Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 4 August 2012

အံ့သြလွန်းလို့ 


ချနယ် ဇီးရိုး (Channel 0)

ဒီတခေါက် အရေးကြီး ကိစ္စတစ်ခုနဲ့ ဇာတိဖြစ်တဲ့ အညာကို ရောက်ခဲ့ရာမှာ ဆန်းကြယ်တာလေးတွေ တွေ့ မြင်ခဲ့ရပြန်
ပါတယ်။ကန်စွယ်ရွာမှာနေတဲ့ 'ဗဂျီး' (ဘကြီး မဟုတ်ပါ အညာမှာ အဖေရဲ့ အစ်ကို ကိုခေါ်တာပါ)မိထ္တီလာမြို့ ပေါ်ကို
ကျုပ်နဲ့ အတူ ညအိပ်လိုက်လည် ခဲ့ပါတယ်။ ကျုပ်တည်းတဲ့အိမ်က ဦးခင်မောင်ထွေးက Sky Net တပ်ထားတာကိုး။
ဗဂျီး ဟာ Sky Net-Update Channel က လွှင့်တဲ့ လွှတ်တော် ကျင်းပပုံ တိုက်ရိုက်လွှင်တဲ့ သတင်းကို ကိုယ်စား
လှယ်ကြီးများရဲ့ မူရင်းအသံနဲ့ တကွ ရှုစားနေလိုက်တာ ထမင်းစားဖို့ တောင် မနည်းခေါ်ရ  တယ်ဗျ။




ဒါနဲ့ လွှတ်တော်ကို Live     ကြည့်ချင်ရင် ပိုက်ဆံပေးရတဲ့ လိုင်းမှာပဲ ရတယ်ဆိုတာလည်း သိရော ဗဂျီးတစ်ယောက်
ဒေါကန်တော့တာပါပဲ။



ဘောလုံးပွဲတို့   ရုပ်ရှင်ကား ကောင်းကောင်းတို့ ပိုက်ဆံပေးမှ ကြည့်ရတယ်ဆိုတာ ငတို့  ဖိုးသုညတွေ နားလည်ပါ
တယ်။ ဒါပေသည့်  လွှတ်တော်ဆိုတာ ဇိမ်ခံပစ္စည်းမှ မဟုတ်ကပဲ ငါ့လူရ။ မဲကျတော့ တို့ ဆီက ယူသွားပြီး ကြည့်ဖို့ 
ကျတော့ ပိုက်ဆံ တတ်နိုင်တဲ့လူမှ ဆိုတော့ အသည်းနာလှ သကွာ။ ရေးလိုက်စမ်း လူလေးရာ တို့ ဖွတ်ကျားငမွဲ ဖိုး
သုညတွေလည်း လွှတ်တော်ကို တိုက်ရိုက်ကြည့်ချင်တယ်လို့ ။




'ရေးလိုက်စမ်း လူလေးရာ ' ဆိုတာတော့ ကျုပ်သဘောကျသဗျာ။သူ့ စိတ်ထဲ ကျုပ်ရေးလိုက်တာနဲ့ သက်ဆိုင်ရာ
တွေကနေ ပျာပျာသလဲ  လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေကို မူရင်းအသံနဲ့ အခမဲ့ ချက်ချင်း လွှင့်ပေးမယ် ထင်
သလား မသိဘူးဗျ။



ဗဂျီး ရေ။ဗဂျီးတို့ က သုညလူတန်းစားဆိုတော့ ဗဂျီးတို့ နဲ့ ထိုက်ထိုက်တန်တန်ပဲ 'ချနယ်' တစ်ခု စီစဉ်ထားပါတယ်။
အဲဒါကတော့" ချနယ် ဇီးရိုး' (Channel 0) ပါပဲ ဗဂျီးရေ။ (စိတ်ထဲက ပြောလိုက်မိတာပါ)




ကွက်ကျားမိုး

ဒါနဲ့ ဗဂျီး စိတ်ပြေပါစေတော့ ဆိုပြီး ကျုပ်က စကားလွှဲပြောလိုက်တယ်။
"ကျွန်တော် ဒီမလာခင် ကိစ္စတစ်ခုနဲ့ ရုံးတွေ အနှံ့  ရောက်ခဲ့တယ် ဗဂျီးရ၊လ.၀.က ရုံး၊အခွန်ရုံး၊ ပတ်စပို့ ရုံး အစုံ
ရောက်ခဲ့တာ ဗဂျီး ရေ အဂတိ လုံးဝ ကင်းပြီးတော့ ၀န်ဆောင်မှု အပြည့်နဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်ကုန်ပြီဗျ။
ခေတ်ပြောင်းသွားတာမှ သိသိသာသာကြီးပဲ၊ဗဂျီး  တို့ ဆီမှာလည်း ပြောင်းရောပေါ့'



