Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 2 October 2012

သတင်းတိုများ


နိုင်ငံတော် သမ္မတ အမေရိကန် ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာမှုကို လူအများအပြား လာရောက် ကြိုဆိုခဲ့

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာ
လေဆိပ်သို့ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခွဲက ပြန်လည် ရောက်ရှိ လာမှုကို ပြည်သူ အများအပြား သွားရောက် ကြိုဆိုခဲ့ကြ တယ်လို့ သိရပါတယ်။ ဒီလို နိုင်ငံတော် သမ္မတ ပြည်ပ ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာမှုကို ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရှိ ပြည်ပနိုင်ငံများ ဆိုင်ရာ သံရုံးများမှ သံအမတ်များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည် များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ တာဝန်ရှိသူများ သွားရောက် ကြိုဆိုခဲ့ ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိ ပုဂ်္ဂိုလ်များ၊ ပြည်တွင်းရှိ သက်ဆိုင်ရာ ပါတီများ၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ၊ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များ၊ ၀န်ထမ်းများနဲ့ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ၀န်ထမ်းများက ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ အဆိုပါ ခရီးစဉ်မှာ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး အတွင်း ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ RFA နဲ့ မြန်မာနေရှင်နယ် တီဗွီတို့မှ သတင်းထောက်များ ကိုလည်း လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီလို လက်ခံ တွေ့ဆုံခဲ့ရာမှာ သတင်းထောက်များ မေးမြန်းခဲ့တဲ့  လက်ပန်းတောင်းတောင် သတ္တုတွင်း လုပ်ငန်း နယ်မြေ အတွင်းမှ ကျေးရွာများ ရွှေ့ပြောင်းရေး ကိစ္စ၊ KIA အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေမှု၊ အမေရိကန်-မြန်မာ ဆက်ဆံရေး၊ အမေရိကန်နိုင်ငံ ကနေ မြန်မာနိုင်ငံရဲ့ ပို့ကုန်များ ပြန်လည် တင်သွင်း ခွင့်ပြုတဲ့ အပေါ် အကျိုး သက်ရောက်နိုင်မှု အခြေအနေ တွေကို နိုင်ငံတော် သမ္မတမှ ရှင်းလင်း ဖြေကြားပေး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။


အထပ်မြင့် လှေကားများကို သံကူကွန်ကရစ် အမျိုးအစားဖြင့်သာ ဆောက်လုပ် သွားရမည်

ရန်ကုန် မြို့တွင်းရှိ အထပ်မြင့် အဆောက်အဦးများရဲ့ အထပ်မြင့် အရေးပေါ် လှေကားများကို ဆောက်လုပ်ရာမှာ သံကူ ကွန်ကရစ် အမျိုးအစားနဲ့သာ
ဆောက်လုပ် သွားရတော့မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို သံကူ ကွန်ကရစ် အမျိုးအစားနဲ့ ဆောက်လုပ် ရတာဟာ အရင်က ဆောက်လုပ်ခဲ့တဲ့ သံလှေကားများဟာ အချိန်ကာလ ကြာမြင့်မှုကြောင့် ဆွေးမြေ့ ပျက်စီးခြင်း၊ အရည်အသွေးများ မပြည့်မီခြင်း အစရှိတာတွေ ဖြစ်ပေါ်တဲ့ အတွက် ယခုလို သံကူ ကွန်ကရစ် အမျိုးအစားနဲ့ ပြောင်းလဲ ဆောက်လုပ်ဖို့ ထုတ်ပြန်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို သံကွန် ကူကရစ် အမျိုးအစားနဲ့ အထပ်မြင့် လှေကား ဆောက်လုပ်မှု ကိုတော့ လက်ရှိ ဆောက်လုပ်ဆဲ အထပ်မြင့် တိုက်တွေနဲ့ နောက်ပိုင်းမှာ ဆောက်လုပ် သွားမယ့် အထပ်မြင့် တိုက်တွေမှာ ဆောက်လုပ် သွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်က ရှိခဲ့တဲ့ သံလှေကား တွေကိုလည်း သက်ဆိုင်ရာ ကန်ထရိုက်တွေ အနေနဲ့ ခိုင်ခံ့အောင် ပြန်လည် ပြုလုပ် သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ သံကူ ကွန်ကရစ် အမျိုးအစား ဆောက်လုပ်ဖို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးနဲ့ တာဝန်ရှိ သူများမှ  စစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး အထပ်မြင့် လှေကား တွေကို သံကူ ကွန်ကရစ် အမျိုးအစားနဲ့ ဆောက်လုပ်မှု မရှိပါက အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


၂၈၅ ကြိမ်မြောက် ငွေကျပ် ၂၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ ကျင်းပခဲ့

၂၈၅ ကြိမ်မြောက် ငွေကျပ် ၂၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲကို အောင်ဘာလေ သိန်းဆု ဌာနခွဲ တည်ရှိရာ အမှတ် ၃၈၄ ၊ မဟာဗန္ဓုလလမ်းနဲ့
၃၇ လမ်းထောင့်၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့ရှိ ထီဖွင့်ပွဲ ခန်းမဆောင်မှာ ယနေ့ နံနက် ၈ နာရီမှာ စတင် ကျင်းပ ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အောင်ဘာလေ သိန်းဆု ဖွင့်ပွဲကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန အောင်ဘာလေ သိန်းဆု ဌာနခွဲမှ တာဝန်ရှိ သူများ၊ ရန်ကုန်မြို့ရှိ  ထီလုပ်ငန်းကြီး များမှ လုပ်ငန်းရှင်များ၊ ထီဝါသနာရှင်များ တက်ရောက်ခဲ့ ကြပါတယ်။

၂၈၅ ကြိမ်မြောက် ငွေကျပ် ၂၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲကို အောင်ဘာလေ သိန်းဆု ဌာနခွဲမှ တာဝန်ရှိသူက အမှာစကား ပြောကြားပြီး ဖွင့်လှစ်ပေး ခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ တာဝန်ရှိ သူများနဲ့ ထီလုပ်ငန်းရှင်ကြီးများက ထီဖွင့်ပွဲမှာ အသုံးပြုမယ့် အက္ခရာ ဂေါ်လီလုံးများ၊ ဂဏန်းစည် များကို ထီဖွင့်ပွဲ ကျင်းပမယ့် စင်မြင့်ပေါ်သို့ တက်ရောက် စစ်ဆေးကြ ပါတယ်။

အဲ့ဒီနောက် မှာတော့ ၂၈၅ ကြိမ်မြောက် ငွေကျပ် ၂၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲကို ဆက်လက် ကျင်းပရာ ကျပ်သိန်း တစ်ထောင့် ငါးရာ အထူးဆုကြီး အဖြစ် ပေါက်မဲနံပါတ် ဃ-၈၈၀၅၄၆ ၊ ငွေကျပ်သိန်း တစ်ထောင် အထူးဆုကြီး အဖြစ် ပေါက်မဲနံပါတ် ဃ-၂၂၁၈၀၇ ၊ ငွေကျပ် သိန်းငါးရာ အထူးဆုကြီး အဖြစ် ပေါက်မဲနံပါတ် ဋ-၂၇၀၆၅၂ ၊ ငွေကျပ် သိန်းသုံးရာ ဆုမဲနှစ်ဆု အတွက် ပေါက်မဲ နံပါတ်မှာ ဋ-၅၃၃၂၃၉၊ သ-၆၁၂၀၀၇၊ ငွေကျပ်သိန်း နှစ်ရာ ဆုမဲ ၄ ဆု အတွက် ပေါက်မဲ နံပါတ်များမှာ ဏ-၄၀၆၇၃၇၊ ဎ-၉၂၅၅၀၇၊ ဆ-၁၁၆၆၁၁၊ ရ-၂၀၈၃၉၉၊ ငွေကျပ်သိန်း တစ်ရာဆု မင်္ဂလာစုံတွဲ ယူနစ်များ အတွက် ပေါက်မဲ နံပါတ်များမှာ ဓ-၇၃၃၆၈၅ ၊ ဇ-၂၀၁၈၅၉ ၊ သ-၃၃၅၇၃၁ ၊ ဌ-၁၉၇၆၂၂ ၊ ဓ-၁၅၁၄၃၈ ၊ ဎ-၈၀၂၀၃၇ ၊ ၀-၅၁၂၉၀၅ ၊ စ-၈၁၂၆၉၇ ၊ တ-၆၆၅၉၇၇ ၊ ဇ-၂၀၈၉၃၅ ၊ ဆ-၅၇၆၃၅၅ ၊ ဟ-၅၄၅၃၀၅ ၊ တ-၄၈၉၄၂၇ ၊ တ-၅၄၉၇၄၉ ၊ ဇ-၇၁၀၃၃၉ ၊ လ-၄၁၃၉၉၉ ၊ ည-၅၁၈၃၅၆ ၊ ဈ-၂၂၀၁၁၉ တို့ဖြစ်ကြ ပါတယ်။

ယနေ့ ဖွင့်လှစ်ခဲ့တဲ့ ငွေကျပ် ၂၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲရဲ့ တန်ဖိုးအလိုက် ဆုမဲများမှာ ငွေကျပ်သိန်း တစ်ထောင့် ငါးရာ ၁ ဆု၊ ငွေကျပ်သိန်း ၁ ထောင် တစ်ဆု၊ ငွေကျပ်သိန်း ၅ ရာ တစ်ဆု၊ ငွေကျပ်သိန်း ၃ ရာဆု ၂ ဆု၊ ငွေကျပ်သိန်း ၂ ရာ ဆု ၄ ဆု၊ ငွေကျပ်သိန်း ၁ ရာဆု ၁၈ ယူနစ်၊ ဖြည့်စွက် ယူနစ် ၂ ယူနစ်၊ အပိုဆု ၉ ဆုတို့ကို ဖွင့်လှစ်ပေး ခဲ့ပါတယ်။


ဂျပန်ကာတွန်း ရေးဆွဲနည်းအား ရှင်းလင်း သရုပ်ပြခဲ့

ဂျပန်သံရုံးနဲ့ ဂျပန် ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ဂျပန် ကာတွန်း ရေးဆွဲနည်း ရှင်းလင်း သရုပ်ပြသမှုကို စက်တင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့
များမှာ နတ်မောက် လမ်းရှိ ဂျပန်သံရုံးမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဂျပန် ကာတွန်း ရေးဆွဲနည်း ရှင်းလင်း သရုပ်ပြမှု ကိုတော့ လာအို နိုင်ငံနဲ့ ဘရူနိုင်း နိုင်ငံတို့မှာ ပြုလုပ်ခဲ့ပြီး ယခုအကြိမ် ပြည်တွင်းမှာ လာရောက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ရှင်းလင်း သရုပ်ပြသမှုမှာ တစ်ကမ္ဘာလုံးရှိ  Manga ခေါ် ဂျပန် ဇာတ်ကောင်များ ကာတွန်း များကို ပြသခဲ့ပြီး manga ရေးဆွဲပုံများကို အသေးစိတ် ရှင်းလင်းပြသခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြသတဲ့ manga ဇာတ်ကောင်ဟာ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု အနုပညာ လက်ရာ တစ်ခုဖြစ်တယ် လို့လည်း သိရပါတယ်။ ပြည်တွင်းမှာ လာရောက် ပြသခဲ့တဲ့  Kyoto Seika University မှ Mr. Ogawa Tsuyoshi အနေနဲ့ manga နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှ ကမ်းလှမ်းမှုတွေကို လိုက်လံ ရှင်းလင်း ပြသလျက် ရှိတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့