Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 August 2012

သတင်းအစုံ


နည်းပညာ တက္ကသိုလ်၊ ကောလိပ်များမှ ယခုလာမည့် ပညာသင်နှစ်မှ စတင်ကာ အမှတ် ၃၆၀နှင့် အထက် ရရှိမည့် သူများသာ ခေါ်ယူသွားမည်


ယခု လာမယ့် ပညာသင်နှစ်က စတင်ပြီး တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် ၃၆၀ နဲ့ အထက် ရရှိမယ့် သူများသာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ
နည်းပညာ တက္ကသိုလ်၊ ကောလိပ်များမှာ တက်ရောက် ခွင့်ရမှာ ဖြစ်တယ်လို့ အဆိုပါ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို အမှတ် တိုးမြှင့် ခေါ်လိုက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ နည်းပညာ တက္ကသိုလ်များရဲ့ ပညာရေး အရည်အသွေးကို မြှင့်တင်တာ ဖြစ်ပြီး အနာဂတ် အင်ဂျင်နီယာ ပညာရှင်များ အတွက် ပညာရည် မြင့်မားရေးကို ဦးတည် ဆောင်ရွက် သွားမှာ ဖြစ်သလို အာဆီယံ အဆင့်မှ နိုင်ငံတကာ အဆင့် အထိ တဖြည်းဖြည်း မြှင့်တင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိ သူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် ယခုကဲ့သို့ A.G.T.I Certificate သင်တန်း သုံးနှစ် တက်ရောက်ဖို့ စီစဉ်ရ ခြင်းဟာ မြန်မာနိုင်ငံက Technician များကို စာတွေ့ရော လက်တွေ့ပါ ပိုမို အရည်အချင်း ပြည့်ဝစေဖို့ ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပပို့ ပြောင်းဈေးနှုန်းများ ဆက်လက် မြင့်တက်မှု ရှိနိုင်



ပြည်ပကို တင်ပို့နေတဲ့ ပြောင်းဈေးနှုန်း များမှာ ဆက်လက် မြင့်တက် လာနိုင်တဲ့ အခြေအနေ ရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊
ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပြည်ပပို့ ပြောင်းဈေးနှုန်းများ မြင့်တက် လာနိုင်ခြင်းမှာ အစေ့ထုတ် ပြောင်း အဓိက စိုက်ပျိုး ထုတ်လုပ်တဲ့ အမေရိကန် နိုင်ငံမှာ မိုးရွာသွန်းမှု နည်းနေကာ ခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေများ ဖြစ်ပေါ်နေပြီး အထွက်နှုန်း ကျဆင်းမှုများ ဖြစ်ပေါ် နေတာကြောင့်  ပြည်ပကို ပြောင်းတင်ပိုမှု  နည်းပါးနေတဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြောင်းဈေးနှုန်းများ အနေနဲ့ အရင်က တစ်တန်ကို အမေရိကန် ဒေါ်လာ ၂၇၀၊ ၂၈၀ ခန့်သာ အများဆုံး ရရှိခဲ့ပြီး လက်ရှိ မှာတော့ တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၀၀ အထက် အထိ ဈေးနှုန်း မြင့်တက် ရရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပြောင်းဖူးစေ့ ပြည်ပတင်ပို့ မှုမှာလည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် မှာတော့ သြဂုတ်လ အစပိုင်း လောက်အထိ ၅ လတာကာ နီးပါးမှာ တန်ချိန် တစ်သိန်း နှစ်သောင်း သုံးထောင့် တစ်ရာ ခုနှစ်ဆယ့် ခြောက်တန်ကို တင်ပို့ထားပြီး ဖြစ်ပါတယ်။ အဆိုပါ ပြောင်းပြည်ပ တင်ပို့မှုမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ ပြောင်းဖူးစေ့ ပြည်ပ တင်ပို့မှု တန်ချိန် ၃.၃၅ သိန်းနဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန်ချိန် ၄.၆၅ သိန်းအထိ တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မှာတော့ တန်ချိန် ၇.၇၈ သိန်းအထိ စံချိန်တင် တင်ပို့နိုင် ခဲ့တယ်လို့ သိရပါတယ်။

မူလတန်း ကလေးငယ်များ အတွက် ကျောင်းသုံး စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ လှူဒါန်းပွဲ ကျင်းပ



မူလတန်း ကလေးငယ် များကို ကျောင်းသုံး စာရေး ကိရိယာများနဲ့ ကျောင်းဝတ်စုံများ လှူဒါန်းပွဲကို ဘြဂုတ်လ ၁၂ ရက်နေ့က ရွှေပြည်သာ မြို့နယ်ရှိ
အမှတ် ၂၁ အခြေခံပညာ မူလတန်း ကျောင်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ လှူဒါန်းပွဲမှာ ကျောင်းသုံး စာအုပ် ဒါဇင် ၃၀၀ ၊ ခဲတံ အချောင်း ၁၀၀ ၊ ဘောပင် အချောင်း ၆၀၀ ၊ ကလေး၊ လူကြီးဝတ် ကျောင်းဝတ်စုံ အင်္ကျီအထည် ၁၀၀ နဲ့၊ ကလေး၊ လူကြီးဝတ် ကျောင်းစိမ်း ပုဆိုး အထည် ၆၀၀ ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ မူလတန်းကျောင်းမှာ ကလေး အရေအတွက် ၄၃၅ ဦးမှ ပညာသင်ကြား နေကြတာ ဖြစ်ပြီး ပညာသင်ကြား နေတဲ့ ကလေး အများစုဟာ ဆင်းရဲနွမ်းပါးတဲ့ ကလေးများ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းသုံး စာရေး ကိရိယာများနဲ့ ကျောင်းဝတ်စုံ များကို လှူဒါန်းမှုကို အလှူရှင် ဦးကျော်ကျော်ဦး၊ ဒေါ်သန်းသန်းစိန် မိသားစုမှ လှူဒါန်းတာ ဖြစ်ပြီး အခုအကြိမ် လှူဒါန်း တာဟာ ၂ ကြိမ်မြောက် လှူဒါန်းတာ ဖြစ်တယ်လို့ သိရပါတယ်။

ပုဂံရှိ စွယ်တော်လေးဆူ အတွင်းရှိ ဒေသအား Historical Park အဖြစ် အဆင့် တိုးမြှင့် သွားမည်




ပုဂံဒေသ မှာရှိတဲ့ စွယ်တော် လေးဆူ ဖြစ်တဲ့ ရွှေစည်းခုံ ဘုရား၊ တန့်ကြည်တောင် ဘုရား၊ လောကနန္ဒာဘုရားနဲ့ တူရွင်းတောင် ဘုရား အတွင်းရှိ ဒေသတွေကို
Historical Park အဖြစ် အဆင့် တိုးမြှင့် သွားဖို့  စီစဉ်လျက် ရှိတယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိမှာ အဆိုပါ စွယ်တော် လေးဆူ အတွင်းရှိ ရှေးမြန်မာမင်း အဆက်ဆက် တည်ထောင် ခဲ့တဲ့ ပုဂံဒေသ ကိုလည်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာအောင် တင်သွင်းခြင်း လုပ်ငန်း များကို ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး Historical Park အဖြစ် ဆောင်ရွက် ရာမှာတော့ မြေယာရှုခင်း အလှ ပြင်ဆင်မှုများ၊ ရှေးဟောင်း အဆောက်အအုံ များကို ညအခါ အလင်းပေး စနစ်များ၊ အနားယူ အပန်းဖြေဖို့ နေရာများ၊ လှည့်လည် ကြည့်ရှုနိုင်ဖို့ အတွက် ဘက်ဂီ ယာဉ်များ၊ ရထားလုံးများ၊ Souverior Shop များ သတင်း ပြန်ကြားရေး ဌာနများ အစ ရှိတာတွေ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်တဲ့ ဗိသုကာ အနုလက်ရာများ၊ အဆောက်အအုံများ၊ စေတီပုထိုးများ ပေါများစွာ ထည်ရှိတဲ့ ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် ဖြစ်သွားပါက ကမ္ဘာလှည့် ခရီးသွား များကို ပိုမိုဆွဲဆောင် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


၂၀၁၅ ခုနှစ်တွင် Stock Exchange Market ထူထောင်နိုင်ရန် ဂျပန်နိုင်ငံမှ လာရောက် ဆွေးနွေး





မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း Stock Exchange Market ထူထောင် နိုင်ဖို့ အတွက် လိုအပ်တဲ့ အချက်အလက် များကို ဂျပန်နိုင်ငံမှ ပညာရှင် တွေဟာ
သြဂုတ်လ ၁၃ ရက်က Park Royal Hotel မှာ လာရောက် ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို လာရောက် ဆွေးနွေးခဲ့တဲ့ ဂျပန်နိုင်ငံမှ အဖွဲ့အစည်း များမှာ Daiwa Institute of Research နဲ့ Tokyo stock Exchange Group မှ တာဝန်ရှိ သူများက Stock Exchange ထူထောင်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ဆွေးနွေး ပြောကြား ရာမှာ Stock Exchange တည်ထောင်ခြင်း အပိုင်း၊ စီမံခန့်ခွဲမှု အပိုင်းနဲ့ Stock Exchange Market မှာ ပါဝင်လာမယ့် ရင်းနှီး မြှုပ်နှံ သူများနဲ့ မားကက်မှာ ကုမ္ပဏီများမှ ငွေရေးကြေးရေးများ ပြင်ဆင်ရမယ့် အပိုင်းတွေကို ဆွေးနွေး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Stock Exchange Market ပေါ်ပေါက်လာဖို့ အတွက် အဆိုပါ ဂျပန်နိုင်ငံမှ အဖွဲ့အစည်း တွေက ဆက်လက် ကူညီပံ့ပိုးပေး သွားမှာ ဖြစ်ပါတယ်။ အခုလို Stock Exchange နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲဟာ ပထမဆုံး အကြိမ် ပြုလုပ်တာ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်နှစ် နှစ်ကြိမ် ဂျပန်နိုင်ငံမှ အဆိုပါ အဖွဲ့အစည်း တွေက မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲများ လာရောက် ပြုလုပ်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

အမှိုက်စို၊ အမှိုက်ခြောက်များအား စက်တင်ဘာလ ၁ ရက်နေ့က စတင်ကာ သတ်မှတ် အိတ်ဖြင့်သာ စွန့်ပစ် သွားရမည်



လာမယ့် စက်တင်ဘာလ ၁ ရက်နေ့က စတင်ပြီး ပြည်သူတွေ အနေနဲ့ အမှိုက်စို၊ အမှိုက်ခြောက် စွန့်ပစ်ရာမှာ သတ်မှတ် အိတ်နဲ့သာ စွန့်ပစ် သွားရမှာ
ဖြစ်တယ်လို့ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို သတ်မှတ်စွန့်ပစ် ရာမှာလည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အမှိုက်စိုများကို အပြာရောင် အမှိုက် အိတ်များနဲ့ စွန့်ပစ်ရမှာ ဖြစ်ပြီး အမှိုက် အခြောက်များ ကိုတော့ အစိမ်းရောင် အမှိုက်အိတ် များနဲ့ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။

