Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 27 August 2012

သတင်းတိုများ


၂၀၁၃ ခုနှစ် တက္ကသိုလ်စာမေးပွဲ လျှောက်လွှာ ပုံစံများကို စက်တင်ဘာ ၃ ရက်နေ့တွင် စတင်ဝယ်ယူ နိုင်ပြီ

၂၀၁၃ ခုနှစ် တက္ကသိုလ် စာမေးပွဲ ၀င်ရောက် ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူများ အတွက် တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာ ပုံစံများကို မြန်မာနိုင်ငံ
စာစစ် အဖွဲ့ရုံးမှာ လာမယ့် စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး သတ်မှတ် ထားသော နှုန်းထား အတိုင်း ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲ ၀င်ခွင့် လျှောက်လွှာ တင်သွင်း ရာမှာ ဘာသာတွဲ အမှတ်စဉ် ၁ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ များဖြင့် ဖြေဆိုမယ့် သူတွေ အတွက် အစိမ်းရောင် ၀င်ခွင့် လျှောက်လွှာနဲ့ ကဒ်ပြား ပုံစံ၊ ဘာသာတွဲ အမှတ်စဉ် ၂ ၊ ၃ ၊ ၄ များနဲ့ ဖြေဆိုမယ့် သူတွေ အတွက် ပန်းရောင်ဝင်ခွင့် လျှောက်လွှာနဲ့ ကဒ်ပြား ပုံစံတို့ကို တင်သွင်းဖို့ အရောင် နှစ်မျိုး သတ်မှတ်ကာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ပြင်ပမှ တက္ကသိုလ် ၀င်တန်းကို ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ များရဲ့ စာမေးပွဲ ၀င်ကြေးကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး ရုံးများမှာ စာမေးပွဲ ၀င်ကြေး အတွက် ကျသင့်ငွေ သွင်းရန် တံဆိပ်ခေါင်းများ ၀ယ်ယူပြီး မိမိတို့ နေထိုင်တဲ့ မြို့နယ် ပညာရေးမှူး ရုံးများမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၃ ရက်မှ ၂၈ ရက်အတွင်း တင်သွင်းကြရမှာ ဖြစ်ပါတယ်။ အခြေခံပညာ အထက်တန်း ကျောင်းများ၊ ကျောင်းခွဲများနဲ့ တွဲဖက် ကျောင်းများမှ တဆင့် ဖြေဆိုဖို့ လျှောက်လွှာ တင်သွင်းမယ့် ကျောင်းသား၊ ကျောင်းသူများရဲ့ စာမေးပွဲဝင်ကြေး ကိုတော့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ် အဖွဲ့ရုံးသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၁၂ ရက်အတွင်း သတ်မှတ်ရက် အမီ တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲ ၀င်ရောက် ဖြေဆိုဖို့ လျှောက်လွှာ ပုံစံများနဲ့ ငွေသွင်း တံဆိပ်ခေါင်း များကို နေပြည်တော် ရုံးအမှတ် ၅၂ မြန်မာနိုင်ငံ စာစစ် အဖွဲ့ ရုံးချုပ်နဲ့ ရန်ကုန်မြို့၊ လှိုင်မြို့နယ် လှိုင်တက္ကသိုလ် ဇွဲကပင် ဆောင်တို့မှာ လာရောက် ၀ယ်ယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတ်မှတ် ရက်များ အတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူများဟာ ၂၀၁၃ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် ရရှိမှာ မဟုတ်ကြောင်းနဲ့ စာဖြေသူ တင်သွင်းတဲ့ စာမေးပွဲ ၀င်ခွင့် လျှောက်လွှာနဲ့ ကဒ်ပြားမှာ ဖော်ပြပါရှိတဲ့ ဘာသာတွဲ ကလွဲပြီး အခြား ဘာသာတွဲတွေကို ပြောင်းလဲ ဖြေဆိုခွင့်ပြုမှာ မဟုတ်ဘူးလို့ သတင်း ရရှိပါတယ်။

ပဲခူးရေဘေးသင့် သူများအား ၅၄ သိန်းဖိုးရှိ စားသောက်ကုန်နှင့် အသုံးအဆောင်များ လှူဒါန်း

