ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်နဲ့ ပတ်သက်ပြီး စစ်ဆေး တွေ့ရှိချက် အရ နိုင်ငံတော်သို့ ပေးသွင်း ရမယ့် နစ်နာငွေ အနက် ပုဂ္ဂလိက ထံမှ ရရှိဖို့ အကြွေးကျပ်
သန်းပေါင်း လေးသောင်း ကျော်နဲ့ အမေရိကန် ဒေါ်လာ ခုနစ်သောင်းကျော် ကျန်ရှိတယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ တင်ပြလာမှု အပေါ် သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ကျန်ရှိတဲ့ လုပ်ငန်းတွေ ကတော့ မွေးမြူရေး အစားအစာနဲ့ နို့ထွက် ပစ္စည်း လုပ်ငန်းသို့ ပုဂ္ဂလိက လုပ်ငန်းရှင် တွေမှ ပေးသွင်း ရမယ့် ကြိုတင် ထုတ်ပေးငွေ၊ အစာအကြွေး ရောင်းချငွေ၊ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု အတွက် ထုတ်ပေးငွေ ကျန်ရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနပိုင် ကြို့ကုန်းမြေ ငှားရမ်းမှု အတွက်လည်း ရရှိဖို့ကြွေးကျန် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမွေးမြူရေး လုပ်ငန်းမှာ သာမက ဟိုတယ် လုပ်ငန်းနဲ့ ပတ်သက် ပြီးလည်း အင်းလေး ခေါင်တိုင် ဟိုတယ်နဲ့ ရန်ကုန်မြို့ အမှတ် ၁၂၈ ဆူးလေ ဘုရားလမ်း အဆောက်အအုံ တို့ကို ၀ယ်ယူခွင့် ရရှိသူမှ ငွေပေးသွင်းဖို့ ကျန်ရှိနေ တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Dagon Complex စီမံကိန်း အတွက် အိမ်ခန်းများ အပ်နှံမှု နောက်ကျကြေး ကိုလည်း ပုဂ္ဂလိကမှ ပေးသွင်းဖို့ ကျန်ရှိတာ ဖြစ်ပါတယ်။
ဒါတင်မကဘဲ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနဆိုင်ရာ အဆောက်အအုံ ငှားရမ်းခနဲ့ ရောင်းချရငွေ အတွက် ပုဂ္ဂလိကမှ ပေးသွင်းဖို့ ကျန်ငွေတွေ ကြောင့်လည်း နိုင်ငံတော်မှ နစ်နာမှု ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပုဂ္ဂလိကမှ ပေးသွင်းဖို့ ကျန်ငွေတွေ အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန အလိုက် လုပ်ငန်းရှင် တွေထံ အချိန်ကာလ သတ်မှတ်ပြီး ငွေပေးသွင်းဖို့ အတွက် ကြပ်မတ် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment