မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ဖြစ်တဲ့ တောင်သူ လယ်သမားများရဲ့ အကျိုးစီးပွား အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းကို
ယာယီ အသင်း အဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့က Panda Hotel မှာ ဖွဲ့စည်းခဲ့ ပါတယ်။ အဆိုပါ ယာယီ အသင်းမှာ မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ် ၈၀ မှ တောင်သူပေါင်း ၅၀၈၆၀ အသင်းဝင် ထားပြီး လယ်ယာ လုပ်ငန်းများမှာ ဆောင်ရွက် နေတဲ့ တောင်သူ လယ်သမားများ အတွက် ဖွဲ့စည်းတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ အသင်းကို တောင်သူ လယ်သမား၊ လယ်ယာ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ သူများ၊ လယ်ယာ အကျိုး စီးပွားနဲ့ ပတ်သက် သူများ မည်သူမဆို ၀င်ရောက် နိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်သူ လယ်သမားများ အသင်း အနေနဲ့ တောင်သူ လယ်သမားများရဲ့ ၀င်ငွေ တိုးတက် စေရေးနဲ့ လူမှု စီးပွားရေး ဘ၀ ဖွံ့ဖြိုးစေရေး၊ လယ်ယာ ထွက်ကုန်များ စိုက်ပျိုး ထုတ်လုပ်မှု အတွက် ခိုင်မာ တည်တံ့တဲ့ ဈေးကွက် ဖြစ်ပေါ်စေရေး စတဲ့ ရည်ရွယ်ချက် များနဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။
အဆိုပါ အသင်း အနေနဲ့ လက်ရှိမှာ ယာယီ သက်တမ်း ကာလ ၆ လ သက်တမ်းနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမြဲတမ်း အသင်း အတွက် ကိုတော့ မြို့နယ် အဆင့်မှစပြီး ခရိုင်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး များမှ ကိုယ်စားလှယ် များကို ထပ်မံ ရွေးချယ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ယခု ဖွဲ့စည်းလိုက်တဲ့ ယာယီ အသင်း မှာတော့ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဗဟို အလုပ် အမှုဆောင် ဒေါက်တာ စိုးထွန်း၊ ဒုတိယ ဥက္ကဋ္ဌများ အဖြစ် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်နဲ့ ဗဟို အလုပ် အမှုဆောင် ဦးကျော်ကျော်ဝင်း၊ ဝေါမြို့နယ်မှ တောင်သူ ဦးကျော်တင့်၊ ဖျာပုံ မြို့နယ်မှ တောင်သူ ဦးအုန်းဟန်၊ အထွေထွေ အတွင်းရေးမှူး အဖြစ် ဓနုဖြူမြို့မှ ဦးသိန်းအောင် တို့မှ ပါဝင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment