့်လမ်းညွှန် ၃၅ ဦးနဲ့ ကိုရီးယား ဘာသာ ဧည့်လမ်းညွှန် ၂၁ ဦး ရှိတာ ဖြစ်ပါတယ်။

အဆိုပါ ဧည့်လမ်းညွှန် အနေနဲ့ ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံကို ရောက်ရှိ လာစဉ် မြန်မာလူမျိုး တိုင်းရင်းသား များရဲ့ မြန်မာ့ ရေ၊မြေ၊ တော၊ တောင် သဘာဝ ရှုခင်းများကို ကြည့်ရှု လေ့လာ ခံစားရင်း ရိုးရာ ယဉ်ကျေးမှု၊ ရှေးဟောင်း သမိုင်းဝင် အဆောက်အဦးများ အကြောင်းကို သက်ဆိုင်ရာ ဘာသာစကား အလိုက် လိုက်လံ လမ်းညွှန် ဆောင်ရွက် ပေးရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလက်ရှိ မှာတော့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနမှ လိုင်စင်ထုတ် ပေးပြီး ခရီးသွား ကုမ္ပဏီများမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၁ ခု၊ ဖက်စပ် ကုမ္ပဏီ ၁၆ ခု၊ တိုင်းရင်းသားပိုင် ကုမ္ပဏီ ၈၈၄ ခုရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ကမ္ဘာလှည့် ခရီးသည်များ အများအပြား သွားရောက် လည်ပတ်လေ့ ရှိတဲ့နေရာ ၅၇ ခုရှိတာ ဖြစ်တယ်လို့ သိရပါတယ်။


မထသ ၃၆ သီးသန့် ယာဉ်လိုင်း စမ်းသပ်ပြေးဆွဲ

ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုမှ အစားထိုး တင်သွင်းတဲ့ မထသ ၃၆ သီးသန့် ယာဉ်လိုင်းကို သြဂုတ်လ ၁၂ ရက်မှ စတင်ကာ စမ်းသပ် ပြေးဆွဲနေပြီ
ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၃၆ မထသ သီးသန့်ယာဉ် လိုင်းများဟာ ဒဂုံရှေ့ ၁၃ ရပ်ကွက်မှ ကျန်စစ်သားလမ်း၊ တပင်ရွေထီး လမ်း- ပြည်ထောင်စုလမ်း-ပင်လုံလမ်း-ပါရမီလမ်း-သုမင်္ဂလာအိမ်ယာ-နန္ဒ၀န်ဈေး- သစ္စာလမ်း-ရန်ကင်း-ဆရာစံလမ်း-ဦးချစ်မောင်လမ်း-ရွှေဂုံတိုင်-ဗဟန်း အ၀ိုင်းမှ ဆူးလေ ဘုရားလမ်း အထိကို အစီးရေ ၁၃ စီးဖြင့် ပြေးဆွဲ နေတာ ဖြစ်ပါတယ်။

ဒီလို စမ်းသပ် ပြေးဆွဲမှုဟာ ယာဉ်ကြော ပြေးဆွဲရာမှာ အခက်အခဲ မရှိစေဖို့နဲ့ လမ်းကြောင်း များကို သိရှိစေဖို့ အတွက် ပြေးဆွဲတာ ဖြစ်ပြီး အစိုးရ အဖွဲ့မှ ခွင့်ပြုမိန့် ရရှိပြီး ပြေးဆွဲခွင့် ရရှိတဲ့အထိ စမ်းသပ် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၃၆ မထသ သီးသန့် ယာဉ်လိုင်းရဲ့ ယာဉ်စီးခ ကိုတော့ ခရီးစဉ် ပိုင်းဖြတ် ကောက်ခံမှာ ဖြစ်ပြီး ယာဉ်စီးခ နှုန်းထားများကို ငွေကျပ် ၅၀ ၊ ၁၀၀ ၊ ၁၅၀ နဲ့ ၂၀၀ အစရှိတဲ့ ခရီးစဉ် ပိုင်းဖြတ်မှု ကျသင့်ငွေ အတိုင်း ကောက်ခံ သွားမှာ ဖြစ်ပါတယ်။