ပဲခူးတိုင်း ဒေသကြီး က၀မြို့နယ်၊ ရစ်ကန်ကြီး ကျေးရွာနဲ့ ခမဲပြင် တို့မှာရှိတဲ့ ရေဘေးသင့် သူတွေကို E Lite Tech it Service Co., Ltd နဲ့ ကိုယ်စားလှယ်များ
ပူးပေါင်းပြီး ကျပ် ၅၄ သိန်း တန်ဖိုးရှိတဲ့ စားသောက်ကုန်နဲ့ အသုံးအဆောင် တွေကို သြဂုတ်လ ၂၅ ရက်နေ့က သွားရောက် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လှူဒါန်းရာမှာ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆန်၊ ဓါတ်ဆား အစရှိတာတွေ သာမက စောင်၊ အင်္ကျီ၊ ဇလုံ၊ ဇွန်းအစ ရှိတာတွေကိုပါ လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။

အခုလို သွားရောက် လှူဒါန်း ခဲ့တဲ့ က၀မြို့နယ်မှာ အိမ်ထောင်စု ၁၁၅ စုနဲ့ ရစ်ကန်ကြီး ကျေးရွာမှာ ၃၈၂ စု၊ ခမဲပြင်ကျေးရွာမှာ အိမ်ထောင်စု ၄၈ စုရှိပြီး အိမ်ထောင်စု ၁ စုမှာ အနည်းဆုံး လူ ၅ ဦးခန့် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲခူးတိုင်း ဒေသကြီး အတွင်း နေထိုင်သူ တွေဟာ လက်လုပ် လက်စား လုပ်ကိုင် စားသောက် သူတွေနဲ့ လယ်ယာ စိုက်ပျိုးသူတွေ ဖြစ်တာကြောင့် အခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး လယ်ကွင်း တွေလည်း ထိခိုက် ပျက်စီးတဲ့ အခါ အလုပ်အကိုင် ကိစ္စရပ်တွေ မှာလည်း အခက်အခဲ လိုအပ်ချက်တွေ ရှိနေတယ်လို့ သတင်း ရရှိပါတယ်။

လာမည့်နှစ် ဖေဖေါ်ဝါရီလတွင် သပြေ၀ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်းအား စတင် ဆောင်ရွက်ရန်ရှိ

မိတ္ထီလာနဲ့ ပဲခူးကြားရှိ ၅၀၀ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်မှုကို အပိုင်း ၃ ပိုင်းနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားပြီး အပိုင်း ၁ ဖြစ်တဲ့ သပြေ၀ မိတ္ထီလာ-တောင်ငူ
ဓာတ်အားလိုင်း ကိုတော့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ တည်ဆောက်ရေး လုပ်ငန်းများ စတင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ သပြေ၀ မိတ္ထီလာ-တောင်ငူ ဓာတ်အား လိုင်းဟာ အရှည်အားဖြင့် ၁၄၆ မိုင်ရှိပြီး ဓာတ်အားလိုင်း ပစ္စည်းများကို ဆားဗီးယား နိုင်ငံမှ ၀ယ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ သပြေ၀ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်းကို ၅၀၀ ကေဗွီ ဓာတ်အားလိုင်း စနစ် တည်ဆောက်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၁၁၆ ဒဿမ ၃၂ သန်းခန့် ကုန်ကျမှာဖြစ်ပြီး အဲ့ဒီကုန်ကျငွေကို အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကုန်ကျခံ တည်ဆောက် သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ အပိုင်း ၁ ဖြစ်တဲ့ သပြေ၀ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်းကို ၅၀၀ ကေဗွီ ဓာတ်အားလိုင်း စနစ် တည်ဆောက်ဖို့ အတွက် အခုလက်ရှိ ဆားဗီးယား နိုင်ငံမှ ဒီဇိုင်းစတင် ရေးဆွဲ နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အပိုင်း ၁ သပြေ၀ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်း ဆောက်လုပ်ဖို့ အတွက် တည်ဆောက်ချိန်ဟာ နှစ်နှစ်ခန့် ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ အခု ပြည်တွင်းမှာ တိုးချဲ့ ပြုလုပ်မယ့် ၅၀၀ ကေဗွီ မဟာဓာတ်အားလိုင်း ဆောင်ရွက်မှုတွေကို ၂၀၀၂ ခုနှစ်မှာ ကိုရီးယား သမ္မတနိုင်ငံ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ KOICA ရဲ့အထောက်အပံ့နဲ့ ကိုရီးယား လျှပ်စစ်ဓာတ်အားပေးရေး ကုမ္ပဏီ တစ်ခုက အင်ဂျင်နီယာ ပညာရှင်များနဲ့ မြန်မာအင်ဂျင်နီယာများ ပူးပေါင်းကာ ၅၀၀ ကေဗွီဓာတ်အား စနစ်ဖြစ်မြောက် နိုင်စွမ်း လေ့လာခြင်းကို နှစ်နှစ်ကြာ ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



ဆက်သွယ်ရေးနှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အဖွဲ့အစည်း ၁၁ ခုကို ပဏာမ ရွေးချယ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရဲ့ ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ
ဆောင်ရွက်ဖို့ အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါခေါ်ယူ ထားရာမှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၁၁ ခုကို ပမာဏ ရွေးချယ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပမာဏ ရွေးချယ်ထားရာတဲ့ အဖွဲ့အစည်း ၁၁ ခုဟာ ပြည်တွင်း အဖွဲ့အစည်းများ သာမက ပြည်ပက အဖွဲ့အစည်း တွေလည်း ပါဝင်တာ ဖြစ်ပါတယ်။

အခုလို ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တင်ဒါ ခေါ်ယူခဲ့ရာမှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၆၄ ခုရှိခဲ့ပြီး အဲ့ဒီအထဲကမှ အဖွဲ့အစည်း ၁၁ ခုကို ပဏာမ အနေနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ် ထားတဲ့ အဖွဲ့အစည်း ၁၁ ခုထဲကမှ International Telecomunication Union (ITU) မှချမှတ် ထားတဲ့ စည်းကမ်းချက်တွေ အတိုင်း အမှတ်ပေး စနစ်နဲ့ အဆင့်ဆင့် ထပ်မံရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ အခုလို အဖွဲ့အစည်း တွေကို ရွေးချယ် တာဟာ ပြည်တွင်းရဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာ စံညွန်းနဲ့ ကိုက်ညီပြီး ဈေးနှုန်း ချိုသာစွာနဲ့ ပွင့်လင်း မြင်သာပြီး ယှဉ်ပြိုင်မှုရှိတဲ့ ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

အထည်ချုပ် လုပ်ငန်းရှင်များ၏ အခက်အခဲ ကိစ္စရပ်များအား မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်း

သြဂုတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းနဲ့ အဆိုပါ အသင်းဝင်အဖြစ် ပါဝင်ထားတဲ့ အထည်ချုပ် စက်ရုံပိုင်ရှင် တွေဟာ
မီဒီယာများနဲ့ တွေ့ဆုံပြီး အခက်အခဲ တွေကို ရှင်းလင်း ပြောကြားမှုကို UMFCCI မှာပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ဆုံ ရှင်းလင်းပွဲမှာ ပြည်တွင်းရဲ့ အထည်ချုပ် လုပ်ငန်း အတွေ့အကြုံများ၊ ဈေးကွက် အတွင်း ရင်ဆိုင်နေရတဲ့ ပြဿနာ များနဲ့ပတ်သက်ပြီး မီဒီယာ သမားတွေကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြောကြားရာမှာ အလုပ်ရှင်၊ အလုပ်သမားကြားရှိ ပြဿနာတွေ ကိုလည်း နှစ်ဦးနှစ်ဖက် ညှိနှိုင်း နားလည် နိုင်ဖို့ ရှင်းလင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုံ ရှင်းလင်းပွဲမှာ ပြောကြားချက် အရ အထည်ချုပ် လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်သားတွေကို အချိန်ပိုဆင်း စေတဲ့အခါ လုပ်သားတွေရဲ့ ဆန္ဒအလျောက်သာ ဆင်းစေပြီး အလုပ်ချိန် တွေကိုလည်း ညှိနှိုင်းပေး ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်းတွေ အတွင်း ကျွမ်းကျင် လုပ်သားတွေ ပေါ်ထွက် လာစေဖို့ အတွက် မိမိတို့စက်ရုံ လုပ်သားတွေကို သင်တန်း သင်ကြား ပေးမှုတွေ ရှိပေမယ့် အဆိုပါ သင်တန်းတွေ ပြီးဆုံးသွားတဲ့ အခါ အခြားနေရာ တွေကို ကူးပြောင်း လုပ်ကိုင် သွားကြ တာကြောင့် ဖြစ်ပေါ်လာရတဲ့ ဆုံးရှုံးမှု၊ လုပ်သား မတည်မြဲမှုတွေကြောင့် ဖြစ်ပေါ် လာရတဲ့ ဆုံးရှုံးမှုတွေ ကိုလည်း မီဒီယာတွေထံ ရှင်းလင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အထည်ချုပ် လုပ်ငန်းရှင်တွေ အနေနဲ့ အခုလို တွေ့ဆုံ ရှင်းလင်း ပွဲပြုလုပ် ရတာဟာ အထည်ချုပ် စက်ရုံများရဲ့ အကျိုးစီးပွား ပိုမိုဖွံ့ဖြိုး တိုးတက် လာနိုင်ဖို့နဲ့ အလုပ်သမားများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုမှာ အထောက်အကူပြုနိုင်ဖို့ အတွက်လည်း ရည်ရွယ်ပြီး အဆိုပါ ဆွေးနွေးပွဲကို ပြုလုပ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ITPEC စာမေးပွဲအား ၁၄ ကြိမ်မြောက် ပြုလုပ် ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ကြီးမှူး ကျင်းပတဲ့ ITPEC စာမေးပွဲကို လာမယ့် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ၁၄ ကြိမ်မြောက် အဖြစ် ကျင်းပ
သွားမယ်လို့ သိရပါတယ်။ ဒီလိုကျင်းပ ရာမှာ ITPEC စာမေးပွဲရဲ့ အမျိုးအစား ၃ မျိုးဖြစ်တဲ့ FE Fundamental IT Engineer Examination ၊ IP (IT) Passport Examination နဲ့ (AP) Applied IT Engineer Examination စာမေးပွဲတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