အခုလို ခွဲခြား စွန့်ပစ်ဖို့ အတွက် အမှိုက် အိတ်များရဲ့ ဈေးနှုန်း ကိုတော့ ၁၂ လက်မ၊ ၁၅ လက်မ အရွယ်အစားကို ယခင်က ၂၀ ကျပ်နှုန်းမှ အခုအခါ ၁၇ ကျပ်သို့ ပြောင်းလဲ သတ်မှတ် လိုက်ပြီး ယခင် ၁၆ လက်မ၊ ၃၂ လက်မ အရွယ် အိတ်များကို ယခင်က ၈၀ ကျပ်နှုန်းမှ ယခုအခါ ၅၅ ကျပ်သို့ အသီးသီး ပြောင်းလဲ လျှော့ချ သတ်မှတ် ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ခွဲခြား စွန့်ပစ်ဖို့ အတွက် ကိုတော့ သက်ဆိုင်ရာ ဌာန အနေနဲ့ သက်ဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများမှ တစ်ဆင့် အသိပေး သွားမှာ ဖြစ်ပြီး စည်းကမ်းမဲ့ အမှိုက် စွန့်ပစ် ပါကလည်း အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဆန်အရည်အသွေး နိမ့်ကျမှုကြောင့် ပြည်ပ ဆန်တင်ပို့မှုတွင် ဈေးကွက် အတွင်း ဈေးနှုန်း ရရှိမှု လျော့နည်း



ပြည်တွင်းရှိ ဆန်အရည်အသွေး နိမ့်ကျမှုနဲ့ အခြား အခြေအနေ များကြောင့် ပြည်ပကို ဆန်တင်ပို့ တဲ့အခါမှာ ရရှိတဲ့ ဈေးနှုန်း ရရှိမှုများ လျော့နည်းမှုတွေ
ရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပြည်ပဆန် တင်ပို့မှု မှာတော့ မြန်မာ့ဆန် ၂၅ မတ်ဆန်တစ်တန်ကို အမေရိကန် ဒေါ်လာ ၃၃၀ နဲ့ ၃၄၀ ဈေးနှုန်းသာ ရရှိပြီး ထိုင်းနိုင်ငံမှ ၂၅ မတ်ဆန် ၁ တန်ကို အမေရိကန် ၅၄၅ ဒေါ်လာ၊ ဗီယက်နမ်မှ ၂၅ မတ်ဆန် တစ်တန်ကို အမေရိကန် ၄၀၀ ဒေါ်လာ၊ ပါကစ္စတန် ၂၅ မတ်ဆန် တစ်တန်ကို အမေရိကန် ၃၈၅ ဒေါ်လာစတဲ့ ဈေးနှုန်းများ အထိ ရရှိနေကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ဆန်များရဲ့ ဈေးနှုန်း ရရှိမှုဟာ ဆန်အရည်အသွေး ပေါ်မှာမှုတည်ကာ  ဈေးကွက် ရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ဆန်စပါး ထုတ်လုပ်မှု ကဏ္ဍမှာ မျိုးနဲ့ သွင်းအားစုများ အရည်အသွေး ပြည့်မှီရေး ဟာလည်း လိုအပ်နေပြီး နိုင်ငံတကာ အရည်အသွေးမီ ဆန်များ ကြိတ်ခွဲ ထုတ်လုပ်နိုင်တဲ့ ဆန်စက်များ ဟာလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ ခေတ်မှီ ဆန်စက်များ တည်ဆောက် ထားရှိမှုဟာ ၂၀၀၉-၂၀၁၀ ဘဏ္ဍနှစ်မှ၂၀၁၁-၂၀၁၂ ဘဏ္ဍနှစ် အတွင်း ဧရာဝတီတိုင်း ဒေသကြီးမှာ ခေတ်မီ ဆန်စက် ၁၀ လုံးနဲ့ ရန်ကုန်တိုင်း ဒေသကြီး မှာတော့ ၁၇ စက်ကို ဆန်စပါး အထူးပြု Company များမှ တည်ဆောက်ထား တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ တည်ဆောက်မှု ဟာလည်း လိုအပ်လျှက် ရှိတဲ့ ခေတ်မီဆန်စက် အရေအတွက်ထက် နည်းပါး သေးပြီး ခေတ်မီဆန်စက်များ ထပ်မံ ဆောက်လုပ်ဖို့ လိုအပ်နေသေး တယ်လို့ သိရပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့