"ဘာကွ " (ဗဂျီး အသံကြောင့် ကျုပ်တောင် လန့် သွားတယ်ဗျ။အကြောင်းအရာ ပြောင်းပါမှ ပိုဆိုးသွားပြီဗျ)"
ခေတ်ပြောင်းပြီ ဟုတ်လား၊ မင်းတို့ ပဲ ခေတ်ပြောင်းနေ၊မင်းတို့ ရန်ကုန်မှာပဲ ပြောင်းနေ၊နေပြည်တော် မှာပဲ ပြောင်း
နေ၊တို့ ဆီမှာတော့ကွာ၊ မင်း တွေသာဆယ်ခါမက ပြောင်းသွားမယ် ဗြောင်တောင်း ဗြောင်စားပါပဲကွာ၊ဘယ်လောက်
ကျတယ်ဆိုတာ လာသေးတယ်၊နောက်ဆို ဘောက်ချာတောင် ဖြတ်ပေးလိုက်ဦးမယ်"



" ဟာ..ဗဂျီးကလည်း တစ်နေ့ က သတင်းစာထဲမှာ 'လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေမူကြမ်း' ဆိုတာ
ပါလာတယ်လေ။ ဗဂျီး မတွေ့ ဘူးလား။



(ဗဂျီးက သတင်းစာ အမြဲဖတ်ပါသည်)" တွေ့ လို့ ခက်နေတာပေါ့ ငါ့လူ၊အဲဒီ ဥပဒေထဲမှာ မင်းမတွေ့ ဘူးလား၊
မခိုင်လုံပဲ တိုင်ရင် ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ်တဲ့လေကွာ၊လာဘ်စားတယ်ဆိုမှတော့ ခိုင်လုံတဲ့ အထောက်အထား
တွေနဲ့ လူသိရှင်ကြားစားတယ်လို့ ဘယ်ရှိပါ့မလဲ၊လူမသိ သူမသိ မမြင်ကွယ်ရာမှာ ပွဲစားတွေ အဆင့်ဆင့် ခံပြီးမှ
ကိုယ်ယောင်ဖျောက်ပြီးမှ စားတာကွ၊စားလာတဲ့ သက်တမ်းကလည်း အံ့တိုနေပြီ။မင်းတို့  ဥပဒေထွက်တဲ့အချိန်
သူတို့ နာမည်နဲ့ ပိုင်တာ တစ်ကျပ်ဖိုးရှိရင် ငါ့လည်ပင်း လာဖြတ်လှည့်၊အခုကြည့်လေ ပြည်သူပိုင် အသိမ်းခံထားရ
တဲ့ မြေတွေ အဆောက်အဦးတွေနဲ့ ပက်သက်ပြီး ဆိုင်ရာဆိုင်ရာ လူကြီးတွေနဲ့ ပေါင်းပြီး ပွဲစားတွေ ဈေးခေါ်နေကြ
တာ၊ ပြန်ရဖို့ သိန်းငါးထောင်တို့ သိန်းတစ်သောင်းတို့ မောင်ရေ၊မခိုင်လုံပဲ တိုင်ရင် ထောင် ၅ နှစ်နဲ့ ငွေဒဏ်ဆိုတော့
တိုင်ချင်ရင် ဦးစံရှားလို စုံထောက် ဆယ်ယောက်လောက် ဌားတာတောင် မလောက်ငှ ဘူးဟ၊ သူ့ ၅ နှစ်က
မသေချာဘူး။ကိုယ့်၅ နှစ်က ကျိန်းသေပဲဟေ့"




ပြိုင်တူ မတွန်းမီ

ဗဂျီးက အရှိန်တက်လာတော့ ကျုပ်က စကား ပြောင်းရပြန်ရောဗျ။" ဗဂျီးရေ သမ္မတကြီး ပြောသလို ပြိုင်တူ
တွန်းလို့ ကတော့ ရွေ့ ပြီပဲဗျ"


