Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

ရန်ကုန်အခြေပြု ကူးတို့လိုင်း ၅ လိုင်း၏ ကူးတို့ခများအား လက်ရှိ နှုန်းထားဖြင့်သာ ကောက်ခံ သွားမည်



ရန်ကုန် အခြေပြု ကူးတို့လိုင်း ၅ လိုင်းရဲ့ ကူးတို့ခ နှုန်းထားတွေကို တိုးမြှင့် ကောက်ခံဖို့ သတ်မှတ် ခဲ့ပေမယ့်လည်း စီးနင်းတဲ့ ခရီးသည်တွေ အတွက် အခက်အခဲ
ဖြစ်နိုင်တာကြောင့် တိုးမြှင့် ကောက်ခံခြင်း မပြုတော့ဘဲ လက်ရှိနှုန်းထား အတိုင်းသာ ဆက်လက် ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သြဂုတ်လ ၄ ရက်နေ့ ပြုလုပ်ခဲ့တဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ မြန်မာ့ အဏ္ဏ၀ါ ကုမ္ပဏီ လိမိတက်တို့ရဲ့ MoU လက်မှတ် ရေးထိုးပွဲမှာ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ရန်ကုန် အခြေပြု ကူးတို့လိုင်း ၅ လိုင်းဖြစ်တဲ့ ပန်းဆိုးတန်း-ဒလ၊ ရန်ကုန်-ခနောင်တို၊ စဥ့်အိုးတန်း-ဆာပါချောင်၊ ၀ါးတန်း-ဆိပ်ကြီးနဲ့ ၀ါးတန်း-ဒလတို့ကို သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ တိုးမြှင့် ကောက်ခံဖို့စီစဉ်ခဲ့ ပါတယ်။ ဒါပေမယ့် အဆိုပါ ကူးတို့လိုင်း ၅ လိုင်းဟာ အခြေခံ လူတန်းစားတွေ အတွက် နေ့စဉ် သွားလာ နေရတဲ့ လမ်းကြောင်း ဖြစ်ပြီး တိုးမြှင့် ကောက်ခံတဲ့ နှုန်းထားဟာ စီးနင်းသူတွေ အတွက် အခက်အခဲ ဖြစ်နိုင်တာကြောင့် လက်ရှိနှုန်းထား နဲ့သာ ပြန်လည် ကောက်ခံဖို့ ဆုံးဖြတ်ခြင်း ဖြစ်တယ်လို့ ပြည်ထောင်စု  ၀န်ကြီးရဲ့ ပြောကြားမှု အရ သိရပါတယ်။

အဆိုပါ ကူးတို့လိုင်း ၅ လိုင်းမှာ နေ့စဉ် ခရီးသည် ဦးရေ ငါးသောင်းခန့် စီးနင်း လျက်ရှိပြီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ နေ့စဉ် ကူးတို့လမ်းကြောင်း ခေါက်ရေ တစ်ရာကျော် ပြေးဆွဲ ပေးနေရတာ ဖြစ်ပါတယ်။ ပို့ဆောင်ရေး ၀န်ကြီးဌာန အောက်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှာ ဌာနခွဲ ၆ ခုရှိပြီး အဆိုပါ ဌာနခွဲတွေမှ ပြေးဆွဲနေတဲ့ ခရီးစဉ် လိုင်းများ၊ ကူးတို့ လိုင်းများကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ လက်ရှိ ပြေးဆွဲနေတဲ့ နှုန်းထားထက် တိုးမြှင့် ပြောင်းလဲ ကောက်ခံ ခဲ့ပါတယ်။ ဒီလို ပြောင်းလဲ ကောက်ခံရ ခြင်းမှာ မြင့်တက် လာတဲ့ စက်သုံးဆီ ဈေးနှုန်းနဲ့ ပြောင်းလဲ လာတဲ့စနစ်သစ် အရ ဌာနရဲ့ ကိုယ်ပိုင် ငွေနဲ့အသုံးပြု ဆောင်ရွက် ရမှာဖြစ်တဲ့ အတွက်ကြောင့် အခုလို နှုန်းထား ပြောင်းလဲ ကောက်ခံ ရခြင်း ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့