မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပုဂ္ဂလိကမှ ပါဝင်နိုင်ရန် ကြိုတင် အရည်အချင်း စစ်ဆေးမှုများ ပြုလုပ်ခေါ်ယူ သွားမည်
Wednesday 12th September 2012
မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်နိုင်ဖို့ အတွက် လုပ်ကိုင် ဆောင်ရွက် လိုတဲ့ ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီ
လုပ်ငန်းရှင် များကို ကြိုတင် အရည်အချင်း စစ်ဆေးမှု ပြုလုပ်ဖို့ အတွက် စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ နိုင်ငံပိုင် သတင်းစာ များမှ တဆင့် ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေး ၀န်ကြီးဌာန ရုံးမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းနဲ့ ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများ ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲမှ သိရပါတယ်။
ဒီလို ကြိုတင် အရည်အချင်း စစ်ဆေးမှုကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ နောက်ဆုံး ထားကာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရမှာ ဖြစ်ပြီး အဲ့ဒီလို တင်တဲ့ လုပ်ငန်းရှင် များထဲကမှ ရင်းနှီး မြှုပ်နှံမှုငွေနဲ့ နည်းပညာ အတွေ့အကြုံ ရှိ၊ မရှိကို အကြို အရည်အချင်း စစ်ဆေးရေး အဖွဲ့မှ စစ်ဆေး သွားမှာ ဖြစ်ပါတယ်။ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ပုဂ္ဂလိက အခန်း ကဏ္ဍမှ ပါဝင် လုပ်ကိုင်လိုတဲ့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ အနေနဲ့ လေဆိပ် တစ်ခုလုံးကို ဖွံ့ဖြိုး တိုးတက်အောင် Master Plan ရေးဆွဲပြီး ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လေယာဉ် ပျံသန်းတဲ့ နေရာ၊ ကားပါကင် နေရာ၊ လေယာဉ် ပေါ်မှာတင်တဲ့ အစားအသောက် လုပ်ငန်း၊ ကုန်ပစ္စည်း တင်ဆောင် ပေးနိုင်မယ့် ၀န်ဆောင်မှု လုပ်ငန်း၊ လေကြောင်းလိုင်း ရုံးခန်းများ၊ လေဆိပ်ဟိုတယ် လုပ်ငန်းများ၊ အစရှိတဲ့ လုပ်ငန်းတွေကို ငွေကြေး ထည့်ဝင်ပြီး ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ဒီလို မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်ဖို့ ဆောင်ရွက် ရတာဟာ ဒေသတွင်း နိုင်ငံများအကြား လေကြောင်း ကုန်စည် စီးဆင်းရာ အဓိက လေဆိပ်ကြီး ဖြစ်ပေါ်လာစေဖို့နဲ့ လေကြောင်းနဲ့ ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ဆုံရပ် တစ်ခုအဖြစ် ရောက်ရှိစေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။
ညစ်ညမ်း စွန့်ပစ်ရေ စွန့်ထုတ်မှုအတွက် စက်ရုံပေါင်း ၇၀ ကျော်အား စစ်ဆေး သွားရန်ရှိ
Wednesday 12th September 2012
စက်ရုံများမှ စွန့်ပစ်ရေများ ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး စက်ရုံပေါင်း ၇၀ ကျော်ကို ယခုလက်ရှိ ဘဏ္ဍာနှစ် အတွင်းမှာ စစ်ဆေးမှုများ ပြုလုပ်သွားမှာ
ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခု လက်ရှိ ရန်ကုန်မှာ စက်မှုဇုန် ၂၄ ဇုန်ရှိရာ စက်ရုံပေါင်း သုံးထောင့် ငါးရာ ခြောက်ဆယ့်နှစ်ရုံ ရှိပြီး အဆိုပါ စက်ရုံများထဲမှ ဓာတုပစ္စည်း သုံးစွဲမှု များပြားတဲ့ စက်ရုံများရဲ့ စွန့်ပစ်ရေ များကို စစ်ဆေး သွားမှာ ဖြစ်ပါတယ်။
