လူမှုဖူလုံရေး လုပ်ငန်းစဉ်များနှင့် အလုပ်သမားရေးရာ ကိစ္စများ ဆွေးနွေးခဲ့
Saturday 8th September 2012
လူမှုဖူလုံရေး လုပ်ငန်းစဉ်များနှင့် အလုပ်သမား ရေးရာ ကိစ္စများကို စက်တင်ဘာလ ၆ ရက်နေ့က လှိုင်သာယာ၊ ကနောင် ခန်းမမှာ ဆွေးနွေး ခဲ့တယ်လို့
သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ အလုပ်သမား အဖွဲ့အစည်း ၃၀ ကျော်နဲ့ အလုပ်ရှင်ဘက်မှ တာဝန်ရှိသူ တို့ပါဝင်ပြီး အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိ သူများက အလုပ်သမား ဥပဒေ၊ နည်းဥပဒေ များနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
လူမှုဖူလုံရေးမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ လူမှုဖူလုံရေး အာမခံ ကဒ်ပြား ရရှိဖို့ လစဉ်ကြေး ပေးသွင်း ရတာဟာ အခြား အာဆီယံ နိုင်ငံတွေနဲ့ ယှဉ်ပါက အနိမ့်ဆုံး ဖြစ်ပြီး အခုလို ရရှိတဲ့ လုပ်ခလစာနဲ့ သင့်တင့်တဲ့ လစဉ်ကြေးမျိုး ကိုသာ တပြေးညီ အနေနဲ့ သတ်မှတ်ပေး ထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ထည့်သွင်း ထားတဲ့ ငွေကြေးဟာ နည်းပေမယ့်လည်း အမှန်တကယ် ကျန်းမာရေး အခြေအနေ တစ်ခုကြောင့် ဆေးကုသစရိတ် ပေးရပါ ကလည်း လူမှုဖူလုံရေး အဖွဲ့မှ လိုအပ် သလောက် အထိ အကူအညီ ပေးခဲ့ရခြင်းမျိုး ရှိတယ် လို့လည်း လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
လှိုင်သာယာ မြို့နယ်တွင်းမှ စက်တင်ဘာလ ၂ ရက်နေ့က ၁ ရက် အလုပ်ချိန် ၈ နာရီအတွက် လုပ်ခလစာ ၃၀၀၀ တောင်းခံမှုနဲ့ ပတ်သက်ပြီး တော့လည်း လုပ်ငန်းရှင် အသင်းမှ တာဝန် ရှိသူတွေက သူတို့ အနေနဲ့ တောင်းဆိုမှု ပမာဏကို လက်ခံနိုင်တဲ့ အနေအထားမျိုး မရှိသေးဘူးလို့ အခုလို ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှ သိရှိခဲ့ရပါတယ်။
လုပ်သားများ ဂဟေ ကျွမ်းကျင်မှု စံလက်မှတ် ပေးအပ်
Saturday 8th September 2012
ပြည်တွင်းရှိ လုပ်သားများ အတွက် ကျွမ်းကျင်မှု စံလက်မှတ် ပေးအပ်ခြင်းနဲ့ လုပ်ငန်းခွင် အတွင်း အန္တရာယ် ကင်းရှင်းစေဖို့ အတွက် အသိပညာပေး
ဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့ အတွင်းမှာ ဆွေးနွေး ပြောပြပေး ခဲ့တယ်လို့ သိရပါတယ်။ ၃ ရက် အတွင်းမှာ လုပ်ငန်းခွင် ကင်းရှင်းရေးနဲ့ ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ စာတွေ့၊ လက်တွေ့များကို ပို့ချပေး ခဲ့တယ်လို့ သိရပါတယ်။ အခုလို ဂဟေ ကျွမ်းကျင်မှုပိုင်းနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင် ၀င်ဖို့အတွက် အသိမှတ်ပြု လက်မှတ် လိုအပ်နေသူတွေ အတွက် ဂဟေကျွမ်းကျင်မှု စာမေးပွဲကို စစ်ဆေး ပေးခဲ့ပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ အသိမှတ်ပြု လက်မှတ်ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။
