Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 5 December 2012

လက်ပံတောင်းတောင်ပုစ္ဆာ ဘယ်လိုအဖြေထုတ်မလဲ


ဒေါ်အောင်ဆန်းစုကြည်၏ အခန်း ကဏ္ဍသည် လက်ပံတောင်းတောင် အရေးတွင် အရေးအကြီးဆုံး ဖြစ်လာ နှစ်ထပ် အဆောက်အအုံ တစ်ခု၏ အပေါ်ထပ် ခန်းမထဲတွင် မီးလောင်ဒဏ်ရာ အသီးသီး ရရှိထားသော လူနာများဖြင့် ပြည့်ကျပ်နေသည်။ မျက်နှာနှင့် ခြေထောက်များတွင် အရေခွံများ ကွာကျကာ နာကျင်သဖြင့် ညည်းညူသူများက အသံထွက် ညည်းညူ ကြလျက်။ ကိုယ်ပေါ်တွင် ခြုံလွှမ်းထားသော အနီရောင် သင်္ကန်းစများမှာ စုတ်ပြတ်ပေါက်ပြဲနေသည်။ အဆိုပါ လူနာအားလုံးမှာ မုံရွာမြို့နှင့် ချင်းတွင်းမြစ် သာခြားသော ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် သပိတ်စခန်းများမှ သံဃာတော်များနှင့် ဒေသခံများဖြစ်ပြီး လွန်ခဲ့သော နာရီအနည်းငယ်က မုံရွာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

စီမံကိန်း ရပ်ဆိုင်းရေးအတွက် သပိတ်စခန်းများဖွင့်၍ အထွေထွေသပိတ်ကြီး စတင်ပြီး ဆယ်ရက်မြောက်တွင် ဒေသခံများကို နှစ်သိမ့်အားပေးရန် ဒေါ်အောင်ဆန်းစုကြည် မလာရောက်မီ နိုဝင်ဘာ ၂၉ ရက် နံနက်စောစောပိုင်းတွင် ရဲတပ်ဖွဲ့ကသပိတ်စခန်းများကို အင်အားသုံးဖြိုခွဲခဲ့ခြင်း ဖြစ်သည်။

“ပထမ ရေပိုက်နဲ့ထိုးတယ်။ ပြီးတော့ မီးလောင်ဗုံးတွေနဲ့ ပစ်တယ်။ မီးက ရေနဲ့ထိလေလေ လောင်လေပဲ” ဟု ပင်မသပိတ်စခန်းမှ ဦးဝိသိဎ်ဓမ္မက အတွေ့အကြုံ ကိုပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖြိုခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီး စိုးရိမ်ရသူများလည်းရှိသည်။ အချို့ဒဏ်ရာရရှိသူများမှာ နီးစပ်ရာ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် တိမ်းရှောင်၍ ဆေးကုသမှုခံယူနေကြသူများလည်းရှိသည်။

၂၀၁၀ပြည့်နှစ်အတွင်းက စတင်အကောင်အထည်ဖော်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင် တည်ရှိသည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၉၉၉ သန်းရှိသည်။ အကျိုးအမြတ်ခွဲဝေမှုအနေဖြင့် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ၀မ်ပေါင်ကုမ္ပဏီမှ ၁၃ ဒ သမ ၃၃ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ်ကို ၅၆ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
နှစ်ခြောက်ဆယ်မြေ ငှားဂရန်ဖြင့် ဆောင်ရွက်နေသော လက်ပံတောင်းတောင် စီမံကိန်းသည် မြေဧရိယာ ၇၈၆၇ ဒသမ ၇၈ ဧက ကျယ်ဝန်းပြီး စီမံကိန်းစတင်အကောင်အထည်ဖော်စဉ်က ဒေသခံများကို သုံးနှစ်စာ သီးနှံလျော်ကြေးပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ လျော်ကြေးများကိုလည်း မူလက မယူကြဘဲ ဖမ်းဆီးခြိမ်းခြောက်မှုများခံရမည်ကို စိုးရိမ်၍သာ နောက်ပိုင်းမှ လက်ခံယူခဲ့ကြောင်း ၀က်မှေးရွာသားများကပြောသည်။

အဆိုပါ စီမံကိန်းရပ်ဆိုင်းရန် ဒေသခံများက ယခုနှစ်အတွင်း ကန့်ကွက်လာခဲ့ကြရာ သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၁ ရက်အထိ အသိမ်းခံမြေများတွင် မကျူးကျော်ရဆိုင်းဘုတ်များထောင်ခြင်း ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၅ ရက်တွင် ညောင်ပင်ကြီး-ပုလဲ လမ်းဆုံ မြန်မာဝမ်ပေါင်ရုံးအနီး၌ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၁၀ ရက်တွင် မုံရွာမြို့သို့ သွားရောက်ဆုတောင်းရာတွင် သက်ဆိုင်ရာမှ ၀တ်ပြုဆုတောင်းသူ ၁၂ ဦးအား ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ ဒေသခံများက ဆန္ဒထုတ်ဖော်တောင်းဆိုမှုများကို အရှိန်မြှင့်တင်၍ နိုဝင်ဘာ ၁၇ ရက်မှ စတင်ကာ မြန်မာဝမ်ပေါင်ရုံးရှေ့တွင် သပိတ်စခန်းများ ဖွင့်လှစ်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်တွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူတို့မှ သံဃာတော်များ ပါဝင်သော အထွေထွေသပိတ်ကို စတင်ခဲ့ကြခြင်းဖြစ်သည်။

ယခင် ကနေဒါကုမ္ပဏီ အိုင်ဗင်ဟိုးကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိခဲ့သော ကြေးစင်တောင်၊ စံပယ် တောင်စီမံကိန်းများတွင် ရင်ဆိုင် ကြုံတွေ့ခဲ့ရသော သောက်သုံးရေ မသန့်ရှင်းမှု၊ ကြေးနီစီမံကိန်းမှ ထွက်ရှိလာသည့် အမှုန့်များကို နေ့စဉ်ရှူရှိုက်ရသည့်အန္တရာယ်နှင့် စွန့်ပစ်မြေများ စုပုံမှုကြောင့် စိုက်ခင်းများ ပျက်စီးမှုတို့အပြင် လက်ရှိ နစ်နာမှုများကြောင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။ “စကတည်းက တစ်ရွာလုံးက လျော်ကြေးယူချင်ကြတာမဟုတ်ဘူး။ ဖမ်းမှာကြောက်ပြီး ယူကြရတာ။ ပေးတာကလည်း သီးနှံလျော်ကြေးသုံးနှစ်စာပဲပေးတာ” ဟု ၀က်မှေးရွာသားတစ်ဦးက ