ကမ္ဘာကျော်
နည်းပညာ ဝန်ဆောင်မှု လုပ်ငန်းစုကြီး တစ်ခုဖြစ်သော Google လုပ်ငန်းစုသည်
မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ပြီး စီးပွားရေး လုပ်ငန်းများ
လုပ်ကိုင်ရန်အတွက် ယခုလအတွင်း လာရောက် လေ့လာမှုများ ပြုလုပ်မည်ဖြစ်ကြောင်း
ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အချို့ထံမှ ၅-၉-၂၀၁၂ ရက်က သိရသည်။ Google
မှ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၁၁ ရက် တွင် ရန်ကုန်သို့
ရောက်ရှိလာပြီး ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းစုကြီးများနှင့်
တွေ့ဆုံသွားရန် ရှိနေကြောင်း သိရသည်။ “စက်တင်ဘာ ၁၁ ရက်မှာ Google က
ကိုယ်စားလှယ်တွေ လာပါမယ်။ ဒီမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့အတွက်
ရုံးခွဲလာဖွင့်မှာပါ။ ပထမအဆင့်လာပြီး လေ့လာတာ ဖြစ်ပြီးတော့
ဒီကလုပ်ငန်းစုတွေနဲ့ ပူးပေါင်းလို့ ရတာရှိရင် ပူးပေါင်းလုပ်ဆောင်
သွားပါလိမ့်မယ်” ဟု Google မှ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည့်
ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“Google
ဝင်လာရင်တော့ မြန်မာနိုင်ငံရဲ့ နည်းပညာကဏ္ဍမှာ လိုအပ်တဲ့ဟာကွက်တွေ သူတို့ဘက်က
ထောက်ပြနိုင်မယ်လို့ ယူဆနေတယ်” ဟု ကျောက်တံတား မြို့နယ်ရှိ
နည်းပညာဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ ဆိုင်ရှင်တစ်ဦးက ပြောကြားသည်။ “သူတို့
သမ္မတကြီးနဲ့ တွေ့ဖို့လည်း ရှိတယ်လို့ သိရတယ်။ပြီးတော့ အစိုးရ အဖွဲ့တွေရော၊
ကုန်သည်/ စက်မှုအသင်းချုပ် ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့သွားဖို့ ရှိတယ်။
ကျွန်တော်တို့နဲ့ကတော့ စင်ကာပူ အခြေစိုက် ကျွန်တော်တို့ရဲ့
လုပ်ငန်းစုဘက်ကနေ ဆက်သွယ်ထားတာပါ” ဟု Google နှင့် တွေ့ဆုံမည့်
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။ အင်တာနက် ဝန်ဆောင်မှုတွင်
Google နှင့် Facebook အပြိုင်အဆိုင် ဖြစ်နေပြီး မြန်မာနိုင်ငံမှ
သုံးစွဲသူများကြားတွင် ဖေ့စ်ဘွတ်ကို သာမန်အနေအထား အတွက်သာ အသုံးများနေပြီး
Google ကို လုပ်ငန်းခွင်တွင် အသုံးများနေသည်ဟု သိရသည်။
No comments:
Post a Comment