ဟိုက်၊မှားပြန်ပြီ ထင်တယ်။
ဘာလို့ လဲ ဆိုတော့ ဗဂျီးက ပြုံးပြုံးကြီး ကြည့်နေပြန်တာကိုး။ခေါင်းတညိတ်ညိတ်နဲ့ မေးတယ်ဗျ။


" ပြိုင်တူတော့ ဟုတ်ပါပြီ ငါ့လူရာ၊ဘယ်ဘက် တွန်းကြမှာလဲ"

ကျုပ်က ကြောင်သွားပြီး မေးရတယ်။" တစ်ဖက်တည်း တွန်းမှာပေါ့ ဗဂျီးကလည်း"။

" အဲဒီ တဘက်တည်း ဆိုတာကို မေးတာ ကောင်ရ ဘယ်ဘက်လဲလို့ "

ကျုပ်ကလည်း အညံ့ မခံပဲ ဖြေလိုက်တာပေါ့။" အခြေခံ ဥပဒေ ပြဌန်းတဲ့ အတိုင်းသွားရမှာပေါ့ ဗဂျီးရ"

" အဲဒါ ပြောတာကွ၊အခြေခံ ဥပဒေကို အရင် ညှိကြဦး၊ဘယ်ဘက်တွန်းကြမယ်ဆိုတာ အရင်ညှိကြဦး၊တော်ကြာ
တောင်တစ်ယောက် မြောက်တစ်ယောက် ပြိုင်တူ တွန်းနေရင် အချိန်ကုန်ရုံပဲ ရှိမယ် ဘယ်တော့ ရွေ့ မှာလဲကွာ"


"ဟုတ်ပ ဗဂျီးရာ၊ဒါထက် ဗဂျီးတို့ ရွာမှာ 'အခြေခံဥပဒေ' စာအုပ်ဖတ်ဖူးတဲ့လူ ဘယ်နှစ်ယောက်ရှိလဲဗျ"


" ဖွီ၊ တစ်ယောက်မှ စာအုပ်တောင် မမြင်ဖူးဘူး ကောင်ရ၊ငါတောင် ကွမ်းခြံရိုးက ဥက္ကဌဟောင်းဆီ ရောက်တုန်း
ဖတ်ကြည့်ရတာ၊ငါတို့ လို မမြင်ဖူးတဲ့ ရွာတွေ တစ်ပုံကြီး မင်းမယုံရင် မေးကြည့်လကွာ၊ဒီလို အခြေခံဥပဒေစာအုပ်
တောင် မမြင်ဖူးတဲ့ လူတွေက ဘယ်ဘက်ကို ရွေ့ အောင် တွန်းရမယ်ဆိုတာ သိပါ့မလားဟ"



"ဟုတ်တာပေါ့ ဗဂျီးရာ၊ဒါဆို ဘယ်လို လုပ်ရင် ကောင်းမှာတဲ့တုံး"



"မြို့ ပေါ်နေတဲ့ ဂျာနယ်သမားက ရွာမှာနေတဲ့ တောင်သူဦးကြီးကို ဘာလုပ်ရရင် ကောင်းမှာလဲမေးတော့ မင့်စကား
အတိုင်း အံ့သြလွန်းလို့  သေတော့မှာပဲ။မင်းလုပ်ရမှာက အခြေခံဥပဒေကို သိမသိ တခြားဒေသတွေမှာ မေးကြည့်။
မသိသေးရင် နည်းပေါင်းစုံနဲ့  သိအောင် လုပ်ပေးဖို့ ကြံပေါ့ကွာ"




သုတနွမ်းပါးမှု ပပျောက်ရေး

ဒီလိုနဲ့ မိတ္ထီလာ တောမရွာအတွက် ဦးခင်မောင်လတ်၊သာစည် ညောင်တို ရွာတွေအတွက် တရားရုံးချုပ် ရှေ့ နေ
ဦးအောင်ငွေ၊သာစည်  မြို့ ပေါ်အတွက် ရှေ့ နေ ဦးမြင့်ဌေး၊မိတ္ထီလာ မြို့ ပေါ်အတွက် ဦးခင်မောင်ထွေး၊ရန်ကုန်မြို့ 
အတွက် ကျုပ်ကိုယ်တိုင် ပြည်သူတွေ အခြေခံ ဥပဒေ နဲ့ ပက်သက်ပြီး ဘယ်လောက်နားလည်ထားသလဲ သုတေ
သန လုပ်ကြပါတယ်။



လူ ၁၀၀ ရဲ့ နာမည်တွေ၊အသက်၊အတန်းပညာက အစ စနစ်တကျ စာရင်းရှိပေမယ့် အကျဉ်းချုံးပြီးတော့ပဲ ရေးပြရ
ရင်တော့ စိတ်ဓာတ်ကျစရာပဲဗျ။မေးသမျှ တရားသူကြီးတွေကတော့ ဖတ်ဖူးတယ် ပြောကြပါတယ်။ရှေ့ နေ ၂၅ %
၊ပြည်သူ ရဲ့ ဝ %၊ကျောင်းဆရာ  ဆရာမ ၀%၊ကျောင်းသားဝ%၊ရုံးသူရုံးသား ၀%၊ဆရာဝန် ၂၀ % ဖတ်ဖူးတယ်
ပြောကြပါတယ်။




ကျုပ်ကိုယ်တိုင် အမျိုးသမီးတစ်ယောက်ကို အခြေခံဥပဒေ စာအုပ်ကို ဖတ်ဖူးလား မေးတော့ ဘယ်လို တုံ့ ပြန်လဲ
ဆိုတာသာ ကြည့်ပေတော့။သူက မျက်နှာပျက်သွားပြီး"မလုပ်ပါနဲ့ ရှင်၊ကျမတို့ မိသားစုက ရိုးရိုးသားသားတွေပါ။
နိုင်ငံရေး ကင်းရှင်းပါတယ်" တဲ့။ ပြောပြီး ပြေးရောဗျာ။နောက်တွေ့ လို့ နှုတ်ဆက်ရင် ကံကောင်း။



မဖတ်ဖူးရင်၊မမြင်ဖူးရင်လည်း ရှိစေတော့ အခြေခံဥပဒေ ဆိုတာ ဘာလဲလို့ ဇွတ်အတင်း လိုက်မေးတော့ ခြောက်ဦး
ပဲ အဆီအငေါ် တည့်အောင် ဖြေနိုင်ပြီးတော့ ကျန်တဲ့လူတွေက အခုလို တလွဲတွေ ဖြေကြပါတယ်။



လူ ၁၀၀ မှာ ၉၀ ကျော်က မဖတ်ဖူး၊မမြင်ဖူးဘူး။ စာအုပ်ကလည်း စာပေဗိမာန်က အစ ၀ယ်လို့ မရဘူး။သုတ နွမ်းပါး
မှုက ကြောက်စရာ အကောင်းဆုံးပဲ။ငွေ၊စားစရာ နွမ်းပါးတာက သူတစ်ယောက်တည်း ဒုက္ခရောက်မှာ။သုတနွမ်းပါး
တာက ပတ်ဝန်းကျင် တစ်ခုလုံး တစ်နိုင်ငံ လုံး ဒုက္ခရောက်မှာ။ ဒါကြောင့် စားစရာ လှူသလို သုတ အတွက်လည်း
လှူကြပါ။



၂၀၀၈ အခြေခံဥပဒေကို အသက်သာဆုံး စက္ကူ နဲ့ ရိုက်နှိပ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာနက တစ်အိမ် တစ်အုပ်နှုန်း
လောက်နဲ့ အခမဲ့  ဝေစေ ချင်ပါတယ်။ တစ်သက်လုံး စာမဖတ်ဘူး ဆုံးဖြတ်ထားရင်တောင် အခြေခံဥပဒေ ကိုတော့
ဖတ်သင့်ပါတယ်။ ပြီးရင် ကာလခြားသွားပြီ ဖြစ်တဲ့ အခြေခံဥပဒေထဲက ကိုယ်ပြင်ချင်တာတွေ ဆွေးနွေးရပါမယ်။
အများသဘောတူပြီး အများကျေနပ်တဲ့ အခြေခံဥပဒေဟာ "ဘယ်ဘက်ကို ပြိုင်တူ တွန်းမှာလဲ"ဆိုတာ ညွှန်ပြ
ပါလိမ့်မယ်။ တစ်ဖက်တည်းကို ဦးတည်ပြီး ပြိုင်တူ တွန်းရင် ရွေ့ ပါလိမ့်မယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့