စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ဖို့နဲ့ စာနယ်ဇင်း ဖွံ့ဖြိုးရေး ကိစ္စရပ်များ အတွက် လွတ်လပ်စွာ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီကို ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့ အဆိုပါ အဖွဲ့မှ ပါဝင်တဲ့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ဖွဲ့စည်း ရခြင်းဟာ ပြည်သူလူထု၊ နိုင်ငံတော် အစိုးရနှင့် စာနယ်ဇင်းတို့ အကြား ပေါင်းကူး သဖွယ် ဆောင်ရွက် ပေးဖို့ စာနယ်ဇင်း ကျင့်ဝတ်များကို ရေးသား ပြုစုဖို့ စာနယ်ဇင်း ကောင်စီရဲ့ စည်းမျဉ်း များနှင့် လုပ်ထုံး လုပ်နည်း များကို ရေးဆွဲ ပြဋ္ဌာန်းဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် စာနယ်ဇင်း ဥပဒေ မူကြမ်း ရေးဆွဲရာမှာ အဓိက ပါဝင် ဆောင်ရွက်ရန်၊ စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ အငြင်းပွားမှုများနှင့် ပြဿနာ များကို ညှိနှိုင်း ဖြေရှင်း ပေးရန်နဲ့ စာနယ်ဇင်း ဆိုင်ရာ ကျင့်ဝတ် သိက္ခာများ စောင့်ထိန်း လိုက်နာရေး အတွက် တိုက်တွန်း နှိုးဆော် ပေးရန် အပါအ၀င် လုပ်ငန်း တာဝန် ၁၅ ရပ်အား၊ ဆောင်ရွက်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး အခုလို ယာယီ ဖွဲ့စည်း လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီဟာ စာနယ်ဇင်း ဥပေဒ မူကြမ်းကို လွှတ်တော်က အတည်ပြု ပြဋ္ဌာန်း ပြီးနောက် အဆိုပါ ဥပဒေနှင့် အညီ ဖွဲ့စည်းတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီထံ တာဝန် လွှဲပြောင်းပြီး တဲ့အထိ တာဝန် ထမ်းဆောင် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီမှာ ဥက္ကဋ္ဌ အဖြစ် ဦးခင်မောင်အေး တရားရုံးချုပ် တရားသူကြီး(ငြိမ်း)နဲ့ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးစိုးသိမ်း (မောင်ဝံဿ) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းတို့ကို အများ သဘောတူ ရွေးချယ် တင်မြှောက်ခဲ့ ကြတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment