Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 7 September 2012

သတင်းတိုများ


သား၊ ငါး ကဏ္ဍ အတွက် အတိုးနှုန်း သက်သာသည့် ချေးငွေများ G to G ချေးယူ သွားမည်

အသား ကဏ္ဍ၊ ငါးကဏ္ဍတွင် လုပ်ကိုင် ဆောင်ရွက် လျက်ရှိတဲ့ လုပ်ငန်းရှင်များ အတွက် အတိုးနှုန်း သက်သာတဲ့ ချေးငွေများကို နိုင်ငံတော် အစိုးရမှ
တဆင့် ပြည်ပနိုင်ငံ အစိုးရများနဲ့ G to G ချေးယူသွားဖို့ ရှိတယ်လို့ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီး ဌာနနဲ့ လုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောပြချက်များ အရ သိရပါတယ်။ ယခုလို ချေးငွေများ ချေးယူပေးမှု ကိုတော့ အစိုးရမှ တဆင့် ချေးပေး မှာဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် များကို ပြန်လည် ချေးပေးမှာ ဖြစ်ပါတယ်။

အခုလို ဆောင်ရွက်ရာ မှာတော့ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာန အနေနဲ့ အများပိုင် ကုမ္ပဏီများ အဖြစ်နဲ့ သားငါးကဏ္ဍ အစုအဖွဲ့၊ လုပ်ငန်း ပေါင်းစုံ သမ၀ါယမ အသင်းများကို လုပ်ထုံးလုပ်နည်းများ နဲ့အညီ ဖွဲ့စည်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။အဆိုပါ ပွဲမှာ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သား၊ ငါး ကဏ္ဍရဲ့ အဓိက လိုအပ်တဲ့ အချက်မှာ နည်းပညာနဲ့ အရင်းအနှီးများ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သား၊ ငါးကဏ္ဍ မှာရှိတဲ့ မွေးမြူရေး လုပ်ငန်းများ၊ အစားအစာနဲ့ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း များမှာ ဆောင်ရွက်လျက် ရှိကြတဲ့ လုပ်ငန်းများ အနေနဲ့လည်း ယခုလက်ရှိမှာ အခြေအနေ အရပ်ရပ်ကြောင့် ငွေကြေး အခက်အခဲ များနဲ့ ရင်ဆိုင် နေရပြီး လုပ်ငန်းများ နှောင့်နှေးနေကြခြင်းများ ကြုံတွေ့နေ ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် ချေးငွေများ ရယူကာ လုပ်ငန်း များကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ ဆောင်ရွက် သွားခြင်းများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ယခုလက်ရှိမှာ ချေးငွေများကို G to G ချေးယူရန် အတွက် စီစဉ်ထား ပေမယ့် ချေးယူမယ့် ပမာဏ၊ ချေးယူမယ့် နိုင်ငံများ ကိုတော့ ယခု လက်ရှိမှာ မသိရှိရသေး ဘူးလို့ သိရပါတယ်။ ဒါအပြင် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေး အတွက် သား ၊ငါး ကဏ္ဍမှာ  ပြည်နယ်၊ နဲ့တိုင်းဒေသကြီး များမှာ ကဏ္ဍ အလိုက်၊ ဒေသ အလိုက် ဆွေးနွေးပွဲများ ကျင်းပပြီး ရေတို၊ ရေရှည် လုပ်ငန်းစဉ်များ ချမှတ်ရေး ဆောင်ရွက် လျက်ရှိတယ် လို့လည်း သိရပါတယ်။


မြို့နယ် ၁၅ မြို့နယ်တွင် EAHMI စီမံကိန်း ပြုလုပ်သွားမည်

မြို့နယ် ၁၅ မြို့နယ်မှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ဆက်စပ် နေတဲ့ တိရစ္ဆာန် ကျန်းမာရေး ထိန်းချုပ်မှု ဆိုင်ရာ Environmental Animal Health
Management Initiative (EAHMI) စီမံကိန်းကို FAO နဲ့ အီတလီ အစိုးရတို့ရဲ့ ထောက်ပံ့ ကူညီမှုနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန၊ တိရစ္ဆာန် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ စီမံကိန်းကို ပြည်တွင်းက နို့စား နွားမွေးမြူရေး လုပ်ငန်းမှာ အဓိက ဆောင်ရွက် သွားမှာဖြစ်ပြီး နို့စားနွား မွေးမြူရေး လုပ်ငန်းများမှာ ဆောင်ရွက် နေတဲ့ ရန်ကုန်တိုင်း ဒေသကြီးရှိ မင်္ဂလာဒုံ မြို့နယ်၊ လှည်းကူး မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးရှိ ပြင်ဦးလွင်၊ တံတားဦး၊ စဥ့်ကိုင်၊ အမရပူရ၊ သာစည်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ် နေပြည်တော် တပ်ကုန်း မြို့နယ် အစရှိတဲ့ မြို့နယ်များမှာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းဟာ တိရစ္ဆာန် ၀န်ဆောင်မှု လုပ်ငန်း ကဏ္ဍကို ပိုမို စွမ်းဆောင်မှု ရှိလာစေဖို့ အထောက်အကူပြုတဲ့ စီမံချက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းမှာ ပြည်တွင်းမှ နို့စား နွားမွေးမြူရေး လုပ်ငန်းများရဲ့ အခြေအနေ၊ တည်နေရာ၊ မွေးမြူမှု စနစ်၊ ထုတ်လုပ် ဖြန့်ဖြူးမှု စနစ်စတဲ့ သတင်း အချက်အလက် များကို စနစ်တကျ ကောက်ယူပြီး မွေးမြူသူများ အတွက် အထောက်အကူ ဖြစ်စေမယ့် လုပ်ငန်းများကို လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ စီမံကိန်း ဆောင်ရွက်ဖို့ အတွက် ကိုတော့ FAO မှ နည်းပညာ အထောက်အပံ့ ပေးမှာဖြစ်ပြီး အီတလီ အစိုးရမှ ငွေကြေး အထောက်အပံ့ ပေးမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

လူမှု ဖူလုံရေး ဥပဒေပါ အချက်များ အတိုင်း အကျိုးခံစားခွင့် ရရှိမည့် လူမှုဖူလုံရေး ကဒ်ပြားများ ပြုလုပ်နိုင်ပြီဖြစ်

လူမှုဖူလုံရေး အာမခံ ကဒ်ပြား ပြုလုပ်လိုသူတွေ အနေနဲ့ လိုင်စင် ဓာတ်ပုံ ၁ ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေ စုစည်းပြီး သက်ဆိုင်ရာ မြို့နယ်ရဲ့
လူမှုဖူလုံရေး ရုံးများမှာ လူမှုဖူလုံရေး ကဒ်ပြား များကို ပြုလုပ်နိုင်ပြီး ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ လူမှုဖူလုံရေးရဲ့ အာမခံ ကဒ်ပြား ရှိသူများဟာ အခမဲ့ဆေး ကုသခွင့်နဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားတဲ့ လူမှုဖူလုံရေး ဥပဒေပါ အချက် အလက်များကို ခံစားခွင့် ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာ လူမှုဖူလုံရေး အာမခံ ကဒ်ပြား လုပ်ဆောင်ပြီး သူဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၆ သိန်း နီးပါးလောက် ရှိတယ်လို့ သိရပါတယ်။ ယခု လက်ရှိမှာ လူမှုဖူလုံရေး ဥပဒေကို ရေးဆွဲပြီး သွားပြီး ဆက်လက် ရေးဆွဲ လျက်ရှိတဲ့ နည်းဥပဒေ မူကြမ်းမှာ လိုအပ်သည် များကို  ဆက်လက် ပြုပြင်ရေးဆွဲ သွားဖို့ ကိုလည်း အလုပ်သမား ၀န်ကြီး ဌာနနဲ့ သက်ဆိုင်ရာ ဌာနအဖွဲ့ အသီးသီးတို့မှ ပူးပေါင်း လုပ်ဆောင် လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို နည်းပဒေ မူကြမ်းရေးဆွဲ ရာမှာ  ပြည်တွင်း နေထိုင်သူများ အနေနဲ့ လူမှုဖူလုံရေး နည်းဥပဒေနဲ့ ပတ်သက်ပြီး အကြံပြု လိုပါက www.ssbmyanmar.gov.mm website မှာ ၀င်ရောက် ကြည့်ရှုပြီး အကြံပြု နိုင်တယ်လို့ သိရပါတယ်။ ဖုန်းနဲ့ ဆက်သွယ် အကြံပြုလို ပါကလည်း နေပြည်တော် ရုံးဖုန်းနံပတ် ၀၆၇-၄၃၀၀၉၆ယ ၄၃၁၀၉၈ယ ၄၃၀၀၉၉ယ ၄၃၀၁၀၀ သို့ ဆက်သွယ် နိုင်ကြောင်း သိရပါတယ်။