ခရီးစဉ် အစအဆုံး အတွက် ကိုတော့  ငွေကျပ် ၂၀၀ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကားဟောင်းတွေ အပ်နှံပြီး တင်သွင်း လာတဲ့ ကားအသစ် တွေကို ခရီးစဉ်လိုင်းများ တိုးချဲ့ပြေးဆွဲ ပေးမှုဟာ ခရီးသွား ပြည်သူများ အဆင်ပြေ လွယ်ကူစွာ သွားလာ နိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက ဆောင်ရွက် ပေးနေတဲ့  ဆောင်ရွက်မှု တစ်ခုပဲ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း၏ နှစ်ဝက် အစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းရဲ့ ၂၀၁၂ ခုနှစ်၊ ပထမ ၆ လပတ် ဗဟိုကော်မတီ အစည်းအဝေးကို သြဂုတ်လ ၁၇ ရက်နေ့က ကျွန်းတော
လမ်းရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း ဗဟိုမှာ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ အစည်းအဝေးမှာ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ ပြုလုပ်ထားတဲ့ လုပ်ငန်းများကို ပြောကြားခြင်း အပြင် ဘဏ္ဍာရေး ရှင်းတမ်းများကို ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် MANA မှ ဖွဲ့စည်းထားတဲ့ မဆသ ငွေကြယ်ပွင့် လူငယ် အဖွဲ့၊ မဆသ လူငယ် အားမာန်နဲ့ မဆသ စပါယ်ဖြူ လူငယ် အဖွဲ့များမှ အဖွဲ့ခေါင်းဆောင် အသီးသီးမှ အဖွဲ့တိုင်းမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းများ အကြောင်းကို ဆွေးနွေး ခဲ့ကြပါတယ်။ ဒီလို လူငယ် အဖွဲ့အစည်း များဟာ မူးယစ်ဆေးစွဲ နေတဲ့ လူငယ်များကို စောင့်ရှောက်ခြင်းနဲ့ အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်နေတဲ့ အဖွဲ့များ ဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေး ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး တို့မှ MANA အသင်းဝင် တာဝန်ရှိသူများ တက်ရောက်ကြပြီး အသင်းရဲ့ ရှေ့ဆက်လုပ် ဆောင်မယ့် လုပ်ငန်းစဉ် များကိုပါ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

မြန်မာ့လေကြောင်း အဆင့် တိုးမြှင့်မှုများကို စက်တင်ဘာ လကုန်တွင် စတင် ဆောင်ရွက်မည်

ပြည်တွင်းရဲ့လေကြောင်း လိုင်းတစ်ခု ဖြစ်တဲ့ မြန်မာ့ လေကြောင်း လိုင်းကို နိုင်ငံတကာ အဆင့်မီ လေကြောင်းလိုင်း ဖြစ်အောင် အဆင့် မြှင့်တင်မှု တွေကို
စက်တင်ဘာ လကုန်မှ စတင် ဆောင်ရွက် မယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ချက်ထရီယမ် ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ လေကြောင်းနဲ့ ဒူဘိုင်း နိုင်ငံရှိ Dnata လေကြောင်း စီးပွားရေး လုပ်ငန်းတို့ရဲ့ MoU လက်မှတ် ရေးထိုးပွဲမှ သိရပါတယ်။ အဆိုပါ MoU ရေးထိုးမှု ကတော့ မြန်မာ့ လေကြောင်းလိုင်းရဲ့ ဆောင်ရွက် နေမှုတွေကို ပိုမို ဖွံ့ဖြိုးဖို့ အတွက် မြေပြင် ၀န်ဆောင်မှု လုပ်ငန်းတွေ မှာပါ နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီလို လုပ်ငန်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်ရာ မှာတော့ စက်တင်ဘာ လကုန်က စတင်ကာ လာမယ့်နှစ် မတ်လကုန် အထိ လုပ်ဆောင် မှာဖြစ်ပြီး အဲ့ဒီနောက် မှာတော့ ပြည်တွင်းမှာ ဆောင်ရွက်တဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပုံစံတွေအတိုင်း ငါးနှစ်စီ သက်တမ်း တိုးကာ နှစ်ရှည် ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်းမှုတွေ ပြုလုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့ MoU လက်မှတ် ရေးထိုးပွဲကိုလည်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်၊ မြန်မာ့ လေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ တာဝန်ရှိ သူများ၊ ဒီနာ့တာ့ စင်္ကာပူ ပီတီအီး လီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ကာ MoU ရေးထိုးခဲ့ကြ တယ်လို့ သတင်း ရရှိပါတယ်။

အရေးပေါ် ကူညီ ထောက်ပံ့ရေး လုပ်ငန်း အဖွဲ့ဖွဲ့စည်းကာ ရေလွှမ်းမိုးမှု ခံရသည့် လယ်မြေများကို ကူညီဆောင်ရွက် သွားမည်

မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ အသင်းဝင်များနဲ့ အသင်းဝင် မဟုတ်တဲ့ ရေလွှမ်းမိုးမှု ဒဏ်ခံစား နေရတဲ့ ဆန်စပါး စိုက်ပျိုးသူ တောင်သူ
လယ်သမားများကို တက်အား သရွှေ့ကူညီ ထောက်ပံ့ ပေးဖို့အတွက် အရေးပေါ် ကူညီ ထောက်ပံ့ရေး လုပ်ငန်း အဖွဲ့ Emergency Early Response Team (EERT) ကို ဖွဲ့စည်းပြီး တောင်သူ လယ်သမား တွေကို ကူညီ ထောက်ပံ့ပေး သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အဖွဲ့ကို ဇူလိုင်လ ၂၃ ရက်နေ့က စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင် အင်အား ၂၃ ဦး ရှိတာ ဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ အနေနဲ့ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီးမှ ရေလွှမ်းမိုး မှုခံရတဲ့ တောင်သူ လယ်သမား တွေကို အဓိကထား ကူညီထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ မှာတော့ ဧရာဝတီတိုင်း ဒေသကြီးရှိ ရေလွှမ်းမိုးမှု ခံရတဲ့ လယ်ဧကပေါင်း ၂ သိန်းကျော်နဲ့ ပဲခူးတိုင်း ဒေသကြီးရှိ လယ်ဧကပေါင်း ၁ သိန်း ၀န်းကျင်ခန့် ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ လယ်ဧက တွေကို အရေးပေါ် ကူညီထောက်ပံ့ရေး လုပ်ငန်းအဖွဲ့ EERT အဖွဲ့မှ တတ်နိုင်သလောက် ကူညီပေး သွားမှာဖြစ်ပြီး နောက်ထပ် လိုအပ်မှု ရှိရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကူအညီ တောင်းကာ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါ အရေးပေါ် ကူညီ ထောက်ပံ့ရေး လုပ်ငန်း အဖွဲ့ EERT အနေနဲ့ ရေကြီး၊ ရေမြုပ်မှု ဆိုင်ရာ သတင်း အချက်အလက်များ စုဆောင်းခြင်း၊ ရေမြုပ် နေတဲ့ စိုက်ခင်းများကို အသင်းခွဲများရဲ့ အကူအညီများနဲ့ အချိန်ကာလ အလိုက် ပြန်လည် စိုက်ပျိုးဖို့ အတွက် လိုအပ်ချက်တွေ ဖော်ထုတ်ခြင်း၊ ပြန်လည် စိုက်ပျိုးဖို့ လိုအပ်တဲ့ နေရာဒေသများ အတွက် မျိုးစပါးများကို အချိန်မီ ဖြန့်ဖြူးပေး နိုင်ဖို့ စီစဉ်ပေးခြင်း စတာတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေမြုပ်မှုကြောင့် စပါးအထွက် နှုန်းထိခိုက်နိုင်တဲ့ စိုက်ခင်းများ အတွက် လိုအပ်တဲ့ သွင်းအားစုများ ပံ့ပိုးပေးနိုင်ဖို့ကို ပြင်ဆင် ဆောင်ရွက်ခြင်း၊ ရာသီဥတု ပြောင်းလဲမှု အခြေအနေကို တောင်သူများ သိရှိနိုင်ပြီး လိုအပ်တဲ့ ကြိုတင် ပြင်ဆင် မှုတွေကို စောစီးစွာ ဆောင်ရွက် နိုင်ရေး အတွက် အသင်းခွဲများ၊ ဆန်စပါး အထူးပြု ကုမ္ပဏီများနဲ့ ညှိနှိုင်း ဆောင်ရွက်ခြင်းနဲ့ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခံရတဲ့ စိုက်ဧကများကို ပြန်လည် စိုက်ပျိုးထူ ထောင်နိုင်ဖို့အတွက် စိုက်ပျိုးရေး ဦးစီးဌာန အပါအ၀င် အခြား ဌာနများ၊ အခြား လူမှုရေး အဖွဲ့အစည်း များနဲ့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ခြင်း စတဲ့ အချက်တွေကိုပါ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ ကိုတော့ အဆိုပါ အဖွဲ့ အနေနဲ့ သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ကူညီ ထောက်ပံ့ရေး လုပ်ငန်းတွေကို စတင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

