Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 19 November 2012

သတင်းတိုများ


ရေချို သယံဇာတများကို ထိရောက်စွာ အသုံးချရန် လိုအပ်

နေပြည်တော်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဒုတိယ အကြိမ်မြောက် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်မှု ဖိုရမ် အခမ်းအနားမှာ ဒုတိယ သမ္မတ
ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ ပြောကြားချက် အရ ရေချို သယံဇာတ များကို အသုံးချရာမှာ အသုံးပြုသူတွေ အနေနဲ့ ထိထိရောက်ရောက် အသုံးချဖို့ လိုအပ် တယ်လို့ သိရပါတယ်။ ရေချို သယံဇာတ များကို ထိရောက်စွာ အသုံးမချ နိုင်ပါက ရေရှားမှုဟာ ပိုမိုပြင်းထန် လာမှာ ဖြစ်ပြီး နောက်ဆုံးမှာ အချို့နိုင်ငံများ အကြား ပဋိပက္ခများ ဖြစ်ပွားခြင်းကို ဦးတည် သွားစေ နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေး လုပ်ငန်းများ မြို့ပြများ၊ သန့်ရှင်းရေးနှင့် စက်မှု လုပ်ငန်းများ မှာလည်း ရေကို ထိရောက်စွာ အသုံးချ သင့်ပြီး အစိမ်းရောင် စီးပွားရေး ဖော်ဆောင်ရာ မှာလည်း ထည့်သွင်း စဉ်းစား သင့်တယ်လို့ သိရပါတယ်။ အခုလက်ရှိ ကမ္ဘာ့ လူဦးရေရဲ့ ၄၁ ရာခိုင်နှုန်းဟာ ရေရှားပါးတဲ့ ဒေသများမှာ နေထိုင်ကြရပြီး ၂၀ ရာခိုင်နှုန်း ကတော့ ရေကောင်း၊ ရေသန့် မရရှိကြဘူးလို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ လူဦးရေ တိုးပွားမှု ဟာလည်း လာမယ့် ၂၀၅၀ ခုနှစ်မှာ ၉ ဘီလီယံ အထိ ဖြစ်လာ လိမ့်မယ်လို့ ပညာရှင်တွေမှ ခန့်မှန်းထား ကြပါတယ်။ ဒီလို လူဦးရေ တိုးပွားလာ တာနဲ့အမျှ သဘာဝ သယံဇာတများ အသုံးချရာမှာ သိသာ ထင်ရှားတဲ့ အကျိုးဆက် တွေဖြစ်လာ နိုင်တဲ့ အတွက် သယံဇာတ များကို ထိရောက်စွာ အသုံးချဖို့ လိုအပ် တယ်လို့ သိရပါတယ်။


လက်နက်နှင့် ဆက်စပ် ပစ္စည်းများအား ကိုင်ဆောင်မှုအား ထိရောက်စွာ အရေးယူ သွားမည်

ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခများ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး လက်နက်နှင့် ဆက်စပ် ပစ္စည်း များကို ရှာဖွေ ဖော်ထုတ်ပြီး ကိုင်ဆောင်သူ၊ လက်ဝယ်ရှိသူ၊
ပတ်သက်မှု ရှိသူများကို သက်ဆိုင်ရာမှာ လာရောက် အပ်နှံဖို့ အမိန့်ထုတ်ပြန် ထားပါတယ်။ ဒီလို ဆောင်ရွက် မှုဟာ ဒေသတွင်း ဖြစ်ပွားလျက် ရှိတဲ့ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အတွက် ဆောင်ရွက်တာ ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ကာ တရားမ၀င် ကိုင်ဆောင်တဲ့ လက်နက်နဲ့ ဆက်စပ် ပစ္စည်းများကို နီးစပ်ရာ ရဲစခန်း လုံခြုံရေး အဖွဲ့များ ထံသို့ အပ်နှံမှုများ လုပ်ဆောင် စေခဲ့ပါတယ်။

