Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 3 October 2012

သတင်းတိုများ



ဘဏ္ဍာငွေရပါက ယမုံနာ လမ်းမကြီးနှင့် ရှုခင်းသာ လမ်းမကြီး အကြီးစား ပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက် သွားမည်Wednesday 3rd October 2012

ကွန်တင်နာ လမ်းအဖြစ် အဆင့်မြင့်တင်ဖို့ သတ်မှတ် ထားတဲ့ ဒေါပုံ မြို့နယ်ရှိ ယမုံနာ လမ်းမကြီးနဲ့ ရှုခင်းသာ လမ်းမကြီးကို သက်ဆိုင်ရာ နှစ်အလိုက်
ချထား ပေးတဲ့ ဘဏ္ဍာငွေများ ထဲမှ ခွဲဝေ ရရှိပါက အကြီးစား ပြုပြင်မှုများ ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပထမ အကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး စတုတ္ထနေ့မှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို ပြုပြင် ဆောင်ရွက်ဖို့ အတွက် ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်အတွင်း ရရှိတဲ့ ဘဏ္ဍာငွေ ထဲမှ  အဆိုပါ လမ်းမကြီး တွေကို ပြုပြင်ဖို့ ခန့်မှန်းငွေ ကျပ်သိန်း ၅၅၀၀ နဲ့ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်မှာ ကျပ်သိန်း ၅၀၀ ကို ထည့်သွင်း လျာထား ပါတယ်။ အဆိုပါ ယမုံနာ လမ်းနဲ့ ရှုခင်းသာ လမ်းမကြီး များကို ကတ္တရာ ကွန်ကရစ် လမ်းသား မြှင့်တင်မှု ဆောင်ရွက် ရာမှာ အောက်ခံ မြေသား အမာခံ နည်းနေမှုကို အရင်ပြုပြင် မှာဖြစ်ပြီး ၎င်းတို့ကို ပြုပြင်ပြီး မှသာ ကတ္တရာ ကွန်ကရစ် လမ်းသားများ အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အခု မိုးတွင်းကာလ မှာတော့ ယမုံနာ လမ်းနဲ့ ရှုခင်းသာ လမ်းများရှိ လမ်းပေါက် နေတဲ့ ကွက်လပ် တွေကို ပြုပြင်ပေး လျက်ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ ယမုံနာ လမ်းမကြီးနဲ့ ရှုခင်းသာ လမ်းမကြီးဟာ ၆ လမ်းသွား လမ်းမကြီး ဖြစ်ပြီး နှစ်စဉ် ပြုပြင်ရာမှာ အလယ် နှစ်လမ်း ကိုသာ အဓိက ပြုပြင် တယ်လို့ သိရပါတယ်။ ကျန်လမ်း တစ်ဖက်စီမှ လမ်းနှစ်လမ်းစီ ကိုတော့ နှစ်စဉ် အနည်းငယ်သာ ပြုပြင်ပေးတာ ဖြစ်ပြီး ဘဏ္ဍာငွေ ခွဲဝေ ရရှိပါက အကြီးစား ပြုပြင်မှုများ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး စတုတ္ထ နေ့မှ သိရပါတယ်။


အလုံနှင့် လှော်ကား ဓာတ်အားပေး စက်ရုံများရှိ စက်များကို အကြီးစား ပြင်ဆင် မွမ်းမံမှုလုပ်ရန် အိတ်ဖွင့် တင်ဒါ ခေါ်ယူ

ရန်ကုန်တိုင်း ဒေသကြီးရှိ အလုံနှင့် လှော်ကား ဓာတ်အားပေး စက်ရုံများရှိ Frame-6 ဓာတ်ငွေ့ တာဘိုင် စက်များနှင့် V-63 ABB ရေနွေးငွေ့ တာဘိုင်
စက်များကို အကြီးစား ပြင်ဆင် မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ဖို့ Tumkey Service Agreement နဲ့ အိတ်ဖွင့် တင်ဒါ များကို အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ ခေါ်ယူထား တယ်လို့ သိရပါတယ်။ အဆိုပါ Tumkey Service Agreement တင်ဒါ စနစ်မှာ အိတ်ဖွင့် တင်ဒါ ရရှိတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီဟာ စက်များ ပြုပြင်မှုကို လိုအပ်တဲ့ ပြင်ဆင်မှုများ ပြီးစီးတဲ့ အချိန်အထိ  တာဝန်ယူ ဆောင်ရွက် ရတာ ဖြစ်ပါတယ်။