HIV ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်မှု လုပ်ငန်းများကို ယခုနှစ်ကုန် အထိ ပြုလုပ်သွားမည်

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA နဲ့ UNICEF တို့ပူးပေါင်းပြီး ဆောင်ရွက် နေတဲ့ အမျိုးသား၊ အမျိုးသမီး တွေမှာ HIV ပိုး ကာကွယ်ရေး
ကွင်းဆင်း လုပ်ဆောင်မှုတွေကို ယခု နှစ်ကုန်အထိ ကွင်းဆင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မာနာမှ တာဝန်ရှိ သူရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ စီမံချက် လုပ်ငန်းတွေ ကိုတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့၊ ကရင်ပြည်နယ်၊ ဘားအံ့မြို့နဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့ အစရှိတဲ့ မြို့နယ်များမှာ စီမံချက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေတယ်လို့ သြဂုတ်လ ၁၇ ရက်နေ့ အဆိုပါ အသင်း ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှ သိရပါတယ်။

ဒါ့အပြင် MANA အသင်း အနေဖြင့် UNFPA နဲ့လည်း စီမံကိန်း လုပ်ငန်း ၄ခု လုပ်ဆောင်ဖို့ ရှိရာမှာ တစ်ခုကို စတင် လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းများ လုပ်ကိုင်ဖို့ အတွက် ရန်ကုန်မြို့မှာ Project ရုံးဖွင့်လှစ်ပြီး ရန်ကင်းမြို့၊  ချမ်းအေးသာဇံ မြို့နယ်နဲ့ တာချီလိတ် မြို့နယ်တို့ မှာတော့ ရိပ်မွန်များ ဖွင့်လှစ်ကာ HIV ကာကွယ် တားဆီးရေး လုပ်ငန်းများနဲ့ အသိပေး ဆွေးနွေးမှုများကို ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို လုပ်ဆောင်မှုတွေ သာမက လက်ရှိ မှာလည်း MANA အသင်း ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီရဲ့ ကြိုးပမ်းမှု တွေကြောင့် ၀င်ငွေပိုမို ရရှိလာတာ ကြောင့်လည်း ပြည်သူ့ အကျိုးပြု ဆောင်ရွက် မှုတွေကို ယခင်ကထက် ပိုမိုဆောင်ရွက် လာနိုင်ပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့