Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 6 September 2012

ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမ


ငယ်ငယ်တုန်းက ကလေးသဘာဝမပျော်ရွှင်ခဲ့ဖူးသူတွေက ဒီလစ်ဟာမှုကို ပြန်လည်ဖြည့်ဖို့အတွက် ကလေးလို ချွဲနွဲ့နေလိုကြသတဲ့။ ထိုစိတ်ပညာ သုံးသပ်ချက်မှာ ဆောင်းအတွက် မှန်လေသလား။ ဆောင်းက မိတ်ဆွေဆိုလျှင် ရွယ်တူထက် ကိုယ့်ထက်အသက်ကြီးကိုသာ ဦးစားပေးရွေးချယ်မိသလို သူငယ်ချင်းအချစ်ကို အသက်ကြီးသူအစ်မလိုမျိုးသူတွေထံမှသာ ပိုလိုချင်ခဲ့မိတာ။ ထို့ကြောင့်သာ အတန်းတူသူငယ်ချင်းထက် အစ်မရဲ့သူငယ်ချင်းများကိုသာ ရွေးချယ်ပေါင်းသင်းခဲ့တာရယ်။
မမ၊ မလို့ ခေါ်ပြီး ချွဲချင်သလို ကိုယ့်ကိုယ်ကိုယ် မီးလို့ သုံးနှုန်းပြီး ကလေးလုပ်ချင်နေမိခဲ့။ မပျော်ရွှင်ခဲ့ဖူးသော ကလေးဘဝကို အစားထိုးနိုင်မယ်ဆိုရင် ဆောင်း ဘယ်တော့မှ မရင့်ကျက်ချင်ခဲ့။ ထိုအစ်မတွေက ဆောင်းကို ချစ်လား မချစ်လားလို့ မသိနားမလည်၊ မစဉ်းစားမိခဲ့ပါ။ ချစ်တယ်လို့ရယ်သာ မှတ်သားထားခဲ့မိရဲ့။ စိတ်ချမ်းသာသလိုသာ နေခဲ့မိရဲ့။ ဆောင်းရဲ့အမေက အမှန်စကားမပြောခင်အထိရယ်။ အစ်မတစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့ကို အမေ့ကို မတိုင်ပင်ဘဲ ဆောင်းရဲ့ လုပ်အားခထဲက ပေးလိုက်သောအခါမှာ အမေပြောခဲ့တာက…‘သူတို့တွေက နင့်ကို ချစ်တယ် ထင်နေလား။ နင့်ကို နင့်အစ်မမျက်နှာနဲ့ မတတ်သာလို့ ပေါင်းနေတာ။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ကိုယ့်အကြောင်း ကိုယ်သိ’ တဲ့။ အချိန်တုန်းကတာ့ ဆောင်း မငိုခဲ့ဘူး။ ဟုတ်တယ် ။ သမီးကို ဘယ်သူမှ မချစ်ဘူးဆိုတာ သိတယ်လို့သာ ပြန်ပြောဖြစ်ခဲ့တယ့်။
နိတိကျမ်းတွေအဆိုအရ အမေပြောသမျှ သစ္စာတရား၊ အမေဆိုတာ ကိုယ့်ကိုနားအလည်ဆုံးတဲ့လေ။ ဆောင်းကလည်း အမေ့ဆိုစကားကို ဘုရားစကားလို ယုံမှတ်လိုက်ရမလား။ ဘာပဲဖြစ်ဖြစ် အမေသာအမြဲမှန်တယ်မဟုတ်လား။ သေချာတာက သူမကို ဘယ်သူမှ မချစ်သလို သူမကလည်း ဘယ်သူ့ကိုမှ မချစ်ချင်တော့။ သူငယ်ချင်းများကို အမြဲရွေးချယ်ပေါင်းသင်းခဲ့သလို လွယ်လွယ်ကူကူလည်း ကျောခိုင်းတတ်လာခဲ့။ ထို့အတူ ပျော်ရွှင်မှုဆိုတာလည်း မသိနားမလည်တော့။
တစ်ခါတစ်လေတော့ ကြေကွဲသလိုလိုမို့ မျက်ရည်ကျမိရဲ့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကို ပြန်ကြားယောင်မိတိုင်းရယ်။ လောကမှာ အချစ်မခံချင်တဲ့သူဆိုတာ ရှိလို့လား။ ဆောင်းကတော့ အလွန်ပင် အချစ်ခံချင်လှတာ ဝန်ခံနိုင်ပါတယ်။ ကလေးဘဝထဲက လျစ်လျူရှုခံရသူမို့လည်း အချစ်ကို ပိုလိုချင်မိပါရဲ့။ ဘဝမှာ ချို့ငဲ့လွန်းသော ချစ်ခြင်းကို တစ်ပါးသူတွေဆီက ရလိမ့်နိုးနဲ့ မျှော်လင့်မိတာ အပြစ်ရှိလားလို့ သိချင်နေမိခဲတယ့်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မမေးလိုတော့ပါဘူး။ ဆောင်းအရွယ်မငယ်တော့ဘူးလေ။
အမေပြောသလို ကိုယ့်အကြောင်း ကိုယ်သိရတော့မှာပေါ့။ ခက်တာက အသိတရားက ဒဏ်ရာကို မသက်သာစေဘူး။ ကိုယ်ကောင်းမှ သူကောင်းမယ်။ ကိုယ်ချစ်မှ သူချစ်မှာ ဖြစ်ပေမယ့် တပါးသူကို မေတ္တာပေးဖို့ စွမ်းစွမ်းတမံမကြိုးစားနိုင်ဘူး။ လွယ်လင့်တကူ လက်လွှတ်အရှုံးပေးချင်ခဲ့ပြီ။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ဆိုတဲ့ အမေ့စကားကိုသာ ဗျာဒိတ်လိုစွဲနေကာ သင်းကွဲနေတတ်ခဲ့ပြီ။ တစ်ခါတစ်လေတော့လည်း အမေစိတ်ဆိုးလို့ ပြောတာနေမှာပါ။ ငါ့မိတ်ဆွေအစ်မတွေက ငါ့ကိုချစ်မှာပါလို့ ကိုယ့်ကိုယ်ကိုယ်လှည့်စားပေမယ့် အယုံအကြည်မဲ့ခဲ့လေပြီ။
အမေစိတ်ဆိုးလို့ ပြောတယ်ဆိုလည်း ဒေါသထွက်မှာသာ ရင်ထဲမှာရှိတဲ့အမှန်တရားက လွင့်စင်ပေါ်ပေါက်လာတာ မဟုတ်လား။ ဘာကြောင့်ပဲဆိုဆို နောက်ဆုံးတော့ အမေ့စကားကိုပင် ခြေစုံပစ်ယုံကြည်လိုက်ချင်ပြီလေ။ ချစ်ခြင်းမေတ္တာတစ်ဖဲ့တစ်မှုန်ရဖို့ ဆောင်းဘယ်သောအခါမှ ကြိုးပမ်းအားထုတ်မှာ မဟုတ်လေတော့။ မိတ်ဆွေများက တသီးတသန့်နဲ့ ကြီးကျယ်တဲ့မိန်းမလို့ သူမကို စွပ်စွဲကြလည်း မမှုချင်တော့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကိုသာ ဦးထိပ်ထားကာ နေတတ်ခဲ့ပြိလေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့