ဒီလို လုပ်ဆောင်မှု တွေကြောင့် လှံ ၅၀၆ လက်၊ လေး ၁၁၂ လက်၊ မြှား ၆၁၁ ချောင်း၊ ဂျင်ကလိ ၁၄၀၈ ချောင်းရဲ့ လေးခွ ၃၉၈ လက်နဲ့ ဆက်စပ် ပစ္စည်းများကို လာရောက် အပ်နှံခံ တယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာ တစ်ချို့သော လက်နက်နှင့် ဆက်စပ် ပစ္စည်းများကို ကိုင်ဆောင် သူများ၊ လက်ဝယ်ရှိ သူများနဲ့ ပတ်သက်မှု ရှိသူများ အနေနဲ့ လာရောက် အပ်နှံမှု မရှိသေးဘူးလို့ သိရပါတယ်။ အခုလို လာရောက် အပ်နှံမှု မရှိသူများ ကိုတော့ သက်ဆိုင်ရာမှ ရှာဖွေ ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွား မှာဖြစ်ပါတယ်။

လက်ရှိ မှာတော့ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလက စတင်ပြီး လက်ရှိ အချိန်ထိ ဥပဒေ ချိုးဖောက်မှု၊ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဖော်ထုတ် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ အရေးယူခြင်းများ ဆောင်ရွက် လျက်ရှိပါတယ်။ အဲ့ဒီလို ဆောင်ရွက် ခဲ့ရာမှာ ယခု လက်ရှိ အချိန်ထိ တရားခံ ၁၀၈၁ ဦးကို ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ပြီး တရားခံ ၉၄၀ကို ထိရောက်တဲ့ ပြစ်ဒဏ်များ ချမှတ် အရေးယူ ဆောင်ရွက် ခဲ့ကာ ၁၄၁ ဦး ကိုတော့ ဆက်လက် အရေးယူ ဆောင်ရွက် လျက်ရှိ တယ်လို့ သိရပါတယ်။


ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်မှ ပညာရေးဆိုင်ရာ ကူညီမှုများ ကိုလည်း လစဉ်ပြုလုပ် ပေးသွားရန်ရှိ

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက် ကနေ ပြည်တွင်းရှိ လူမှုရေး လုပ်ငန်းများ၊ ပညာရေး ကဏ္ဍများမှာ ကူညီ ထောက်ပံ့မှုတွေ ပေးလျက် ရှိရာ ပညာရေး
ဆိုင်ရာ ကူညီမှုများ အဖြစ် စာသင်ခုံများ ကိုလည်း ထောက်ပံ့ ကူညီသွားဖို့ ရှိတယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေဂီတ ဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ ဒီလို လစဉ်ထောက်ပံ့ ကူညီမှုကို ရွှေပြည်သာ မြို့နယ် အတွင်းရှိ အစိုးရ အခြေခံပညာ ကျောင်းတွေကို ထောက်ပံ့ ကူညီသွားမှာ ဖြစ်ပါတယ်။

အခုလို လူမှုရေး လုပ်ငန်း ကူညီမှု တွေမှာ လက်ရှိ ပြုလုပ်ဖို့ စီစဉ် ထားတဲ့ ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ကိုလည်း ဒီဇင်ဘာလ ၇ ရက်နေ့၊ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့တို့မှာ မန္တလေး၊ တောင်ကြီး၊ မိတ်္ထီလာ မြို့တွေမှာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့နဲ့ ၁၃ ရက်နေ့ တို့မှာလည်း တောင်ငူနဲ့ ပဲခူးမြို့တို့မှာ ထပ်မံပြုလုပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဂီတပွဲ တွေမှာ The Threes, Lazy Club တေးဂီတ ၀ိုင်းတွေနဲ့ အတူ ရင်ဂို၊ ဘိုဖြူ၊ လှိုင်ဦးမော်၊ ဟဲလေး၊ ဂျီလတ်၊ L ဆိုင်းဇီ၊ မေသက်ထားဆွေ၊ ခင်ပြည့်စုံသွေးနဲ့ မေမြတ်နိုး တို့မှ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒီလို ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲမှာ လူမှု ကူညီရေး အသင်း အဖွဲ့တွေ ဖြစ်တဲ့ မဟာအောင်မြေ မန္တလေး၊ မေတ္တာရှင် တောင်ကြီး၊ ရန်အောင်မြင် မိတီ်္ထလာ၊ ကလျာဏ မိတ္တ ပဲခူး နဲ့ မေတ္တာနှင့် စေတနာ တောင်ငူ တို့မှ သက်ဆိုင်ရာ ဒေသတွေ အလိုက် ရန်ပုံငွေ ကောက်ခံ ဖို့တွေကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။


ရန်ကုန်မြို့သို့ ပထမဦးဆုံး အကြိမ် အဖြစ် ကုန်သေတ္တာတင် သင်္ဘော တစ်စီး ဆိုက်ကပ်ခဲ့

စင်္ကာပူ နိုင်ငံ အခြေစိုက် Transworld group Singapore ရဲ့ BLPL Singapore PTE Ltd  မှ BLPL Blessing  ကုန်သေတ္တာတင် သင်္ဘော ပထမဆုံး
အကြိမ် ရန်ကုန်မြို့သို့ ဆိုက်ကပ်ခဲ့တဲ့ အခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့က Sedona Hotel တွင် ကျင်းပပြုလုပ် ခဲ့ပါတယ်။

အခုလို BLPL Blessing ကုန်သေတ္တာတင် သင်္ဘောဟာ ရန်ကုန်သို့ ပထမဆုံး ဆိုက်ကပ်တာ ဖြစ်ပြီး နောက်ထပ်လည်း ဆိုက်ကပ်မယ့် သင်္ဘော များလည်း ရှိတယ်လို့ သိရပါတယ်။ အခုလို နိုင်ငံခြား ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်ခြင်းဖြင့် မြန်မာနိုင်ငံ တွင်းရှိ လုပ်ငန်းရှင်များ အတွက် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရာမှာ ပိုမိုလွယ်ကူ အဆင်ပြေ ချောမွေ့မှု ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။




ကလေးများ၏ ပညာရေးကို ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ခုမှ ဆောင်ရွက်ပေး လျက်ရှိ

ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ဝေဠုန်ဝန် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ ကျောင်းကို ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် မေလမှ စတင်ပြီး ဖွင့်လှစ်ကာ
ကလေးငယ်များရဲ့ ပညာရေးကို ဆောင်ရွက် ပေးလျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ ကျောင်းကို ဆရာတော် အရှင်ပညော ဘာသ ပန်းပျိုးလက် ဦးဆောင်ပြီး နွမ်းပါးတဲ့ ကလေးသူငယ် ၄၃၅ ဦးကို ပညာ သင်ကြားပေး လျက်ရှိ နေတာ ဖြစ်ပါတယ်။

အဲ့ဒီ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှာ အကျယ်အ၀န်း ၁၀ ဧကရှိပြီး ပညာရေး လုပ်ငန်းများ အပြင် လူမှုရေး လုပ်ငန်းများ ကိုပါ ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် ပေးရာ မှာတော့ ၁၀ တန်းအောင်နဲ့ ဘွဲ့ရ လူငယ်များကို ကွန်ပျူတာနဲ့ ဘာသာရေး လူငယ် ဖွံ့ဖြိုးမှု သင်တန်းများ သင်ကြား ပေးခြင်း၊ စိတ်ထား ဖြူစင် သွေးလှူရှင် အသင်းနဲ့ စာနာသူ နာရေး ကူညီမှု အသင်းကို ဖွဲ့စည်း ထားရှိခြင်း၊ မီးသင်္ဂြိုလ်စက် တည်ဆောက်ပြီး ဈာပန ကိစ္စများကို ဆောင်ရွက် ပေးခြင်း၊ စာကြည့်တိုက် ဖွင့်လှစ် ထားပေးခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းစနစ်များ သင်ကြား ပို့ချပေးခြင်းနဲ့ အခမဲ့ အာယုဒါန ဆေးခန်း ဖွင့်လှစ် ထားပေးခြင်း စတဲ့ လူမှုရေး လုပ်ငန်းများ ကိုပါ ဆောင်ရွက် ပေးလျက် ရှိတာ ဖြစ်တယ်လို့သိရပါတယ်။



ပဋိပက္ခ ဂရုပြု သတင်း ရေးသားခြင်း နည်းပညာ သင်တန်းနှင့် ပတ်သက်ပြီး အကြိုဆွေးနွေးမှု ပြုလုပ်ခဲ့

ပဋိပက္ခ ဂရုပြု သတင်း ရေးသားခြင်း နည်းပညာ သင်တန်းနဲ့ ပတ်သက်ပြီး အကြို ဆွေးနွေးမှုကို နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့ တို့မှာ ရန်ကုန်မြို့ရှိ မြန်မာ့
ငြိမ်းချမ်းရေး စင်တာနဲ့ စာကြည့်တိုက်မှာ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲ မှာတော့ ပဋိပက္ခ များကို နားလည် သဘောပေါက်ခြင်း၊ မြန်မာပြည်ရှိ ပဋိပက္ခများ၊ ပဋိပက္ခနဲ့ စာနယ်ဇင်း ပညာ၊ ပဋိပက္ခ အခင်းအကျင်းများ အတွင်း သတင်းဌာနများ၊ ဆုံးဖြတ်ချက် ချခြင်း၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့ သက်ဆိုင်တဲ့ တုံ့ပြန် လုပ်ဆောင်ချက် များကို ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ထပ်မံပြီး လုံခြုံရေးကို အလေးထားခြင်းဖြင့် သတင်း ဌာန စီမံခန့်ခွဲခြင်း၊ ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာဒေသ များကို သတင်းထောက်များ စေလွှတ်ခြင်း၊ ပဋိပက္ခ အခြေအနေများကို ရင်ဆိုင်ဖို့ သတင်းဌာန အနေနဲ့ ပြင်ဆင်ခြင်း၊ အန္တရာယ် ဖြစ်နိုင်တဲ့ ကိစ္စရပ်များကို လျော့ချခြင်းနဲ့ ဓာတ်ပုံများကို အသုံးပြုခြင်း အစရှိတဲ့ အကြောင်းအရာ များကို ဆက်လက် ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ပဋိပက္ခ ဂရုပြု သတင်း ရေးသားခြင်း နည်းပညာနဲ့ ပတ်သက်ပြီး သင်တန်း သင်ကြားမှု ကိုတော့ လာမယ့် ဒီဇင်ဘာလက စတင်ပြီး သင်ကြားပေး သွားမှာ ဖြစ်ပါတယ်။ ဒီလို သင်တန်း မဖွင့်လှစ်မီ ပြုလုပ်တဲ့ အကြို ဆွေးနွေးမှု မှာတော့ ပြည်တွင်းမှ သတင်း မီဒီယာ သမားများနဲ့ နီပေါ၊ သီရိလင်္ကာ အစရှိတဲ့ နိုင်ငံများမှ နိုင်ငံတကာ သင်တန်း ဆရာများက ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးမှုကို မြန်မာ့ ငြိမ်းချမ်းရေး စင်တာနဲ့ နိုင်ငံတကာ မီဒီယာ ပံ့ပိုးရေး အဖွဲ့မှ ပူးပေါင်း ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။


နိုင်ငံတကာ ရွှေတိုင်းတာမှု စတင်ပြောင်းလဲ သုံးစွဲ တော့မည်

နိုင်ငံတကာ ဈေးကွက် အတွင်း အသုံးပြု တိုင်းတာ လျက်ရှိတဲ့ ရွှေအလေးချိန်နဲ့ သိပ်သည်းဆ တိုင်းတာမှု ပုံစံအတိုင်း ပြည်တွင်းမှာ စတင် ပြောင်းလဲ
သုံးစွဲတော့ မယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာ ရွှေအလေးချိန်ကို ဂရမ်၊ ကီလိုဂရမ်၊ ထရိုင်အောင်စ၊ ပေါင် အစရှိတဲ့ အတိုင်း သုံးစွဲ လျက်ရှိတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဈေးကွက် မှာတော့ ရွေး၊ ပဲ၊ တစ်မတ်၊ ငါးမူး၊ တစ်ကျပ်သား အစရှိတဲ့အတိုင်း သုံးစွဲလျက် ရှိတာကြောင့် နိုင်ငံတကာ ပုံစံအတိုင်း ပြောင်းလဲ သုံးစွဲဖို့ စီစဉ် ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံ အတွင်းမှာ နိုင်ငံတကာ အလေးချိန် အတိုင်းအတာ တွေကို စံအဖြစ် သတ်မှတ် သုံးစွဲနေ ပေမယ့် ရွှေထွက်ရှိတဲ့ နေရာများ အပေါ် မူတည်ကာ အလေးချိန် တိုင်းတာမှု အနည်းငယ် ကွာခြားလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း အဆိုပါ ကွာခြားမှုများ မရှိစေဖို့နဲ့ လက်ရှိ သုံးစွဲနေတဲ့ ရွှေအလေးချိန် တွေကို နိုင်ငံတကာ ဈေးကွက် အရ ၀ယ်ယူသူတွေ ရှင်းလင်းမှု မရှိတာကြောင့် နိုင်ငံတကာမှာ သုံးစွဲလျက် ရှိတဲ့ ဂရမ်နဲ့ ထရိုင် အောင်စကို စံတစ်ခု သတ်မှတ်ကာ ပြောင်းလဲ သုံးစွဲသွားဖို့ တစ်ဆင့်ခြင်း စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒီလို ရွှေအလေးချိန် တိုင်းတာမှုမှာ တစ်ထရိုင် အောင်စကို ၁.၈၇၅ ကျပ်သား ရှိပြီး တစ်ကျပ်သားမှာ ၁၆.၆၀၀ ဂရမ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းထွက် ရွှေတွေကို ရွှေရည် ပြည့်မီစေဖို့နဲ့ ရွှေရဲ့သိပ်သည်းဆ ကိုပါ တသမတ်တည်း ဖြစ်အောင် ပြုလုပ် သွားဖို့ ရှိတာလည်း ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ရွှေသိပ်သည်းဆ ၁၉.၂၅ ရှိရမှာ ဖြစ်ပြီး လက်ရှိ နိုင်ငံတကာ ရွှေသိပ်သည်းဆ ကိုတော့ ၁၉.၃ နဲ့ ၁၉.၃၂ ကြားမှာ သုံးစွဲလျက် ရှိတယ်လို့ သိရပါတယ်။



အင်္ဂလန်ရှိ GCE 'A' စာမေးပွဲ တစ်ကြိမ်သာ ကျင်းပပေး တော့မည်

ပြည်တွင်းမှ ကျောင်းသား၊ ကျောင်းသူများ သွားရောက်ကာ ဖြေဆိုမှုများ ရှိနေတဲ့ အင်္ဂလန် GCE 'A' စာမေးပွဲတွေကို လာမယ့် ၂၀၁၃ ခုနှစ်က စတင်ကာ
တစ်ကြိမ်သာ စစ်ဆေး သွားတော့မှာ ဖြစ်တယ်လို့ အင်္ဂလန် စာမေးပွဲ ကြီးကြပ်ရေး အဖွဲ့အစည်း တစ်ခုရဲ့ သတင်း ထုတ်ပြန်ချက်ကို ပြည်တွင်းရှိ Crown Education မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခင်က အဆိုပါ အင်္ဂလန် GCE 'A' စာမေးပွဲ တွေကို ဇန်န၀ါရီလမှာ တစ်ကြိမ်၊ စက်တင်ဘာလမှာ တစ်ကြိမ် တစ်နှစ်ကို နှစ်ကြိမ် ကျင်းပပေး ခဲ့တာ ဖြစ်ပါတယ်။

အခု ပြောင်းလဲမယ့် အစီအစဉ် မှာတော့ စာမေးပွဲ တစ်ကြိမ်သာ ကျင်းပရာမှာ စက်တင်ဘာ လမှာသာ ကျင်းပ သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်္ဂလန် စာမေးပွဲ စစ်ဆေးမှုတွေ အနေနဲ့ အကြိမ် ကန့်သတ်မှုတွေမှာ ဘာသာရပ် အလိုက် ပြန်လည် ဖြေဆိုခွင့် အကြိမ် အရေအတွက် တွေကိုလည်း ကန့်သတ် တော့မှာ ဖြစ်ပါတယ်။ ဒီလို ဘာသာရပ် အလိုက် ပြန်လည် ဖြေဆိုခွင့် ကန့်သတ် အကြိမ် ကိုတော့ နောက်ပိုင်းမှာ ထပ်မံကြေငြာ ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအတွက် အင်္ဂလန်ရှိ GCE 'A' စာမေးပွဲကို သွားရောက် ဖြေဆိုလိုတဲ့ ပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူ တွေဟာ ယခုအချိန် ကတည်းက ဘာသာရပ် အလိုက် လေ့လာမှု တွေကို  ကြိုတင် ပြင်ဆင် ထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု စတင် ပြောင်းလဲခဲ့တဲ့ အင်္ဂလန် GCE 'A' စာမေးပွဲ အရ ပြည်တွင်းမှာ စစ်ဆေး ပေးနေတဲ့ GCE စာမေးပွဲတွေ မှာလည်း အပြောင်းအလဲတွေ ရှိလာတော့မှာ ဖြစ်တယ်လို့ ပညာရေး အတိုင်ပင်ခံ တစ်ဦးဖြစ်သူ ဦးအောင်ကျော်စန်းရဲ့ သုံးသပ် ပြောကြားချက် အရ သိရပါတယ်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့