Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Wednesday, 19 September 2012
ပိတ်ဆို့ တားဆီးမှုများ ဖြေလျှော့ပေးရေးကို ထောက် ခံကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
ဝါရှင်တန်၊စက်တင်ဘာ-၁၉
မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ တားဆီးများ ဖြေလျှော့ ပေးရေးကို
 ထောက်ခံကြောင်း ပြောကြားရင်း မြန်မာ့ ဒီမိုကရေစီ အရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က
ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောဆိုခဲ့သည်။ သို့သော် ဆယ်စုနှစ်ငါးခုခန့် စစ်အုပ်ချုပ်ရေးအောက် နေခဲ့ရသော မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်၍အများကြီး လျှောက်လှမ်းရဦးမည်ဟုလည်း သတိပေးပြောကြားသည်။
နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် ၄င်း၏ ခရီးစဉ်အစမှာပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက်ဟီလာရီ ကလင်တန်နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယခင် ရက်သတ္တပတ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉၀ ကို လွှတ်ပေးခဲ့ခြင်း အပါအ၀င် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု များအပေါ် တုံ့ပြန်၍ မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းမှု ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးရေး အိုဘားမားအစိုးရက စဉ်းစားနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက်၏ အမြင့်ဆုံးဆုကို လက်ခံရယူမည်ဖြစ်သည်။
"ပိတ်ဆို့တားဆီးမှုတွေ ဖြေလျှော့ပေးဖို့ရာ ကျွန်မ တကယ်ပဲ ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံသားတွေဟာ သူတို့ရဲ့ အန္တိမပန်းတိုင်အတွက် စတင် တာဝန်ယူရမှာမို့ ဖြစ်ပါတယ်"ဟု အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ "ဒီမိုကရေစီ အရှိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ရာ အမေရိကန်ရဲ့ ပိတ်ဆို့တားဆီးမှုတွေအပေါ် ကျွန်မတို့ မှေးမနေသင့်ပါဘူး။ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ကြရပါမယ်"ဟု ၄င်းကဆက်ပြောသည်။
မစ္စက်ကလင်တန်၏ မှတ်ချက်စကားများတွင် ကုန်သွယ်ရေး ပိတ်ဆို့တားဆီးမှုများအကြောင်း တိုက်ရိုက်မပြောကြားသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကြောင့် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုများ ဖြေလျှော့ပေးရေး အလားအလာကို မြင့်တက်လာစေသည်ဟု ပြောကြားသည်။ အကယ်၍ ယင်းသို့ ဖြေလျှော့မှု ဖြစ်ပေါ်လာမည်ဆိုပါက လာမည့် ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂ၏ အထွေထွေညီလာခံသို့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် လာရောက်တက်ရောက်စဉ်အတွင်း ဖြစ်နိုင်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းက ဖော်ပြသည်။
ကိုးကား - Washinton Post
7Day News Journal
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့