အဆိုပါ အိတ်ဖွင့် တင်ဒါ ခေါ်ဆိုရာ မှာတော့ ပြည်တွင်းမှ ကုမ္ပဏီ လုပ်ငန်းရှင်များ သာမက ပြည်ပမှ လုပ်ငန်းရှင် များကိုပါ ခေါ်ယူမှာ ဖြစ်ပြီး အိတ်ဖွင့် တင်ဒါကို နိုင်ငံခြား ငွေနဲ့ ခေါ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အလုံနှင့် လှော်ကား ဓာတ်အားပေး စက်ရုံမှ ဓာတ်ငွေ့ တာဘိုင် စက်များနဲ့ ရေနွေးငွေ့ တာဘိုင် စက်များ အကြီးစား ပြုပြင်မွမ်းမံခြင်း အတွက် အိတ်ဖွင့် တင်ဒါကို အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီမှာ တင်ဒါ ပိတ်မှာဖြစ်ပြီး ဆောင်ရွက်မယ့် ကုမ္ပဏီ လုပ်ငန်းရှင် အနေနဲ့ ၂၀၁၃ ခုနှစ် နွေရာသီ အမီ လုပ်ငန်းများ အပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ယခုလို ပြုပြင်တဲ့ အထဲမှာ လှော်ကား ဓာတ်အားပေး စက်ရုံမှ V-63 ABB ရေနွေးငွေ့ တာဘိုင် စက်များဟာ ၁၉၉၉ ခုနှစ်က စတင် မောင်းနှင်ခဲ့ တာကြောင့် သက်တမ်းမှာ ၁၂ နှစ်ကြာမြင့် နေပြီး  စက်စွမ်းရည် များလည်း ကျနေတဲ့ အတွက် အကြီးစား ပြုပြင် မွမ်းမံခြင်းကို ဆောင်ရွက် ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ လှော်ကား ဓာတ်အားပေး စက်ရုံမှ ရေနွေးငွေ့ တာဘိုင်စက် ကနေ လျှပ်စစ် ဓာတ်အား ၂၈ မဂ္ဂါဝပ် ကနေ ၃၀ မဂ္ဂါဝပ် ထွက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။


သားငါးကဏ္ဍ အမျိုးသား အဆင့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ စာတမ်း ၅ စောင် ဖတ်ကြားခဲ့

နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒုတိယ အဆင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များမှာ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွား ဖွံ့ဖြိုး
တိုးတက်မှုကို အထူး အလေးထား ဆောင်ရွက်ရေး အတွက် သားငါးကဏ္ဍ အမျိုးသား အဆင့် ဆွေးနွေးပွဲ များကို နေပြည်တော် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဌာနမှ စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ သားငါး ကဏ္ဍ အမျိုးသား အဆင့် ဆွေးနွေးပွဲမှာ စာတမ်း ၁၀ စောင် ဖတ်ကြားခဲ့ပြီး  မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ အသားကဏ္ဍနဲ့ ပတ်သက်တဲ့ စာတမ်း ၅ စောင်ကို ဖတ်ကြား ခဲ့ပါတယ်။

အဆိုပါ စာတမ်း ၅ စောင်မှာ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၊ အသားတိုးကြက် ထုတ်လုပ် မွေးမြူရောင်းချ သူများ အသင်းမှ ကုန်သွယ်မှု ဖွံ့ဖြိုးရေး စာတမ်း၊ မြန်မာ့မွေးမြူရေး စွမ်းအားစုများ ဖွံ့ဖြိုး တိုးတက်ရေး သုတေသန အသင်းမှ နို့ထွက် ပစ္စည်း ထုတ်လုပ်မှု ဖွံ့ဖြိုးရေး စာတမ်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် မွေးမြူရေး အစာ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူများ အသင်းမှ အရည်အသွေးမြင့် တိရစ္ဆာန်အစာ ထုတ်လုပ်ရေး စာတမ်း၊ ကျွဲနွားသိုးဆိတ် မွေးမြူသူများ အသင်းမှ အသားစား နွားမွေး မြူထုတ်လုပ်မှု ဖွံ့ဖြိုးရေး စာတမ်းနဲ့ မွေးမြူ ထုတ်လုပ်မှု ကြားခံ စရိတ် လျှော့ချရေး စာတမ်းများကို ဖတ်ကြား ခဲ့တယ်လို့ သိရပါတယ်။