အဲ့ဒီလို စစ်ဆေးမှု ကိုတော့ လာမယ့် ဇန်န၀ါရီမှ မတ်လအတွင်း စွန့်ပစ် ရေညစ်ညမ်းမှု အများဆုံး ဖြစ်နိုင်တဲ့ စက်ရုံများကို လေ့လာပြီး စွန့်ပစ်ရေ နမူနာများ ယူကာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းသို့ ပေးပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီလို စစ်ဆေးရာ မှာတော့ စက်မှုဇုန်က ထွက်ရှိတဲ့ စွန့်ပစ်ရေ များဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ရှိ၊ မရှိ၊ ချောင်းများ၊ မြောင်းများကို ပျက်စီးစေမှု ရှိ၊မရှိစတဲ့ အချက်များကို စစ်ဆေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေရဲ့သန့်စင်မှု၊ ရေထဲမှာ ရှိတဲ့ သက်ရှိများ အတွက် အောက်ဆီဂျင် ပေးနိုင်မှု၊ ဓာတုပစ္စည်းများ ပါဝင်မှု၊ ရေထဲမှာ ပါဝင်တဲ့ အမှုန်များရဲ့အနည်ထိုင်မှု၊ အမှုန်များ ပါဝင်မှု အတိုင်းအတာ စတဲ့ အချက် ၅ ချက်နဲ့ စစ်ဆေးပြီး သတ်မှတ်ချက် များနဲ့ ကိုက်ညီ စစ်ဆေးမှာ ဖြစ်ပါတယ်။
အဆိုပါ သတ်မှတ် ချက်နဲ့ မကိုက်ညီ ပါက စက်ရုံများမှ ရေများ စွန့်ပစ်မှုကို နောက်ပိုင်းမှာ သန့်စင်အောင် ပြုလုပ်ပြီး မှသာ စွန့်ပစ်ဖို့ ညွှန်ကြား သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို စက်မှုဇုန်များမှ ထွက်ရှိတဲ့ စွန့်ပစ်ရေ စစ်ဆေးမှုကို ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် အတွင်း မှာလည်း စစ်ဆေးမှု ပြုလုပ်ခဲ့ ပါတယ်။ ဒီလို စစ်ဆေးခဲ့ ရာမှာတော့ စွန့်ပစ်ရေ ညစ်ညမ်းမှု ရှိနိုင်တယ်လို့ ယူဆရတဲ့ စက်ရုံပေါင်း ၆၆ ရုံကို စစ်ဆေးခဲ့ရာ စက်ရုံ ၄၂ ရုံမှာ သတ်မှတ်ချက် များနဲ့ ကိုက်ညီမှု ရှိပြီး ကျန် ၂၄ ရုံမှာ ရေသန့်စင်မှု လုပ်ငန်းများ ပြုလုပ်ဖို့ လိုအပ်တာကို တွေ့ရှိခဲ့ရ ပါတယ်။
အဆိုပါ ၂၄ ရုံကို ထပ်မံပြီး စစ်ဆေးမှုများ ပြုလုပ် လိုက်တဲ့ အခါမှာ ၁၄ ရုံသာ ရေသန့်စင်မှု ပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အဆိုပါ စက်ရုံတွေထဲမှ စက်ရုံ ၁၃ ရုံမှာ ရေသန့်စင်မှု စနစ်များ ပြုလုပ်ခဲ့ပြီး ယခု လက်ရှိမှာ စက်ရုံတစ်ရုံသာ ရေသန့်စင်မှု စနစ်ကို ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရေသန့်စင်မှု စနစ်ပြုလုပ်ဖို့ လိုအပ်တဲ့ စက်ရုံများ အနေနဲ့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံမှာ နည်းပညာ အကူအညီများ တောင်းခံနိုင်ပြီး ရေသန့်စင်မှု စနစ် တပ်ဆင် ပြုလုပ်ဖို့ အချိန်နှစ်လ လုပ်ဆောင်ခွင့် ပေးထားတယ်လို့ သိရပါတယ်။ ရေသန့်စင်မှု စနစ်ပြုလုပ်ဖို့ လိုအပ်တဲ့ စက်ရုံများဟာ ရေသန့်စင်မှု စနစ် မပြုလုပ်ပါက အရေးယူမှု အဖြစ် လုပ်ငန်း လိုင်စင်ပိတ်သိမ်း အရေးယူ သွားမယ်လို့ သိရပါတယ်။
စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့ပါက ၀န်ကြီးဌာနသို့ အကူအညီ တောင်းခံနိုင်
Wednesday 12th September 2012
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ လုပ်ငန်းများ
လုပ်ကိုင်ရာမှာ အခက်အခဲများ ကြုံတွေ့ပါက စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနသို့ တင်ပြ အကူအညီ တောင်းခံ နိုင်တယ်လို့ သိရပါတယ်။ ဒီလိုတင်ပြ အကူအညီ တောင်းခံမှုကို စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ Export and Import လုပ်ငန်းများ၊ လုပ်ငန်းခွင်မှာ အခက်အခဲများ၊နယ်စပ်မှ ကုန်ပစ္စည်းများ တင်ပို့မှုတွေမှာ အခက်အခဲများ ရှိပါက ၀န်ကြီးဌာနသို့ တင်ပြကာ အကူအညီ တောင်းခံ နိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ၀န်ကြီးဌာန အနေနဲ့ ကုန်သွယ်မှုများ အဓိက လုပ်ဆောင်ရာ နေရာဒေသ တွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးများမှာ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပေး နေပြီး အဆိုပါ ပွဲတွေ မှာလည်း လုပ်ငန်းရှင် များရဲ့ အခက်အခဲတွေကို တင်ပြနိုင်တယ်လို့ သိရပါတယ်။ ယခုလို တင်ပြလာတဲ့ အခက်အခဲတွေ ကိုတော့ ၀န်ကြီး ဌာနမှ လိုအပ်သလို သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ညှိနှိုင်း ဆောင်ရွက် ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခု လက်ရှိမှာ နယ်စပ်မှ တရားမ၀င် ကုန်ပစ္စည်းများ ပပျောက်ဖို့ အတွက် ကိုလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း ဒေသကြီးအတွင်း ပြည်တွင်း ပုဂ္ဂလိကပိုင် ဟိုတယ်များတွ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်
Wednesday 12th September 2012
ပြည်တွင်းရှိ ပုဂ္ဂလိကပိုင် ဟိုတယ်များမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုလုံးမှာရှိတဲ့ အနက် မန္တလေးတိုင်း ဒေသကြီးဟာ ပုဂ္ဂလိက ဟိုတယ်ကဏ္ဍ
ရင်းနှီးမြှပ်နှံမှုမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ရှိနေတာ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားနဲ့ ဖက်စပ် ဟိုတယ် ၂၆ ခု၊ ပြည်တွင်း ပုဂ္ဂလိကပိုင် ဟိုတယ် ၇၃၁ ခု၊ နိုင်ငံပိုင် ဟိုတယ် ၆ ခု၊ စုစုပေါင်း ၇၆၃ ခု ရှိနေတာ ဖြစ်ပါတယ်။
ဟိုတယ် အခန်း အနေနဲ့ နိုင်ငံခြား ဖက်စပ် ဟိုတယ်မှာ အိပ်ခန်း လေးထောင့် ငါးဆယ့် လေးခန်း၊ ပြည်တွင်း ပုဂ္ဂလိကပိုင် ဟိုတယ်မှာ အိပ်ခန်း နှစ်သောင်း နှစ်ထောင် ကျော်နဲ့ နိုင်ငံပိုင် ဟိုတယ်မှာ အိပ်ခန်း ၁၉၉ ခန်း၊ စုစုပေါင်း နှစ်သောင်း ခြောက်ထောင် ခြောက်ရာ ကျော်ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း ပုဂ္ဂလိကပိုင် ဟိုတယ်များမှာ မန္တလေးတိုင်း ဒေသကြီးမှာ အများဆုံး ရှိနေပြီး ဒုတိယ အများဆုံး ကတော့ ရန်ကုန်တိုင်း ဒေသကြီးမှာ အများဆုံး ရှိနေတာ ဖြစ်ပါတယ်။ ယခုလက်ရှိ မန္တလေးတိုင်း ဒေသကြီးမှာ ဟိုတယ် အလုံးရေ ၂၂၉ လုံးနဲ့ မြန်မာ တစ်နိုင်ငံလုံးမှာ အများဆုံး ရှိနေတာ ဖြစ်ပြီး ဟိုတယ် အခန်းပေါင်း ရှစ်ထောင့် သုံးရာ ခုနှစ်ဆယ့်တစ်ခန်း ရှိတာ ဖြစ်ပါတယ်။
ဒ့ါအပြင် ဒုတိယ အများဆုံး အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ဟိုတယ် အလုံးပေါင်း ၁၉၅ လုံးရှိပြီး ဟိုတယ် အခန်းပေါင်း ရှစ်ထောင့် သုံးရာ ငါးဆယ့်ခြောက်ခန်း ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုမှာ ဟိုတယ် အလုံးပေါင်း ၇၆၃ လုံး အတွက် ဒေါ်လာသန်း ခြောက်ရာ ခြောက်ဆယ့် ငါးသန်းကျော်နဲ့ မြန်မာ ငွေကျပ်သန်း ငါးသိန်း တစ်သောင်း ကျော်ကို ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
How to Finance Your Business ခေါင်းစဉ်ဖြင့် စတော့ ဈေးကွက်ဆိုင်ရာ ဆွေးနွေးခဲ့
Wednesday 12th September 2012
ပြည်တွင်းမှာ ပေါ်ပေါက် လာနိုင်တော့မယ့် စတော့ ဈေးကွက် အကောင်အထည် ဖော်နိုင်ဖို့နဲ့ စီးပွားရေး ပလန် ရေးဆွဲပုံ အကြောင်းနဲ့ ပတ်သက်ပြီး