ရန်ကုန်တိုင်း ဒေသကြီး အခြေခံပညာ အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း ဒေသကြီး အခြေခံပညာ အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၅ ရက်နေ့က အ.ထ.က ၆ ဗိုလ်တထောင်မှာ
ကျင်းပပြုလုပ် ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာ အခြေခံပညာ အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို သြဂုတ်လ ၅ ရက်နဲ့ သြဂုတ်လ ၆ ရက်နေ့ တွေမှာ ပြုလုပ် နေတာ ဖြစ်ပါတယ်။

ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့် နေရာများ ကတော့ အက ပြိုင်ပွဲကို အ.ထ.က ၆ ဗိုလ်တထောင်၊ အတီးပြိုင်ပွဲကို အ.ထ.က ၁ လမ်းမတော်၊ အဆို ပြိုင်ပွဲကို အ.ထ.က ၁ လသာမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၁၈ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ မှာလည်း ရန်ကုန်တိုင်း ဒေသကြီး အနေနဲ့ အခြေခံပညာ အဆင့် ပြိုင်ပွဲများက ရွှေတံဆိပ် ၂၄ ဆု၊ ငွေတံဆိပ် ၃၆ ခု၊ ကြေးတံဆိပ် ၂၉ ဆုနဲ့ နှစ်သိမ့်ဆု ၂ ဆု၊ စုစုပေါင်း ဆုတံဆိပ် ၉၃ ရရှိအောင် စွမ်းဆောင် ပေးထား နိုင်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ MPU စနစ်သုံး Chip ကတ်များ လူထုအကြား စတင် သုံးစွဲနိုင်မည်

Myanmar Payment Union (MPU) စနစ်မှာ အသုံးပြုမယ့် Chip ကတ်တွေကို ယခုလ ၁၄ ရက်နေ့ မှ စတင်ကာ အများပြည်သူများ စတင် အသုံးပြု
နိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့ကြောင့် Myanmar Payment Union ဌာန ဖွင့်ပွဲ အခမ်းအနား ကိုလည်း ယခုလ ၁၄ ရက်နေ့၊ နံနက် ၇ နာရီအချိန်မှာ မြန်မာနိုင်ငံ ဗဟိုဘဏ်ဝင်း အတွင်းရှိ MPU ဌာနရုံးမှာ  ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိ မှာတော့ အဆိုပါ MPU စနစ်နဲ့ အသုံးပြု နိုင်မယ့် Chip ကတ်တွေကို သက်ဆိုင်ရာ ဘဏ်တွေ အချင်းချင်း စမ်းသပ် အသုံးပြု နေတာ ဖြစ်ပါတယ်။ အခုလို MPU စနစ်မှာ အသုံးပြုမယ့် Chip ကတ်တွေဟာ လက်ရှိလူထု အကြားမှာ အသုံးပြုနေတဲ့ ATM ကတ်တွေ ထက်ပိုမိုပြီး လုံခြုံစိတ်ချ ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုလ အသုံးပြုမယ့် MPU စနစ်နဲ့ Chip ကတ်တွေဟာ ဘဏ်အသီးသီးက ချပေးထားတဲ့ ATM စက်တိုင်းမှာ ငွေသား ထုတ်ယူ နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် MUP စနစ်မှာ အသုံးပြုတဲ့ Chip ကဒ်ဟာ ဘဏ်အလိုက် ကဒ်တွေ ခွဲခြား အသုံးပြုဖို့ မလိုတော့ဘဲ  ကဒ်တစ်ကတ် ထဲနဲ့ ဘဏ်အသီးသီးရဲ့ ATM စက်တွေတိုင်းမှာ ငွေသား ထုတ်ယူ နိုင်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။




စက်တင်ဘာ ၃ ရက်နေ့က စတင်ကာ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄ ခုအား ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်အဖြစ် သတ်မှတ်