သက်ကြီးရွယ်အို ဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်း စီမံချက် မူကြမ်းရေးဆွဲ ပြီးစီး

သက်ကြီးရွယ်အို ဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်း စီမံချက်ကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင် ရေးဆွဲခဲ့ရာ အခုအချိန်မှာ အဆိုပါ မူကြမ်းကို ရေးဆွဲပြီး
ဖြစ်တယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ သက်ကြီးရွယ်အို ဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်း စီမံချက် မူကြမ်းကို လူမှု ၀န်ထမ်း ဦးစီးဌာန၊ ကမ္ဘာ့ လူဦးရေ ရန်ပုံငွေ အဖွဲ့နဲ့ Help age International အဖွဲ့တို့မှ ပူးပေါင်း ရေးဆွဲ ထားတာ ဖြစ်ပါတယ်။

အဆိုပါ မူကြမ်း မှာတော့ သက်ကြီး ရွယ်အိုများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ သက်ကြီး ရွယ်အိုများ သွားလာတဲ့ နေရာများမှာ လွယ်ကူမှု ရှိစေဖို့ အစီအစဉ်များ၊ သက်ကြီး ရွယ်အို များအတွက် အလုပ်အကိုင် ရရှိစေမယ့် အစီအစဉ်များ၊ အိမ်တိုင်ရာရောက် စောင့်ရှောက်မှု အစီအစဉ်များ ပါဝင်ပါတယ်။ အဲ့ဒီ မူကြမ်းကို နိုင်ငံတစ်ဝန်းရှိ သက်ကြီး ရွယ်အိုများရဲ့ ဘ၀ လိုအပ်ချက် များကို ပိုမို တိုးတက် ဆောင်ရွက် နိုင်ရေး အတွက် ရည်ရွယ်ပြီး ရေးဆွဲတာ ဖြစ်ပါတယ်။

အဲ့ဒီ မူကြမ်းကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လခန့်မှာ သက်ဆိုင်ရာ ၀န်ကြီး ဌာနကို တင်ပြသွား မှာဖြစ်ပြီး အဲ့ဒီက တဆင့် သက်ဆိုင်ရာကို တင်ပြ သွားမှာ ဖြစ်ပါတယ်။ အိမ်တိုင် ရာရောက် သက်ကြီး ရွယ်အို စောင့်ရှောက်ရေး စီမံကိန်းကို ၂၀၀၄ ခုနှစ်က စတင်ပြီး နိုင်ငံတော် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊ ပြည်တွင်း လူမှုရေး အသင်း အဖွဲ့များနဲ့ ပူးပေါင်းပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ မြို့နယ် ၁၅၄ မြို့နယ်မှာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သက်ကြီး ရွယ်အို စောင့်ရှောက်မှု ပြုလုပ်ခြင်းကို ၁၉၁၅ ခုနှစ်မှ စတင်ပြီး ဘိုးဘွား ရိပ်သာများ တည်ထောင်ကာ ဆောင်ရွက်ပေး ခဲ့တယ်လို့ သိရပါတယ်။




ချမ်းမြသာစည် လေဆိပ်ကို ဗဟိုပြု၍ တောင်ပေါ် ဒေသများသို့ မြန်မာ့လေကြောင်းအပေါ့စား လေယာဉ် ပျံသန်း ပြေးဆွဲ ပေးရန်ရှိ

ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ မှာကြားချက် အရ နိုင်ငံပိုင် လေကြောင်း လိုင်းဖြစ်တဲ့ မြန်မာ့ လေကြောင်းမှ မန္တလေးတိုင်း ဒေသကြီးရှိ
ချမ်းမြသာစည် လေဆိပ်ကို ဗဟိုပြုပြီး တောင်ပေါ် ဒေသတွေကို အပေါ့စား လေယာဉ် တွေနဲ့ ပျံသန်း ပြေးဆွဲ ပေးနိုင်ဖို့ အတွက် သုတေသန တိုင်းတာမှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပြေးဆွဲလျက် စီစဉ် ရခြင်းဟာ တောင်ပေါ် ဒေသမှ ခရီးသွားများ သွားလာရေး အဆင်ပြေ စေဖို့ အတွက် ဖြစ်ပါတယ်။

ဒီလို သုတေသန ပြုလုပ်မှုကို မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာလေဆိပ်၊ ဟုမ္မလင်း လေဆိပ်၊ ခန္တီးလေဆိပ်နဲ့ မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ် တို့ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ ပါတယ်။ ဒီလို စစ်ဆေး ပြီးနောက် မုံရွာ၊ ဟုမ္မလင်း၊ ခန်္တီးနဲ့ ကလေးမြို့ များသို့ အပေါ့စား လေယာဉ် တွေနဲ့ ချမ်းမြ သာစည် လေဆိပ်ကို ဗဟိုပြုပြီး ခရီးစဉ်များ ပြေးဆွဲပေးရေး အတွက် ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ လမ်းညွှန် ခဲ့တာ ဖြစ်ပါတယ်။

သုတေသန ပြုလုပ်ရာမှာ လေယာဉ် ကွင်းတည်နေရာ၊ နောက်ခံသမိုင်း၊ ယခင် လေယာဉ် ပြေးလမ်းနဲ့ ယခု လေယာဉ်ပြေးလမ်း အခြေအနေ တို့ကို လေ့လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ် ရပ်နားရာ နေရာ လေဆိပ် အဆောက်အဦး၊ လေကြောင်းထိန်း မျှော်စင်၊ လေယာဉ် ပြေးလမ်း တိုးချဲ့ ဆောင်ရွက်ဖို့ မြေတိုင်းတာခြင်း စတာ တွေကိုပါ လေ့လာ ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး လေယာဉ်ပြေးလမ်း ဧရိယာနဲ့ မလွတ်ကင်းတဲ့ လူနေ အဆောက်အအုံ ၁၄ လုံး လျော်ကြေး ပေးခြင်း၊ အိမ်ထောင်စုများ ပြောင်းရွှေ့ နေရာချထား ပေးတဲ့ မြို့ကွက်သစ် တည်ဆောက်မှု အခြေအနေ များကိုလည်း လေ့လာ ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ လေကြောင်းမှ လက်ရှိ ပျံသန်း ပြေးဆွဲနေတဲ့ လေယာဉ်တွေ ထက်စာရင် ပခုက္ကူ-ကျောက်ထုမှ ဒေသခံ ပြည်သူများ အတွက် စရိတ်နည်း အပေါ့စား လေယာဉ်များနဲ့ အန္တရာယ် ကင်းရှင်းစွာ ပျံသန်း ပေးနိုင်ရေး တို့ကိုလည်း စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




မြန်မာဇာတ်လမ်း ခိုးကူးခွေ ဖမ်းဆီးရရှိမှု အနည်းငယ် လျော့နည်းလာ

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ခိုးကူးခွေ များဖြစ်တဲ့ ပွားခွေ၊ နယ်ကျော်ခွေ၊ ဆင်ဆာမဲ့ ခွေနဲ့ ညစ်ညမ်းခွေ တွေကို
ဖမ်းဆီး အရေးယူ လျက်ရှိရာမှာ စက်တင်ဘာလ အတွင်း ဖမ်းမိခဲ့မှုမှာ မြန်မာ ဇာတ်လမ်း ခိုးကူးခွေ ဖမ်းဆီး ရမှုဟာ အနည်းငယ် လျော့နည်း လာပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို ဖမ်းဆီးခဲ့ရာမှာ စက်တင်ဘာလ အတွင်းက ဖမ်းဆီး ရမိခဲ့တဲ့ ခိုးကူးခွေ အမှုမှာ ၅၉ မှုနဲ့ ညစ်ညမ်းခွေ အမှုပေါင်း ၁၁ မှုကို ဖမ်းဆီးရမိခဲ့ပြီး ခိုးကူးခွေပေါင်း လေးသောင်း ရှစ်ထောင်ကျော် ဖမ်းဆီးရ မိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ မှာတော့ အမှုပေါင်း ၁၂၃ မှုနဲ့ ညစ်ညမ်းခွေ အမှု ၂၀ ကို ဖမ်းဆီး ခဲ့တာဖြစ်ပြီး ယခု စက်တင်ဘာလ အတွင်း မှာတော့ ဖမ်းဆီး ရရှိမှု အနည်းငယ် လျော့နည်း ခဲ့ပါတယ်။

ဒီလို ဖမ်းဆီးရာ မှာတော့ မြန်မာ ဇာတ်လမ်းခွေ လေးရာကျော်၊ ကာရာအိုကေ အချပ်ပေါင်း တစ်သောင်း ခုနှစ်ထောင်ကျော်၊ နိုင်ငံခြား ဇာတ်လမ်းခွေ သုံးသောင်း ကျော်နဲ့ ညမ်ညမ်းခွေ ငါးရာကျော် ဖမ်းဆီး မိခဲ့တာ ဖြစ်ပါတယ်။ အခုလို ခိုးကူးခွေ ဖမ်းဆီးမှုကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေမှ စနစ်တကျ ဆောင်ရွက်ပြီး ခိုးကူးခွေ ပပျောက်အောင် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် ခိုးကူးခွေနဲ့ ပတ်သက်ပြီး တိုင်ကြား လိုသူတွေဟာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ဆက်သွယ် တိုင်ကြား နိုင်တယ်လို့ သိရပါတယ်။



ရန်ကုန် တစ်မြို့လုံးတွင် အွန်လိုင်းဖြင့် မီတာဘေလ် ပေးဆောင်မှု အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိ

အွန်လိုင်းနဲ့ မီတာ ဘီလ်ပေးဆောင်မှု စနစ်ကို နေပြည်တော်မှာ စတင် အသုံးပြု နိုင်နေပြီ ဖြစ်ရာ ရန်ကုန်မြို့ မှာလည်း တွင်ကျယ်စွာ အသုံးပြုနိုင်ဖို့
အတွက် လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနက စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ အဆိုပါ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ရန်ကုန် တစ်မြို့လုံးနီးပါး အွန်လိုင်းမီတာ ဘေလ်စနစ်နဲ့ အသုံးပြု လိုသူတွေ အတွက် လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန အနေနဲ့ ရတနာပုံ တယ်လီပို့နဲ့ ချိတ်ဆက်ကာ ထပ်တိုး ပြုလုပ်သွားဖို့ စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။

အဆိုပါ ရတနာပုံ တယ်လီပို့မှ တဆင့် အခြား ဘဏ်တွေနဲ့ ထပ်မံ ချိတ်ဆက်ကာ ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန် မြို့တွင်းမှာ အွန်လိုင်းနဲ့ မီတာဘေလ် ပေးဆောင်မှုကို United Amara နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက် လျက်ရှိပြီး အွန်လိုင်းမှ မီတာဘေလ် ပေးဆောင်သူ ဦးရေဟာ ၈၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ ၀န်ဆောင်ခမှာ မီတာ တစ်လုံးကို Service Charges ၅၀၀ ကျပ် ကျသင့် ပါတယ်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေနဲ့ United Amara ဘဏ်နှင့် ချိတ်ဆက်ကာ ရန်ကုန်မြို့ တွင်းမှာ အွန်လိုင်း မီတာ ဘေလ် စနစ်နဲ့ အသုံးပြုနိုင်ဖို့ အတွက် ပြုလုပ်ခြင်း ကိုတော့  သြဂုတ်လမှ စတင်ကာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အကောင်အထည် ဖော်ခြင်းမှာ နေပြည်တော်မှ ၀န်ထမ်းများ အတွက် အဓိက ရည်ရွယ်ပြီး ရန်ကုန်အိမ်မှ မီတာ ဘေလ်ကို အွန်လိုင်းမှ တစ်ဆင့် ဆောင်နိုင်ဖို့ အဆိုပါ ဘဏ်နဲ့ ချိတ်ဆက်ကာ ပြုလုပ်ပေး လျက်ရှိတယ်လို့ သိရပါတယ်။



The Sign of Love မြန်မာဒရမ်မာ ဇာတ်လမ်းတွဲ အပိုင်း ၂ကို အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ထုတ်လွှင့် ပြသသွားမည်

မြန်မာ ဒရမ်မာ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်တဲ့ The Sign of Love ရဲ့ အပိုင်း ၂ ဇာတ်လမ်းတွဲကို လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင် ထုတ်လွှင့်
ပြသသွားမှာ ဖြစ်တယ်လို့ အောက်တိုဘာလ ၂ ရက်နေ့ ရန်ကုန်မြို့ Park Royal Hotel မှာ  ပြုလုပ်ခဲ့တဲ့ အဆိုပါ ရုပ်သံ ဇာတ်လမ်းတွဲရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ မကြာခင် ထုတ်လွှင့်ပြသ သွားမယ့် The Sign of love အပိုင်း ၂ ကိုတော့ အရင်က ပြသခဲ့တဲ့ အပိုင်း ၁ နဲ့ မတူဘဲ ဇာတ်လမ်း၊ ဇာတ်ကွက် ထူးခြားအောင် ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

အဆိုပါ The Sign of love အပိုင်း ၂ ကိုတော့ အပိုင်းပေါင်း ၂၀ နဲ့ ပြသ သွားမှာဖြစ်ပြီး တစ်ပိုင်းကို မိနစ် ၃၀ ခန့် ပြသသွားမှာ ဖြစ်ပါတယ်။ ဒီလို ပြသရာမှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့ တွေမှာတော့ အပိုင်းသစ် ပြသပြီး စနေနဲ့ တနင်္ဂနွေနေ့တွေ မှာတော့ ပြပြီးသား အပိုင်းတွေကို ပြန်လည် ပြသပေးမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် နောက်ပိုင်း မှာတော့ For Drama ရုပ်သံလိုင်းနဲ့ 4HD ရုပ်သံလိုင်း တို့မှာလည်း ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါ မြန်မာဒရမ်မာ ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းနဲ့ မီဒီယာ ကမ္ဘာ ကုမ္ပဏီ လီမိတက် တို့မှ ပူးပေါင်း စီစဉ် တင်ဆက်တာ ဖြစ်တယ်လို့ သိရပါတယ်။

CDMA 800 MHz ဖုန်း အင်တာနက် လျှောက်ထားမှု ရပ်နားထား

မိုဘိုင်းဖုန်း အမျိုးအစား တစ်ခုဖြစ်တဲ့ CDMA 800 MHz ဖုန်းတွေရဲ့ အင်တာနက် လျှောက်ထားခွင့်ကို အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ပြီး
လျှောက်ထားခွင့် ရပ်နား ထားတယ်လို့ မြန်မာ့ ဆက်သွယ်ရေး အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာတဲ့ သတင်းများ အရ သိရပါတယ်။ CDMA 800 MHz ဖုန်းတွေရဲ့ အင်တာနက် လျှောက်ထားမှုကို မြန်မာ့ ဆက်သွယ်ရေး ရုံးတွေဖြစ်တဲ့ အလုံ၊ ရွှေဂုံတိုင်နဲ့ ပန်းဆိုးတန်းရုံး တွေမှာသာ လျှောက်ထား ရတာ ဖြစ်ပါတယ်။

ဒီလို အင်တာနက် လျှောက်ထားမှု ရပ်နားခြင်းဟာ အချိန် ဘယ်လောက် ကြာမြင့်မယ် ဆိုတာ ကိုတော့ အတိအကျ မသိရှိ ရသေးဘူးလို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရပါတယ်။ အင်တာနက် လျှောက်ထားမှု ခေတ္တရပ်နား ထားရခြင်းမှာ အင်တာနက် လိုင်းဆွဲအားနဲ့ အသုံးပြုတဲ့ အလုံးရေကို မျှတမှု ရှိစေဖို့ အတွက် ဖြစ်ပါတယ်။ လက်ရှိ မှာတော့ GSM ဖုန်းတွေရဲ့ အင်တာနက် လျှောက်ထားမှု တွေကိုတော့ လက်ခံ လျက်ရှိပြီး မြန်မာ့ ဆက်သွယ်ရေးနဲ့ ချိတ်ဆက် လုပ်ကိုင်နေတဲ့ ပုဂ္ဂလိက မိုဘိုင်းဖုန်း ၀န်ဆောင်မှု ကုမ္ပဏီတွေက တဆင့် လက်ခံ ဆောင်ရွက် ပေးလျက် ရှိပါတယ်။

အခုလို CDMA 800 MHz ဖုန်းတွေရဲ့ အင်တာနက် လျှောက်ထားခြင်း ရပ်နားမှုကို ခေတ္တသာ ရပ်နားတာဖြစ်ပြီး နောက်ပိုင်း မှာတော့ ပြန်လည် လျှောက်ထားမှု ပြုလုပ်နိုင် လိမ့်မယ်လို့ မြန်မာ့ ဆက်သွယ်ရေးနဲ့ ချိတ်ဆက် ထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ခန့်မှန်း ထားပါတယ်။ GSM ဖုန်းတွေရဲ့ အင်တာနက် လျှောက်ထားမှု ကိုတော့ မြန်မာ့ ဆက်သွယ်ရေးမှ သတ်မှတ် ထားတဲ့အတိုင်း ကျပ် တစ်သောင်းနဲ့ ၀န်ဆောင်ခ အနေနဲ့ တစ်ထောင်ကျပ် သတ်မှတ်ပြီး ဆောင်ရွက်ပေး လျက်ရှိတာ ဖြစ်တယ်လို့ E-Lite Tech Services မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။








No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့