ဆွေးနွေး ဟောပြောမှု တစ်ခုကို စက်တင်ဘာလ ၁၁ ရက်နေ့က UMFCCI မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေး ဟောပြောမှုမှာ How to Finance Your Business ခေါင်းစဉ်နဲ့ ဟောပြော ခဲ့တာ ဖြစ်ပြီး ဂျပန်နိုင်ငံ ဒိုင်ဝါ ကုမ္ပဏီ တာဝန်ရှိသူတွေက ဆွေးနွေးပေး ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာ မှာတော့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူတွေ အတွက် Business Plan ရေးဆွဲ နိုင်အောင်နဲ့ ရေးဆွဲတဲ့ အခါမှာ ပါဝင်သင့်တဲ့ အချက်အလက် တွေကို ပြောပြပေး ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် Business Plan တစ်ခုကို မရေးဆွဲမီ ကြိုတင် ပြင်ဆင်သင့်တဲ့ ဈေးကွက် ဆိုင်ရာများ၊ ထုတ်ကုန်များနဲ့ ၀န်ဆောင်မှုပိုင်း စတာတွေကို သိရှိရမယ့် အပြင် စီးပွားရေး အရင်းအမြစ် တွေကိုလည်း လေ့လာ ထားဖို့ လိုအပ်တဲ့ အကြောင်း ကိုပါ ဆွေးနွေး ပြောကြားပေး ခဲ့ပါတယ်။ လက်ရှိမှာ ပြည်တွင်းရဲ့ စီးပွားရေး အခွင့်အလမ်း တွေဟာ ယခင်ကထက် ပိုမိုမြင်သာ လာပြီ ဖြစ်လို့ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင်များ သာမက ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင် များကပါ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ရှိတဲ့အတွက် အခုလို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တွေကို ပြုလုပ်တာ ဖြစ်တယ်လို့ UMFCCI မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
4G အင်တာနက် အသုံးပြုမှုကို နိုင်ငံတကာ ဆက်သွယ်ရေး အဖွဲ့၏ ခွင့်ပြုချက် ရရှိရန် ဆောင်ရွက်ဆဲသာရှိ
Wednesday 12th September 2012
လာမယ့် ၂၀၁၃ ခုနှစ်မှာ ပြုလုပ်မယ့် ဆီးဂိမ်းကို အချိန်မီအောင် 4G အင်တာနက် စနစ်ရရှိ နိုင်အောင် ပြုလုပ်လျက် ရှိပြီး ဒီလို ပြုလုပ်ရာမှာ 4G စနစ်ဟာ
Data တွေ အသုံးပြုမှု လွယ်ကူပေမယ့် အသံ သုံးစွဲမှု မှာတော့ ITU International Telecommunication union ရဲ့ အသိအမှတ်ပြုမှု မရရှိသေး တာကြောင့် ခွင့်ပြုမှု ရရှိဖို့ အတွက် ဆောင်ရွက်လျက် ရှိတယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာမှာ စမ်းသပ် အသုံးပြုနေပြီ ဖြစ်တဲ့ 4G စနစ်ကို ITU အနေနဲ့ အသိအမှတ် မပြုသေးမီမှာ ပြည်တွင်းမှာ အသုံးပြုဖို့ အတွက် ခက်ခဲမှု ရှိနေသေးတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပြည်တွင်း သုံးစွဲနေတဲ့ အင်တာနက် အသုံးပြုမှု မြန်နှုန်းတွေ ပိုမို တိုးတက်လာ စေဖို့ အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်လျက် ရှိနေပါတယ်။ ပြည်တွင်းရဲ့ ဆက်သွယ်ရေး စနစ်မှာ လက်ရှိ ကာလ အတွင်း မိုဘိုင်းဖုန်း အများစုမှာ အင်တာနက် ချိတ်ဆက်ပြီး ဆက်သွယ် အသုံးပြု နိုင်အောင် ပြုလုပ်ထား တာကြောင့် အင်တာနက် အသုံးပြုမှုဟာ ယခင်ကထက် ပိုမိုများပြား လာပါတယ်။
လက်ရှိ မိုလ်ဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုရာမှာ ဂျီအက်စ် အမ်အမျိုးအစား အတွက် တစ်မိနစ်ကို နှစ်ကျပ်နှုန်းနဲ့ စီဒီအမ်အေ ဖုန်းအမျိုးအစားများ ဖြစ်ပါက တစ်မိနစ်ကို လေးကျပ်နှုန်းနဲ့ ကောက်ခံလျက် ရှိနေပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ အင်တာနက် အသုံးပြုမှုခ နှုန်းထားတွေကို လျှော့ချ နိုင်ဖို့စီစဉ် လျက်ရှိပြီး ၂၀၁၅ ခုနှစ်မှာ အင်တာနက် ကနဦး တပ်ဆင်ခကို အခမဲ့ တပ်ဆင်ပေး နိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်မှုတွေ ပြုလုပ်လျက် ရှိတယ်လို့ အင်တာနက် ၀န်ဆောင်မှု ပေးနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
No comments:
Post a Comment