ယခုလ ၃ ရက်နေ့မှ စတင်ကာ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄ ခုကို ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်နဲ့ ကာကွယ် ထိန်းသိမ်း
ထားတဲ့ ဇုန်အဖြစ် သတ်မှတ် ပြဋ္ဌာန်း လိုက်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နဲ့ စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို သတ်မှတ်ရာတဲ့ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄ ခုကတော့ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူ မြို့နယ် အတွင်းရှိ မြေထူး မြို့ဟောင်း၊ မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီး မြို့နယ်၊ ဘုရားကြီး ကျေးရွာ အနီးရှိ ၀တီမြို့ဟောင်းနဲ့ မန္တလေးတိုင်း ဒေသကြီး မြစ်သား မြို့နယ်၊ မိုင်းမောကျေးရွာ အုပ်စု အတွင်းရှိ ပင်လယ် မိုင်းမော မြို့ဟောင်းတို့ကို သတ်မှတ် ပြဋ္ဌာန်း ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် သတ်မှတ် ပြဋ္ဌာန်း လိုက်တဲ့ နေရာဒေသ ၄ ခုမှာ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များကို ထိခိုက် ပျက်စီးစေမယ့် ဆောင်ရွက်မှုများ ဖြစ်တဲ့ လူနေအိမ်ခြေများ အပါအ၀င် အဆောက်အအုံ သစ်များ ဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ဆည်မြောင်း၊ ကန်များ တူးဖော်ခြင်းများ မပြုလုပ်ရဘူးလို့ သိရပါတယ်။ ဒါ့အပြင်  ဓာတ်တိုင်းများ စိုက်ထူခြင်း၊ စက်ရုံအလုပ်ရုံများ၊ ဟိုတယ်များ တည်ဆောက်ခြင်းနဲ့ မြို့ရွာများ တိုးချဲ့ခြင်း အစရှိတဲ့ ရှေးဟောင်း နေရာဒေသရဲ့ အသွင်အပြင် ပျက်စီးစေမယ့် ဆောင်ရွက် မှုမျိုး မပြုလုပ် ဖို့လည်း ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၉/၉၈ အခန်း ၇ ၊ ဥပဒေ ပုဒ်မ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃ အရ တားမြစ် ကန့်သတ် ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်အတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၃.၈၄၉ သန်း မြှုပ်နှံခဲ့

အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံကို သြဂုတ်လ အတွင်း
နိုင်ငံခြားသားများ လာရောက် ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန် ဒေါ်လာ ၃.၈၄၉ သန်း ရင်းနှီးမြှုပ်နှံ ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လာရောက် ရင်းနှီးမြှုပ်နှံမှု မှာတော့ ၀န်ဆောင်မှု လုပ်ငန်းများမှာ အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံ ကြတာ ဖြစ်ပြီး အထည်ချုပ် လုပ်ငန်း၊ သဘာဝ ဓာတ်ငွေ့နဲ့ ရေနံ လုပ်ငန်း၊ သတ္ထုတွင်း လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး လုပ်ငန်းနဲ့ အခြား လုပ်ငန်းများမှာ လာရောက် ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်။

ယခုလက်ရှိ ပြည်တွင်းမှာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ အနေနဲ့တရုတ်နိုင်ငံမှ အများဆုံး ရင်နှီးမြှုပ်နှံ ထားပြီး ထိုင်းနိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံ မှုဟာ ဒုတိယ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခွင့်အလမ်း များဟာ ယခင်ကထက် ပိုမိုပွင့်လင်း လာတာကြောင့် မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံနဲ့ EU နိုင်ငံတွေ ကလည်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ အတွက် လာရောက် လေ့လာမှုများ ပြုလုပ်လျက် ရှိနေတယ် လို့လည်း သိရပါတယ်။


 

မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနမှ လုပ်ငန်း ၂၆ ခုအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက် သွားရန်ရှိ

မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီး ဌာနမှ လုပ်ငန်း ၂၆ ခုကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အတွက် နိုင်ငံတော် သမ္မတရုံးကို တင်ပြခဲ့ရာ နိုင်ငံတော် သမ္မတရုံးရဲ့
ခွင့်ပြုချက်နဲ့ ပုဂ္ဂလိကသို့ လေလံတင် ရောင်းချပေးရေး၊ ပုဂ္ဂလိက လုပ်ငန်းရှင် များသို့ ငှားရမ်းပေးရေးနဲ့ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များနဲ့ ဖက်စပ် လုပ်ငန်းများ ဆောင်ရွက်ရေး တို့ကို ခွင့်ပြုပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လုပ်ငန်း ၂၆ ခုထဲက ၁၀ ခုကို ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနဲ့ အကျိုးတူ ဖက်စပ် ခွင့်ပြုပေးမှာ ဖြစ်ပြီး အဆိုပါ လုပ်ငန်းများ ကတော့ ပျဉ်းမပင် ကြက်မျိုးများ မွေးမြူစမ်းသပ်ရေးခြံ၊ ပျဉ်းမပင် မျိုးသန့် ကြက်မွေး မြူရေးခြံ၊ ပျဉ်မပင် အသားတိုး မျိုးကြက် မွေးမြူရေးခြံ၊ ပျဉ်းမပင် ဗဟိုဖောက်စက် အသစ်၊ ပျဉ်းမပင် ဗဟိုဖောက်စက် အဟောင်း တို့ဖြစ်ပါတယ်။

ဒါ့အပြင် ပေါင်းငူကြက် မွေးမြူရေးခြံ၊ ပျဉ်းမပင် နွားမွေးမြူရေးခြံ၊ ပျဉ်းမပင် နွယ်ခွေ ကြက်မွေးမြူရေးခြံ၊ ပုသိမ်ကြီး ကြက်မွေးမြူရေး ခြံနဲ့ ပြင်ဦးလွင် မျိုးရင်းစစ် ကြက်မွေးမြူရေး ခြံတို့ကိုလည်း လုပ်ငန်းရှင် များနဲ့ အကျိုးတူ ဖက်စပ် လုပ်ကိုင်ခွင့် ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ငှားရမ်း ဆောင်ရွက်ခွင့် ပေးမယ့် လုပ်ငန်း ၁၀ ခုကတော့ ငါးဆူတောင် ဥစားကြက် မွေးမြူရေးခြံ အမှတ် ၁၊ ငါးဆူတောင် ဥစားကြက် မွေးမြူရေးခြံ အမှတ် ၂ ၊ ဘုရားကြီးမျိုး ဘဲမွေးမြူရေးခြံ၊ ခြေမြစ်ပင် ကြက်မွေးမြူရေးခြံ၊ တောင်ခမ်းကြက် မွေးမြူရေးခြံ၊ မြိုင် ဆိတ်မွေးမြူရေးခြံ၊ ချင်းပြည်နယ် ကလေး မွေးမြူရေးခြံ၊ တာချီလိတ် မွေးမြူရေးခြံ၊ ဟိုမှော် မွေးမြူရေးခြံ၊ ဇီးပင်ကြီး ကြက်မွေးမြူရေး ခြံစတဲ့ ခြံတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကသို့ လေလံတင် ရောင်းချပေးမယ့် လုပ်ငန်း ၆ ခုမှာတော့ တာယောအစာ သိုလှောင်ရုံ၊ ပင်လောင်း မွေးမြူရေးခြံ၊ ဆီဆိုင် မွေးမြူရေးခြံ၊ အအေးခန်းနဲ့ ရေခဲစက်ရုံ ကျောက်ဖြူ၊ လုံးသာ ပုစွန်သားဖောက် လုပ်ငန်း၊ အအေးခန်းနဲ့ ရေခဲစက်ရုံ ညောင်ရွှေ တို့ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းများကို ဆောင်ရွက် လိုတဲ့ လုပ်ငန်းရှင်များဟာ မိမိ လုပ်ကိုင်လိုတဲ့ လုပ်ငန်းကို  အသေးစိတ် ကွင်းဆင်း လေ့လာပြီး သက်ဆိုင်ရာ ဌာနများနဲ့ ဆွေးနွေးကာ ဆောင်ရွက် လိုတဲ့ အခြေအနေများကို ၀န်ကြီးဌာနသို့ အမြန်ဆုံး ပြန်လည် တင်ပြပြီး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် သွားဖို့ ဆွေးနွေး နိုင်တယ်လို့ သိရပါတယ်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့