အခုလို လုပ်သား ကျွမ်းကျင်မှု ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဟာလည်း လုပ်ငန်းခွင် ၀င်မည့် လုပ်သားများ အတွက် လုပ်ငန်းခွင်မှာ တွေ့ရှိလာမယ့် အခက်အခဲ များကို သိရှိပြီး ရှောင်ရှားနိုင်ဖို့နဲ့ လုပ်ငန်းခွင့် လုံခြုံစေဖို့ သာမကဘဲ ကျွမ်းကျင်တဲ့ လုပ်သား ကောင်းများ ပိုမိုပေါ်ထွက် လာစေဖို့ ရည်ရွယ် တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ခဲ့တာ ကတော့ မြန်မာနိုင်ငံ လုပ်သား ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေး အဖွဲ့ NSSA စက်မှုဝန်ကြီး ဌာန၊ သတ္တုနဲ့ အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု စံသတ်မှတ်ရေး ကော်မတီနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အအုံ MES မှာ ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လုပ်သား ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ကိုလည်း ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရှိရပါတယ်။
အမှိုက်ကင်းစင်သည့် စံပြမြို့တော် ဆောင်ရွက်မှု ၆၀ ရာခိုင်နှုန်း အောင်မြင်လျက်ရှိ
Saturday 8th September 2012
မန္တလေးတိုင်း ဒေသကြီးကို အမှိုက်ကင်းစင်တဲ့ စံပြမြို့တော် အဖြစ် ဆောင်ရွက်တဲ့ စီမံကိန်းဟာ လက်ရှိမှာ ၆၀ ရာခိုင်နှုန်း အောင်မြင်လျက် ရှိတယ်လို့
မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို မန္တလေးတိုင်း ဒေသကြီးကို အမှိုက်ကင်းစင်တဲ့ စံပြမြို့တော် အဖြစ် စတင် ဆောင်ရွက်မှု ကိုတော့ ပြီးခဲ့တဲ့ ဧပြီလက စတင် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်ရာ မှာလည်း မြို့တွင်း ရပ်ကွက်များ အတွင်း ခေါင်းလောင်းတီး စနစ်နဲ့ အမှိုက်သိမ်းခြင်း၊ ၃ ဘီး ဆိုင်ကယ် လက်တွန်းလှည်း များနဲ့ အမှိုက် သိမ်းခြင်း၊ အမှိုက်ကားများနဲ့ အမှိုက်သိမ်းခြင်း အစရှိတာ တွေကို ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် လျက်ရှိတဲ့ အမှိုက်စွန့်ပစ်မှု စနစ်မှာ စည်းကမ်း တကျ မစွန့်ပစ်ပါက အရေးယူ ဆောင်ရွက်မှု အနေနဲ့ ပထမဆုံး အကြိမ် သတိပေးခြင်း၊ ဒုတိယ အကြိမ်အဖြစ် ကျပ်တစ်သောင်း ငါးထောင်၊ သုံးသောင်း၊ လေးသောင်း ငါးထောင် စတဲ့ ဒဏ်ကြေးငွေကို သတ်မှတ်ကာ ဆိုင်ခန်း အနေ အထားပေါ် မူတည်ပြီး ပေးဆောင် စေခြင်းတွေကို လုပ်ဆောင် လျက်ရှိတာ ဖြစ်ပါတယ်။
အခုလို အမှိုက် ကင်းစင်တဲ့ စံပြမြို့တော် အဖြစ် ဆောင်ရွက်တဲ့ မန္တလေးတိုင်း ဒေသကြီး မှာတော့ မြို့နယ် ၆ မြို့နယ် ရှိပြီး ရပ်ကွက် အနေနဲ့ ၉၆ ခုရှိတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အခုလို ဆောင်ရွက် မှုကိုအတွက် ရပ်ကွက် ၇၀ နီးပါး လုပ်ဆောင်ပြီး ဖြစ်တယ်လို့သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံ ဒုတိယ အကြိမ်မြောက် ကျင်းပပြုလုပ် သွားမည်
Saturday 8th September 2012
ပြည်တွင်းမှာ ဒုတိယအကြိမ် အဖြစ် ကျင်းပမယ့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံကို အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ ၂ ရက်ကြာ
ကျင်းပပြုလုပ် သွားမယ်လို့ စင်္ကာပူ နိုင်ငံရှိ Centre For Management Technology မှသတင်းများ အရ သိရပါတယ်။ အဆိုပါ ညီလာခံကို Park Royal Hotel မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ညီလာခံမှာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပို့ဆောင်ရေး ၀န်ကြီးဌာန အစရှိတဲ့ သက်ဆိုင်ရာ ဌာန အသီးသီးမှ တာဝန်ရှိ သူများက တက်ရောက်ကာ ဆွေးနွေး ပြောကြားကြမှာ ဖြစ်ပါတယ်။