အဲ့ဒီ စာမေးပွဲတွေကို ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းပြီးသွားသူတွေ အနေနဲ့ လုပ်ငန်းခွင် အတွက် အတွေ့ကြုံနဲ့ အချိတ်အဆက် မိစေဖို့ရည်ရွယ်ပြီး အခုလို အသိအမှတ်ပြု စာပေးပွဲတွေကို ကွန်ပျူတာ အသင်းချုပ်မှ ကျင်းပပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ကျင်းပမယ့် စာမေးပွဲကို ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနဲ့ အိုင်တီဘာသာ ရပ်ကို စိတ်ပါဝင်စားသူတိုင်း ၀င်ရောက် ဖြေဆို နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ စာမေးပွဲကို ၀င်ရောက် ဖြေဆိုနိုင်ဖို့ စာမေးပွဲကြေး ပေးသွင်းဖို့လိုအပ်ပြီး ဒီလိုပေးသွင်း ရာမှာတော့ FE နဲ့ AP ဘာသာရပ်တို့ အတွက် ကျပ် တစ်သောင်း၊ IP ဘာသာရပ် အတွက် ကျပ် ငါးထောင် ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒီလို စာမေးပွဲကြေး ပေးသွင်းပြီး စာရင်းပေးမှုကို ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ အသင်းချုပ်နဲ့ ကွန်ပျူတာ ပညာရှင် အသင်းမှာ သာမက အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး တွေမှာရှိတဲ့ အသင်းခွဲ ရုံးတွေမှာ ဆက်သွယ်စာရင်း ပေးသွင်း နိုင်တယ်လို့ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံတော်၏ ဘတ်ဂျက်ငွေကို မှီခို အသုံးမပြုသည့် ကော်ပိုရေးရှင်း အဖွဲ့အစည်း အဖြစ် ပြောင်းလဲ ဆောင်ရွက်မည်

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်ငွေကို မှီခို အသုံးမပြုတဲ့
ကော်ပိုရေးရှင်း အဖွဲ့အစည်း အဖြစ် ပြောင်းလဲ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သြဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ MICT မှာ ပြုလုပ်ခဲ့တဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက် နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပြောင်းလဲ ဆောင်ရွက်မှုဟာ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန အနေနဲ့ ယခင်က ၀န်ကြီး ဌာနမှ ဆောက်ရွက် မရတဲ့ ဌာနများနဲ့ ဆောင်ရွက်ပုံ များကို နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြောင်းလဲတဲ့ ပုံစံ Reform Plan အစီအစဉ်အရ ၀န်ကြီးဌာနကို Joint Venture ပုံစံအဖြစ် ဆောင်ရွက်မယ့် ၀န်ဆောင်မှု ပုံစံအသစ် အရ ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာနအောက်မှာ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အစရှိတဲ့ အဓိက အဖွဲ့ ၃ ဖွဲ့ကို ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေနဲ့တော့ ဆက်သွယ်ရေး ဆိုင်ရာများ၊ အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး အဖွဲ့အစည်း ဆိုင်ရာများ အစရှိတာတွေ ဆောင်ရွက်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ၊ အော်တို တယ်လီဖုန်း၊ မိုဘိုင်းဖုန်း ၀န်ဆောင်မှုများ အစရှိတာတွေ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီ အနေနဲ့ မိုင်ဘိုင်ဖုန်း တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းနဲ့ အခြား ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း အစရှိတာ တွေကို ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Reform Plan ဖြစ်တဲ့ Joint Venture မှာတော့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ ဥပဒေ၊ နည်းဥပဒေ အသစ်ပြဋ္ဌာန်းချက်များ အတိုင်း ပါဝင် ဆောင်ရွက်မယ့် MPT၊ ရတနာပုံ တယ်လီပို့နဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများအား နိုင်ငံတော်ကို အခွန်အခများ ပြည့်ဝစွာ ပေးဆောင်ရန် အတွက် ကြီးကြပ်မှု လုပ်ငန်း ကိုသာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အောက်မှာရှိတဲ့ Mobile Department, Auto Telephone Department, MPT Internet Network နဲ့ Myanmar Posts Co တို့ကို ပြည်တွင်း ပြည်ပ ကုမ္ပဏီများနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြောင်းလဲ ဖွဲ့စည်း လိုက်တဲ့ ပုံစံအရ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်ရေး ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ပြည်တွင်းမှ ကျောင်းသားများ တက်ရောက် နိုင်မည့် SAP Software သင်တန်း

စင်္ကာပူနိုင်ငံ၊ လိုက်သမ်းဟော သင်တန်းကျောင်းမှ ဖွင့်လှစ်တဲ့ SAP Software သင်တန်းကို ပြည်တွင်းမှ ကျောင်းသားတွေ တက်ရောက်နိုင်ပြီး တက်ရောက်
လိုသူတွေဟာ အခု သြဂုတ်လနဲ့ လာမယ့် နိုဝင်ဘာလတို့မှာ စာရင်းပေးသွင်း နိုင်တယ်လို့သိရပါတယ်။ အဆိုပါ SAP Software ကို နိုင်ငံပေါင်း ၁၂၀ ကျော်မှ ကုမ္ပဏီပေါင်း ၂၀၀၀ ကျော်က အသုံးပြုလျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ Software ဟာ အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ငန်းတိုင်းနဲ့ ဆောင်ရွက်မှု တိုင်းမှာ အသုံးပြုနိုင်တဲ့ အတွက် ERP စနစ်မှာလည်း အသုံးပြုမှု အများဆုံး Software ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ERP စနစ်ကို Customer Relatonship Management ၊Chain & Vender Management Projects and HR Management ၊ Finance and Accounting အစရှိတဲ့ နယ်ပယ် တွေမှာလည်း အသုံးပြု နိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် စင်္ကာပူ နိုင်ငံမှာ SAP စနစ်နဲ့ သင်ကြားတဲ့ Master of Business ဘာသာရပ် ကိုလည်း အဆိုပါ လိုက်သမ်းဟော သင်တန်း ကျောင်းမှာ တက်ရောက် နိုင်တာဖြစ်ပြီး လျှောက်ထားလို သူတွေ အနေနဲ့ ဘက်ချလာဒီဂရီ တစ်ခုခု ရှိရမယ့် အပြင် သက်ဆိုင်ရာ ဘာသာရပ် နယ်ပယ်မှာ လုပ်ငန်း အတွေ့အကြုံ ၂ နှစ် ရှိထားရမှာ ဖြစ်ပါတယ်။ အဲ့ဒီ သင်တန်းကို လျှောက်ထား လိုရင်တော့ ပြည်တွင်း မှာရှိတဲ့ KMD Computer Center နဲ့ချိတ်ဆက် လျှောက်ထား နိုင်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့