မြန်မာနိုင်ငံ ပညာရေးစနစ်အား အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေ
Monday 3rd September 2012
မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ ကြီးမှူးပြီး ဒေါက်တာ ဦးသိန်းမှ အကြီးစား ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံ ပညာရေး စနစ် အကြောင်း
ဟောပြောပွဲကို စက်တင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ UMFCCI မှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဟောပြောပွဲမှာ ဒေါက်တာ ဦးသိန်းမှ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က မြန်မာ့ ပညာရေးဟာ အရှေ့တောင် အာရှမှာ ထိပ်ဆုံးပိုင်းက ရှိနေခဲ့ပေမယ့် လက်ရှိ ကာလမှာ စင်္ကာပူ၊ မလေးရှား၊ ထိုင်းတို့ နောက်ကို ရောက်နေပြီး မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အားလျော့ နေတာ ဖြစ်ပါတယ်။
ဒီလို မြန်မာ့ ပညာရေးမှာ နောက်ကျနေတဲ့ အတွက် ပညာရေးကို အဆင့်မြှင့်တင်ဖို့ လိုအပ်ပြီး သက်ဆိုင်ရာ ပညာရေးဌာန တွေမှာ မြှင့်တင်ဖို့ ကြိုးစားနေ ပေမယ့် စနစ်ဟောင်းက ခံယူချက်များတဲ့ အတွက် အခက်အခဲများ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပညာရေး မြှင့်တင်ဖို့ လိုအပ်တာဟာ စီးပွားရေး လုပ်ငန်းများ အတွက် အရည်အချင်း ရှိတဲ့ လူအရင်းအမြစ်များ၊ တတ်သိ ကျွမ်းကျင် စီမံခန့်ခွဲ အုပ်ချုပ် တက်သူများ၊ ပညာရှင်များ၊ မျိုးဆက်သစ် ခေါင်းဆောင်များ အစရှိတဲ့ ပုဂ္ဂိုလ်များ မွေးထုတ် ပေးရန် လိုအပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ မှာ နိုင်ငံသား တစ်ဦးချင်း ၀င်ငွေ သုံးဆ တိုးလာခဲ့ပါက စီးပွားရေး အခြေခံ အဆောက်အအုံနဲ့ ပညာရေး အပေါ်ယံ အဆောက်အအုံ တို့ဟာ ရေမြင့် ကြာတင့်တဲ့ သဘော ဖြစ်လာမှာ ဖြစ်တယ်လို့ ဒေါက်တာ ဦးသိန်းရဲ့ ပြောကြားချက် အရ သိရပါတယ်။
ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရန် ကနေဒါ နိုင်ငံတကာ ကုန်သွယ်ရေး ၀န်ကြီး လာရောက်
Monday 3rd September 2012
ကနေဒါနိုင်ငံ Minister of International Trade နိုင်ငံတကာ ကုန်သွယ်ရေး ၀န်ကြီး Mr. Edward Fast နဲ့ အဖွဲ့ဝင် ၅ ဦးတို့ဟာ မြန်မာနိုင်ငံရဲ့
ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ ပူးပေါင်း ဆောင်ရွက်လိုခြင်း အတွက် စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ UMFCCI ခန်းမမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် အတွက် နည်းပညာ ဖလှယ်ရေး ပံ့ပိုးကူညီရေး အစရှိသဖြင့် ဆွေးနွေးခဲ့ပြီး FDI Law နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နဲ့ ပတ်သက်ပြီး သိချင်တာတွေ ရှိတယ်လို့ အဆိုပါ အဖွဲ့ဝင်တွေက ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ကနေဒါ နိုင်ငံ နိုင်ငံတကာ ကုန်သွယ်ရေး ၀န်ကြီး အနေဖြင့် အာရှပစိဖိတ်ကို လာရောက် ခဲ့ခြင်းဟာ ပထမဆုံး ခြေလှမ်း ဖြစ်တာ နဲ့အညီ မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁ ရက် နေ့မှ ၃ ရက်နေ့ထိ လာရောက် တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကြီးစား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လိုခြင်း ကိစ္စတွေကို အကောင်အထည်ဖော် သွားရန် ရှိတယ် လို့လည်း သတင်းရရှိ ပါတယ်။
ရေကြီးနစ်မြုပ် ဒေသများ အတွက် တိရစ္ဆာန်အစာ၊ ဆေးဝါးနှင့် အလှူငွေ ပေးအပ်
Monday 3rd September 2012
မိုးရွာသွန်းမှု များပြီး ရေကြီး နစ်မြုပ်ခဲ့တဲ့ ဒေသတွေ အတွက် တိရစ္ဆာန်အစာ၊ ဆေးဝါးနဲ့ အလှူငွေ ပေးအပ်မှု အခမ်းအနားကို သြဂုတ်လ ၃၁ ရက်နေ့က
မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနမှာ ကျင်းပ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိရစ္ဆာန် ဆေးဝါးနဲ့ အလှူငွေ ပေးအပ်မှု အစီအစဉ်ကို မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကု ဆရာဝန် အသင်းနဲ့ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ အခမ်းအနားမှ ရရှိတဲ့ အလှူငွေနဲ့ တိရစ္ဆာန်အစာ၊ ဆေးဝါးများ ကိုတော့ ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ပန်းတနော်နဲ့ ဓနုဖြူအစရှိတဲ့ မြို့နယ် ၈ ခုအပါအ၀င် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရွှေကျင်၊ ဒိုက်ဦး၊ သနပ်ပင်၊ ကျောက်ကြီး စတဲ့ မြို့နယ် ၅ ခုမှာ လှူဒါန်း ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို လှူဒါန်းခဲ့ရာ မှာတော့ ရေကြီးနစ်မြုပ် ဒေသများ အတွက် တိရစ္ဆာန် အစာတောင့်များ၊ ကာကွယ် ဆေးဝါးများ၊ ကုသဆေးများ အတွက် စုစုပေါင်း ကျပ်သိန်း လေးရာ ကျော် ရရှိခဲ့ပါတယ်။ အဆိုပါ တိရစ္ဆာန်အစာ၊ ဆေးဝါးနဲ့ အလှူငွေများကို အလှူရှင် များနဲ့အတူ တိရစ္ဆာန် ဆေးဝါး ကုမ္ပဏီ၊ တိရစ္ဆာန်အစာ ကုမ္ပဏီ စုစုပေါင်း ၄၃ ခုမှ ပါဝင် လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လှူဒါန်းရတဲ့ ရည်ရွယ်ချက် ကတော့ ရေကြီးနစ်မြုပ်တဲ့ ဒေသများရှိ တိရစ္ဆာန်များရဲ့ ကူးစက် ရောဂါ ကာကွယ်ရေး၊ ရောဂါမဖြစ်ပွားဖို့ ထိန်းချုပ်ရေး၊ ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်များ အသေအပျောက် နည်းပါးရေး စတဲ့ လုပ်ငန်းများကို ဆောင်ရွက်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ထီဖွင့်ပွဲမှ စတင်ကာ ကမှအ အထိ အက္ခရာစုံ ဖွင့်လှစ်ပေး သွားမည်
Monday 3rd September 2012
လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၈၅ ကြိမ်မြောက် ငွေကျပ် ၂၀၀ တန် အောင်ဘာလေ ထီဖွင့်ပွဲမှ စတင်ကာ မြန်မာ အက္ခရာဗျည်း
၃၃ လုံးဖြစ်တဲ့ ကမှအ အထိ အက္ခရာ အစုံ ကို တိုးချဲ့ဖွင့်လှစ်ပေး သွားမှာ ဖြစ်တယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆု ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ် ပေးခဲ့တဲ့ ၂၈၄ ကြိမ်မြောက် ကျပ် ၂၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ ကတော့ အက္ခရာ က မှ ဟ အထိ အက္ခရာ ၃၁ လုံး ဖွင့်လှစ် ပေးခဲ့ပြီး အဆိုပါ အက္ခရာ ၃၁ ဖွင့်လှစ်ပေးမှုဟာ ၂၈၂ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲက စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို အက္ခရာ ၃၁ နဲ့ဖွင့်လှစ်မှု မပြုလုပ်မီ ၂၈၁ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲ ကတော့ အက္ခရာ ၂၈ လုံးနဲ့သာ ဖွင့်လှစ် ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လအလိုက် အက္ခရာ နံပါတ်တွေကို တိုးမြှင့် ဖွင့်လှစ်ပေး လာပြီး လာမယ့် အောက်တိုဘာလ မှာဖွင့်လှစ်မယ့် ၂၈၅ ကြိမ်မြောက် မှ စတင်ကာ အက္ခရာ ၃၃ ခု စလုံးကို တိုးချဲ့ဖွင့်လှစ် သွားမှာဖြစ် ပါတယ်။ ဒီလို အက္ခရာ ၃၁ ခု တိုးချဲ့ ရောင်းချပြီး ဖွင့်လှစ် ပေးရင်တော့ မြန်မာအက္ခရာ က မှ အ အထိ သတ်မှတ် ရောင်းချဖို့ လျာထားတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
Myanmar B2B Management Magazine တွင် စီးပွားရေးနှင့် စီမံခန့်ခွဲမှု ပညာရပ်များကို အဓိကထား ဖော်ပြထား
Monday 3rd September 2012
စီးပွားရေး လုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင် အသီးသီးမှာ တာဝန်ယူ ထားသူတွေ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ပညာရပ် တွေကို လေ့လာချင် သူများ အတွက်
ရည်ရွယ်ပြီး ထုတ်ဝေခဲ့တဲ့ Myanmar B2B Management Magazine မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့က Park Royal Hotel မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မဂ္ဂဇင်းမှာ လတ်တလော ဖြစ်ပေါ် ပြောင်းလဲ နေတဲ့ ပြည်တွင်း ပြည်ပ စီးပွားရေး သတင်းများ၊ ဆောင်းပါးများ၊ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးရဲ့ အတွေ့အကြုံ၊ ဗဟုသုတနဲ့ စီးပွားရေး ဆိုင်ရာ အသိပညာ တွေကိုပါ ထည့်သွင်း ရေးသား ဖော်ပြထား ပါတယ်။
ဒါ့အပြင် စီးပွားရေး လောကမှာ ဖြစ်ပျက်နေတဲ့ စီးပွားရေး ဆိုင်ရာ မှုခင်းများ အကြောင်း၊ ပြည်တွင်း ပြည်ပ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဆောင်းပါးများ၊ လတ်တလော ဖြစ်ပေါ်နေတဲ့ စီးပွားရေး သတင်းများနဲ့ စီးပွားရေး လောက သိသင့် သိထိုက်တဲ့ စီးပွားရေး ဆိုင်ရာ ဥပဒေ၊ ကျင့်ဝတ်များကို ဗဟုသုတ ဖြစ်ဖွယ် တင်ဆက် ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထူးခြားမှု အနေနဲ့ စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း တွေ့ဆုံပြီး စီးပွားရေး လုပ်ငန်း တွေအပြန်အလှန် ချိန်ဆက် ဆောင်ရွက် သွားနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နဲ့ ဆွေးနွေးမယ့် အကြောင်းအရာ များကိုပါ ထည့်သွင်း ဖော်ပြပေး ထားပါတယ်။
ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ အကြောင်း၊ ရွှေဈေး၊ ငွေ လဲလှယ်နှုန်း၊ စက်သုံးဆီ ဈေးများနဲ့ ပြည်တွင်း၊ ပြည်ပကို ထွက်ခွာ နေတဲ့ လေယာဉ် အချိန်များနဲ့ မော်တော်ကား ခရီးစဉ် အကြောင်းများပါ ပါဝင် တယ်လို့ သိရပါတယ်။ အဆိုပါ စာအုပ် ကိုတော့ တစ်အုပ်လျှင် သုံးထောင် ကျပ်နဲ့ ရောင်းချ ပေးသွားမှာ ဖြစ်ပြီး ရန်ကုန်မြို့၊ နေပြည်တော်၊ တောင်ကြီးမြို့နဲ့ မန္တလေးမြို့များမှာ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လာမည့် ဒီဇင်ဘာလတွင် ရှေးဟောင်း သုတေသန ဥယျာဉ် စတင် ဆောင်ရွက် သွားမည်
Monday 3rd September 2012
ရှေးဟောင်း ယဉ်ကျေးမှု ဒေသများကို Archaeological Park ရှေးဟောင်း သုတေသန ဥယျာဉ် အဖြစ် ဆောင်ရွက်မှုကို လာမယ့် ဒီဇင်ဘာလမှာ
စတင်ဆောင်ရွက် သွားဖို့ အတွက် စီစဉ်လျက် ရှိတယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ရှေးဟောင်း သုတေသန ဥယျာဉ် အဖြစ် ဆောင်ရွက်ရာမှာ မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ်ရှိ အင်းဝဒေသ၊ မကွေးတိုင်း ဒေသကြီး၊ ရေစကြို မြို့နယ်ရှိ ပခန်းကြီး ဒေသ၊ ရှမ်းပြည်နယ် ပြဒါးလင်းဂူ တို့အား ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အဆင်ပြေ လွယ်ကူ ချမ်းမြေ့စွာ ကြည့်ရှုနိုင်ဖို့ အတွက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
အခုလို ရှေးဟောင်း ယဉ်ကျေးမှု ဒေသများကို ရှေးဟောင်း သုတေသန ဥယျာဉ် အဖြစ် ဆောင်ရွက်ဖို့ အတွက်ကို ပုဂ္ဂလိက လုပ်ငန်းရှင် များနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရှေးဟောင်း ယဉ်ကျေးမှု ဒေသများကို ရှေးဟောင်း သုတေသန ဥယျာဉ် အဖြစ် ဆောင်ရွက် ရတာဟာ မြို့ဟောင်း ဒေသများ အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းဖို့နဲ့ တိုးမြှင့် တည်ဆောက် သွားဖို့၊ ဒေသတွင်းရှိ လူမှု အဖွဲ့အစည်းရဲ့ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာများ ဖွံ့ဖြိုး တိုးတက်စေဖို့၊ ပြည်တွင်း၊ ပြည်ပ ခရီးသည်များ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်ကို သိရှိစေဖို့ အစရှိတာတွေ အတွက် အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ လေကြောင်း၏ ပြည်ပ ခရီးစဉ်များ ပြန်လည်ပြေးဆွဲ ပျံသန်းတော့မည်
Monday 3rd September 2012
မြန်မာ့လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာ့ လေကြောင်းဟာ မကြာခင် လပိုင်းများမှာ ပြည်ပ ခရီးစဉ်များ ပြန်လည် ပြေးဆွဲ
ပျံသန်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ လေကြောင်းဟာ ပြည်ပ ခရီးစဉ်များကို ၁၉၉၃ မတိုင်ခင်က ပျံသန်း ပြေးဆွဲခဲ့ပြီး ၁၉၉၃ နောက်ပိုင်း မှာတော့ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ ခရီးစဉ်များ ပြေးဆွဲမှုကို ရပ်နားခဲ့တာ ဖြစ်ပါတယ်။
ဒီလို ပျံသန်း ပြေးဆွဲ ပေးမယ့် ပြည်ပ ခရီးစဉ်တွေ ကတော့ အိန္ဒိယ၊ ထိုင်း၊ ဗုဒ္ဓဂါယာ ခရီးစဉ်များကို ပျံသန်းပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။ မြန်မာ့ လေကြောင်းဟာ ပြည်ပ ခရီးစဉ်တွေကို ပျံသန်း ပြေးဆွဲနိုင်ဖို့ အခုအခါမှာ ဘရာဇီးနိုင်ငံ SAO JOSE JOS မြို့ရှိ Embraer လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်တဲ့ E-190 လေယာဉ် အမျိုးအစား အသစ် ၂ စီးကို ၀ယ်ယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ် အသစ် ၂ စီးဟာ ပြည်တွင်းသို့ နိုဝင်ဘာလ တတိယ ပတ်ဝန်းကျင်မှာ ရောက်ရှိမှာ ဖြစ်ပြီး ဒီဇင်ဘာ ပထမပတ်မှာ ခရီးစဉ်တွေကို စတင်ပျံသန်း ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် E-190 လေယာဉ် အမျိုးအစားနဲ့ ပြည်ပ ခရီးစဉ် အပြင် ပြည်တွင်း ခရီးစဉ်များကိုလည်း ပျံသန်း ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။ ဒီလို ပျံသန်းရာမှာ F-28 လေယာဉ်များ ဆင်းသက် လို့ရတဲ့ လေယာဉ် ကွင်းတိုင်းမှာ ဆင်းသက်ပြီး ပြည်တွင်း ခရီးစဉ်များ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
River View Point အား ၂ နှစ်ခွဲ အချိန်ယူကာ ဆောက်လုပ် သွားမည်
Monday 3rd September 2012
River View Point အမည်ရှိ ဈေးဝယ် စင်တာနဲ့ ကွန်ဒို တိုက်ခန်းများ ဆောက်လုပ်မှုကို အချိန်ကာလ အားဖြင့် ၂ နှစ်ခွဲ အချိန်ယူကာ ဆောက်လုပ်
သွားမှာ ဖြစ်တယ်လို့ အဆိုပါ စီမံကိန်းကို တာဝန်ယူ ဆောက်လုပ်တဲ့ Asia Myanmar Consortium Development Co.Ltd မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ River View Point ကို ဆောက်လုပ်ရာ မှာလည်း ရန်ကုန်မြို့ ကမ်းနားလမ်းနဲ့ အလုံ သစ်တော လမ်းထောင့်မှာရှိတဲ့ ၃၆၀ပေx၁၂၀ ပေ အကျယ်ရှိတဲ့ မြေကွက်ပေါ်မှာ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။
အခုလို River View Point ဆောက်လုပ်မယ့် နေရာမှာ ယခင်က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောက်လုပ် သွားမယ့် River View Point စီမံကိန်း ကိုတော့ နိုင်ငံတကာ အဆင့်မှီ ၁၃ ထပ် အဆင့်မြင့် ဈေးဝယ် စင်တာနဲ့ ကွန်ဒို တိုက်ခန်းများ ပါဝင်တာ ဖြစ်ပါတယ်။ အခုလို ဆောက်လုပ်ဖို့ အတွက် ကိုလည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနဲ့ Asia Myanmar Consortium Development Co.Ltd တို့ သဘောတူ စာချုပ် ချုပ်ဆိုပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ River View Point မှာတော့ လူနေ အိမ်ခန်းပေါင်း ၁၁၄ ခန်း ပါဝင်တာ ဖြစ်ပါတယ်။ အိမ်ခန်း အကျယ်အ၀န်း အနေနဲ့တော့ ၁၇၅၀ Sq.ft ကနေ ၁၉၅၅ Sq.ft ထိရှိတာဖြစ်ပြီး ဈေးနှုန်း ကိုတော့ မသတ်မှတ် ရသေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ရေနည်း ကာလများ၌ ဧရာဝတီ မြစ်ကြောင်းတွင် ရေယာဉ်များ သွားလာရန် ခက်ခဲသည့် နေရာ ၄၆ နေရာရှိနေ
Monday 3rd September 2012
ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်မှာ ရေနည်း ကာလတွေမှာ ရေအနက် နည်းပါးတဲ့ ရေလမ်းကြောင်း များမှာ ရေယာဉ်များ သွားလာဖို့ ခက်ခဲတဲ့
နေရာ ၄၆ နေရာ ရှိတယ်လို့ သြဂုတ်လ ၃၁ ရက် နေ့က အလုံသင်္ဘော ကျင်းမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ ရေကြောင်း သွားလာရေး ဆိုင်ရာ အခက်အခဲများမှာ ရေအနက် မလုံလောက်ခြင်း၊ ရေနက်ကြောင်း ပြောင်းလဲမှု မြန်ဆန်ခြင်း၊ ရေလမ်း အကွေ့အကောက် များခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ဒီလို ရေကြောင်း သွားလာရေး ဆိုင်ရာ အခက်အခဲများ ရှိတာကြောင့် ဧရာဝတီမြစ် ဖြတ်သန်း စီးဆင်းရာ ဒေသဖြစ်တဲ့ ဗန်းမော်မှ ရန်ကုန် အထိမှာ ဧရာဝတီမြစ်ရေ လမ်းပိုင်း ပြုပြင်ဖို့ ရေကြောင်း ကြပ်တည်း တဲ့နေရာ ၄၆ နေရာရှိပြီး အဲဒီ နေရာများကို အနည်းဆုံး ရေအနက် ၃ မီတာ အမြဲရရှိစေဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို သွားလာရ ခက်ခဲတဲ့ ရေလမ်းပိုင်းများမှာ ဗန်းမော်မှ သပိတ်ကျင်းထိ ရေလမ်းပိုင်း ၁၄ ပိုင်း၊ သပိတ်ကျင်းမှ မန္တလေးထိ ရေလမ်းပိုင်း ၃ ပိုင်း၊ မန္တလေးမှ ညောင်ဦးထိ ရေလမ်းပိုင်း ၇ ပိုင်း၊ ညောင်ဦးမှ မကွေးထိ ရေလမ်းပိုင်း ၅ ပိုင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် မကွေးမှ အောင်လံထိ ရေလမ်းပိုင်း ၃ ပိုင်း၊ အောင်လံမှ ရွှေတောင်ထိ ရေလမ်းပိုင်း ၃ ပိုင်း၊ ရွှေတောင်မှ မိုးညိုထိ ရေလမ်းပိုင်း ၆ ပိုင်း၊ မိုးညိုမှ ညောင်တုန်း အထိ ရေလမ်းပိုင်း ၄ ပိုင်းတို့ ပါဝင်တယ်လို့ သတင်းရရှိ ပါတယ်။
No comments:
Post a Comment