Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 16 November 2012

အခြေခံဥပဒေ ခုံရုံးဥပဒေကြမ်း ဖြည့်စွက်စာသားအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

နေပြည်တော်၊ နိုဝင်ဘာ ၁၅

ယနေ့ ပြုလုပ်သော ပြည်သူ့ လွှတ်တော် အစည်းအဝေး သို့ အမျိုးသား လွှတ်တော်က ပေးပို့ လာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဆိုင်ရာ ဥပဒေကြမ်း ပါ အသစ် ဖြည့်စွက် ရမည့် စာသားကို တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ် များနှင့် အရပ်သား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့က မတ်တတ် ရပ်ကာ ကန့်ကွက် ခဲ့ကြောင်း နေပြည်တော် The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။

အဆိုပါ စာသားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဆိုင်ရာ ဥပဒေကြမ်းပါ ပုဒ်မ-၁၂/ (ဇ) အောက်တွင် အသစ် ဖြည့်စွက် ရမည့် စာသား ဖြစ်သော မိမိတို့၏ လုပ်ငန်း တာဝန်များ၊ ဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ မိမိတို့အား ရွေးချယ်သည့် သက်ဆိုင်ရာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ (သို့မဟုတ်) အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ထံသို့ အသိပေး အစီရင် ခံခြင်းနှင့် ပတ်သက်သော စာသား ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ခုံရုံး ဆိုတာက လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက် အစီရင်ခံစရာ မလိုဘူး၊ အကယ်၍ အစီရင်ခံမယ် ဆိုရင် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ လက်အောက် ကို ရောက်သွားမှာ ဖြစ်တာကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်’’ ဟု ကန့်ကွက် ရာတွင် ပါဝင်သည့် သီပေါ မြို့နယ် အရပ်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဦးရဲထွန်းက ဆိုသည်။

ယနေ့တွင် ယင်းစာသားနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက သဘောတူ၊ မတူ ဆန္ဒ တောင်းခံ ခဲ့ရာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၀၁ ဦးနှင့် အရပ်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး တို့က ကန့်ကွက် ဆန္ဒမဲ ပေးခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ ပြုလုပ်သော ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ဆယ့်သုံးရက် မြောက် နေ့တွင် လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသူ ၄၂၉ ဦးတွင် ၃၈၀ ဦးတက်ရောက် ခဲ့ပြီး တက်ရောက်မှု ရာခိုင်နှုန်း ၈၈.၅၈ ရာခိုင်နှုန်း ရှိကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ကိုးဦး ခွင့်ဖြင့် ပျက်ကွက်ကြောင်း လွှတ်တော် ရောက် The Voice Weekly သတင်းထောက် က သတင်း ပေးပို့သည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့