အဲ့ဒီလို ဆွေးနွေးမှု မှာတော့ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများ၊ ငွေကြေး ဆိုင်ရာများ၊ ဆက်သွယ်ရေး ဆိုင်ရာ ကဏ္ဍများ၊ သယ်ယူ ပို့ဆောင်မှု ဆိုင်ရာများနဲ့ သတ္တုလုပ်ငန်း ဆိုင်ရာများကို ဆွေးနွေး ပြောကြား သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ပထမ အကြိမ် အဖြစ် ကျင်းပခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံ ကိုတော့ ဇွန်လ၂၀ ရက်နေ့က Park Royal Hotel မှာပဲ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ညီလာခံ မှာတော့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီး ဌာနမှ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေများကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်ပ နိုင်ငံများမှ တက်ရောက် လာသူများနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေ များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
The Most Amazing Exhibition & Car Showroom ပြသလျက်ရှိ
Saturday 8th September 2012
The Most Amazing Exhibition & Car Showroom လို့အမည်ပေး ထားတဲ့ ထုတ်ကုန် ပစ္စည်းပြပွဲကို MCC ခန်းမမှာ ပြသ ရောင်းချ လျက်ရှိတယ်လို့
သိရပါတယ်။ အဆိုပါ ပြပွဲကို သြဂုတ်လ ၆ ရက်နေ့က စတင်ကာ သြဂုတ်လ ၉ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီပြပွဲကို ပြသရတာ ကတော့ ဈေးကွက် စီးပွားရေး စနစ် ကောင်းမွန်လာဖို့နဲ့ ပြည်တွင်းမှ ထုတ်ကုန် ပစ္စည်းများကို ပြည်သူလူထု အကြား ကျယ်ပြန့်စွာ သိရှိစေပြီး ဈေးနှုန်း ချိုချိုသာသာနဲ့ ၀ယ်ယူ ရရှိစေဖို့အတွက် ပြသရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ ပြပွဲမှာ ရောင်းချတဲ့ ကုန်ပစ္စည်း တွေကို အရစ်ကျ စနစ်နဲ့ဝယ်ယူနိုင်ဖို့ ကိုလည်း စီစဉ်ထားပြီး အဲ့ဒီ အရစ်ကျ စနစ်နဲ့ရောင်းချမှု ကိုတော့ KBZ ဘဏ်က ကူညီပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြသလျက်ရှိတဲ့ ပြပွဲမှာတော့ ဆောက်လုပ်ရေးနဲ့ အိမ်ရာ အရောင်း ပြခန်းများ၊ အိမ်တွင်း အလှဆင် ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ အိမ်တွင်း ပရိဘောဂ ပစ္စည်းများ၊ IT Mobile ဆက်စပ် ပစ္စည်းများ၊ အ၀တ်အထည်၊ လက်ဝက်ရတနာ ပစ္စည်းများနဲ့ ပြည်တွင်း ပြည်ပမှ မော်တော်ယာဉ် အမျိုးမျိုး အပါအ၀င် ကားပစ္စည်း မျိုးစုံကို ရောင်းချလျက် ရှိတာ ဖြစ်ပါတယ်။ အခုလို ပြသ ရောင်းချမှုကို ရန်ကုန်မှာ သာမက တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊ လာရှိုး အစရှိတဲ့ မြို့တွေမှာပါ ဆက်လက် ပြသ သွားဖို့ ရှိတယ်လို့ သိရပါတယ်။
သြဂုတ်လ အတွင်း၌ မီးလောင်မှု ၅၅ ကြိမ် ဖြစ်ပွားခဲ့
Saturday 8th September 2012
ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မီးလောင်မှုပေါင်း ၅၅ ကြိမ် ဖြစ်ပွားခဲ့ တယ်လို့ မီးသတ် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက် အရ
