Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 August 2012

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် သြဂုတ်လ အတွင်း ပုဂ္ဂလိကသို့ တင်ဒါ ခေါ်ယူ သွားမည်



ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များ ၀င်ရောက် လုပ်ကိုင် နိုင်ဖို့ တင်ဒါများ ခေါ်ယူမှုကို လာမယ့် သြဂုတ်လ အတွင်း
ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို တင်ဒါခေါ်ယူ ရာမှာ ပြည်တွင်း လုပ်ငန်းရှင်တွေ သာမကဘဲ ပြည်ပ လုပ်ငန်းရှင် တွေကိုပါ ခေါ်ယူမှာ ဖြစ်ပြီး တင်ဒါ ခေါ်ယူ ထားတဲ့ လုပ်ငန်းရှင် များကို စိစစ်ရွေးချယ်ရေး အဖွဲ့ ဖွဲ့စည်းကာ ရွေးချယ် သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် မှာတော့ တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီတွေကို အောက်တိုဘာလ အတွင်းမှာ အတည်ပြု ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်း ဆောင်ရွက်မှု ကိုတော့ ၂၀၁၃ ခုနှစ်မှ စတင်ကာ ၂၀၁၅ ခုနှစ်အထိ သုံးနှစ် စီမံကိန်းချကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ပုဂ္ဂလိက ကဏ္ဍမှ ပါဝင် ဆောင်ရွက် နိုင်အောင် လျာထားတဲ့ လုပ်ငန်းများ ကတော့ ရန်ကုန် ဆိပ်ကမ်း လမ်းမတော် နယ်မြေ  ရွာသစ်ချောင်းနဲ့ စဥ့်အိုးတန်း ကြားမှာ နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသွား ဆိပ်ကမ်း များအဖြစ် ပြုပြင် ပြောင်းလဲ တည်ဆောက်ခြင်း၊ နောက်ခံမြေ ဧရိယာပေါ်မှာ ခေတ်မီ စီးပွားရေး အဆောက်အအုံ များ တည်ဆောက်ခြင်းနဲ့ ဆူးလေ ဆိပ်ကမ်း တံတား အမှတ် ၁ မှ ၄ အထိ အပြည်ပြည် ဆိုင်ရာ ကုန်သေတ္တာနဲ့ အထွေထွေ ကုန်စည် သင်္ဘောကြီးများ ဆိုက်ကပ် နိုင်တဲ့ ဆိပ်ကမ်း အဖြစ် အဆင့်မြင့်တင် ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆိပ်ကမ်းများမှာ ကုန်ကိုင်တွယ် ကိရိယာများ တပ်ဆင်ခြင်း၊ နောက်ခံမြေ ပေါ်မှာ ဆိပ်ကမ်း ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းနဲ့ ဗိုလ်တထောင် ဆိပ်ကမ်း နယ်မြေကို အဆင့်မြင့်တင် ရာမှာ ကမ်းနဖူး စားသောက် ဆိုင်တန်းများ၊ လေဟာပြင် ညဆိုင်တန်းများ၊ ဖျော်ဖြေရေး စင်မြင့်များ စတာတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းဆိုးတန်း၊ နန်းသီတာ ဆိပ်ကမ်း နယ်မြေ ကိုလည်း အဆင့်မြှင့်တင် တည်ဆောက်မှု များပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒလ-ပန်းဆိုးတန်း ခရီးသည်တင် ဆိပ်ခံဘော တံတားနဲ့ ဆက်စပ် နယ်မြေတွေ မှာလည်း အဆင့်မြှင့် ဟိုတယ်များ၊ မရီနာ ကလပ်များနဲ့ ရုံးခန်းများ ကိုလည်း ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့