သိရပါတယ်။ ဒီလို ဖြစ်ပွားခဲ့ရာ မှာတော့ အကြိမ် အရေအတွက် အနေနဲ့ မန္တလေးတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်မှာ အများဆုံး ဖြစ်ပွားခဲ့ပြီး ၁၀ လောင်ကျွမ်း ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ အများဆုံး မီးလောင်မှု ကတော့ မကွေးတိုင်း ဒေသကြီးမှာ ၉ကြိမ်နဲ့ ရန်ကုန်တိုင်း ဒေသကြီး မှာတော့ မီးလောင်မှု ၈ ကြိမ်နဲ့ တတိယ အများဆုံး လောင်ကျွမ်း ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း ဒေသကြီးမှာ ၄ ကြိမ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ် တို့မှာ ၃ ကြိမ်စီ ဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးမှာ ၂ ကြိမ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ၁ ကြိမ်စီ လောင်ကျွမ်း ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လောင်ကျွမ်းခဲ့တဲ့ မီးလောင်ကျွမ်း မှုတွေဟာ ပေါ့ဆမီး၊ မီးဖိုမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှုနဲ့ မသမာသူရှို့မီး စတာတွေကြောင့် လောင်ကျွမ်း ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှု တွေကြောင့် နိုင်ငံ တစ်ဝှမ်းလုံးမှာ အိမ်ခြေ အဆောက်အဦးပေါင်း ၅၈၀ကျော် ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေ အနေနဲ့ ကျပ်သိန်းပေါင်း တစ်ထောင့် နှစ်ရာကျော် ဆုံးရှုံးခဲ့ ရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ဒုတိယ အပတ်တွင် အွန်လိုင်းမှ မီတာ ဘေလ်ဆောင်စနစ် စတင်အသုံးပြု နိုင်တော့မည်
Saturday 8th September 2012
အွန်လိုင်းမှနေပြီး မီတာဆောင်တဲ့ စနစ်ကို စက်တင်ဘာလ ဒုတိယ အပတ်မှ စတင်ပြီး နေပြည်တော်မှာ အသုံးပြု နိုင်တော့မှာ ဖြစ်တယ်လို့
သိရပါတယ်။ အခုလို အွန်လိုင်းမှ ပေးဆောင် ရာမှာတော့ AGD ဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ စီဘီဘဏ်နဲ့ MOB ဘဏ် အစရှိတဲ့ ဘဏ် ၆ခုတို့မှာ ပေးဆောင် နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အွန်လိုင်းမှ မီတာ ဘေလ် ပေးဆောင်ခြင်း ကိုတော့ နေပြည်တော်မှာ စတင် ပြုလုပ်ခဲ့ပြီး မန္တလေးနဲ့ ရန်ကုန်တို့ မှာလည်း ရရှိနိုင်အောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို အွန်လိုင်း မီတာဘေလ် စနစ်ကို လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနနဲ့ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်တို့မှ ပူးပေါင်း အကောင်အထည်ဖော် ၀န်ဆောင်မှု ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက် မှုကြောင့် အွန်လိုင်း မှတဆင့် မီတာ ဘေလ်များကို ပေးဆောင် နိုင်မှာ ဖြစ်ပြီး သက်ဆိုင်ရာ ဘဏ်တစ်ခုခုမှာ အွန်လိုင်း ဘေလ်အကောင့် ထားရှိပြီးသား ဖြစ်ပါက အကောင့်သစ် ထပ်ဖွင့်စရာ မလိုဘဲ အဆိုပါ အကောင့်ထဲမှာ အနည်းဆုံး အကောင့် လက်ကျန်ငွေ တစ်သောင်းကျပ် ထားရှိရမှာ ဖြစ်တယ် လို့လည်း AGD ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို အွန်လိုင်းမီတာ ဆောင်ရာမှာ ၀န်ဆောင်မှု အခကြေးငွေ အနေနဲ့ မီတာ တစ်လုံးကို ငွေကျပ် ၅၀၀ ယူမှာဖြစ်ပြီး မီတာ ကိုတော့ အိမ်သုံးနဲ့ လုပ်ငန်းသုံး ဆိုပြီး ခွဲခြား ထားခြင်းမျိုး မရှိဘူးလို့ ဘဏ်ဝန်ဆောင်မှု အပိုင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
ငွေကြေး ၀န်ဆောင်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာတမ်း ၄ ခု ဖတ်ကြား
Saturday 8th September 2012
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနရဲ့ ငွေကြေး ၀န်ဆောင်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက်နေ့က မြန်မာနိုင်ငံ ဘဏ်များ
အသင်းမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲ မှာတော့ ငွေကြေး ၀န်ဆောင်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေမှာ အထောက်အကူ ပြုတဲ့ စာတမ်း ၄ စောင်ကို တင်ပြဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စာတမ်းတွေ ကတော့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေကြေး အထောက်အကူ ပေးရေး စာတမ်း၊ အမျိုးသား ငွေပေးချေမှု စနစ် ဖွံ့ဖြိုး တိုးတက်ရေး စာတမ်း၊ Capital Market ဖွံ့ဖြိုး တိုးတက်ရေး စာတမ်းနဲ့ မြန်မာ့ အာမခံဈေးကွက် ပြုပြင် ပြောင်းလဲရေးနဲ့ အကောင်အထည်ဖော်မှု စာတမ်းတို့ ဖြစ်ပါတယ်။
အဆိုပါ စာတမ်းတွေ ကိုတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်၊ မြန်မာ့နိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဆွေ၊ မြန်မာ့ အာမခံ လုပ်ငန်းမှ လက်ထောက် အထွေထွေ မန်နေဂျာ ဒေါ်လှလှမွန် အစရှိတဲ့ တာဝန်ရှိ သူများက ဖတ်ကြား တင်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ စီးပွားရေး တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များနဲ့ စီးပွားရေး လုပ်ငန်းရှင် များက တတ်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
ရွှေတိဂုံဘုရား တောင်ဘက်မုခ်တွင် ထပ်မံဆောက်လုပ် သွားမည့် ဓာတ်လှေကား ၂ စင်းအတွက် ဖောင်ဒေးရှင်း ချပြီးဖြစ်
Saturday 8th September 2012
ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာ ယခုနှစ် အတွင်း ထပ်မံ တိုးချဲ့ ဆောက်လုပ် သွားမယ့် ဓာတ်လှေကား ၂ စင်းအတွက် ဖောင်ဒေးရှင်း ချပြီးသွားပြီ
ဖြစ်တယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလက်ရှိ ရွှေတိဂုံစေတီ ဘုရား တောင်ဘက်မုခ်မှာ ဓာတ်လှေကား ၂ စင်းရှိပြီး ဓာတ်လှေကား တိုးချဲ့ ဆောက်လုပ်မှုဟာ ရွှေတိဂုံ စေတီတော်ကို ဘုရားဖူးသူများ လာရောက်မှု များပြား လာပြီး နိုင်ငံခြားသား ဧည့်သည်များလည်း ပိုမို လာရောက် ဖူးမြော်လာ တာကြောင့် အခုလို ဓာတ်လှေကား ဆောက်လုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းများကို တရုတ်နိုင်ငံမှ မှာယူထား တယ်လို့ သိရပါတယ်။
အဲ့ဒီလို တိုးချဲ့ ဆောက်လုပ် သွားမယ့် ဓာတ်လှေကား ၂ စင်းကို ပြည်သူများ လှူဒါန်း ထားတဲ့ အလှူငွေ များနဲ့ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ အခု ရွှေတိဂုံ စေတီတော် တောင်ဘက် မုခ်မှာ အသုံးပြုနေတဲ့ ဓာတ်လှေကား ၂ စင်းဟာ ၁ စင်းကို လူအယောက် ၂၀ ဆံ့ပြီး ထပ်မံ ဆောက်လုပ် ဖို့အတွက် ဖောင်ဒေးရှင်း ချထားတဲ့ ဓာတ်လှေကားသစ် ၂ စင်းဟာ ၁ စင်းကို ၂၀ ဦးခန့်စီး နိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment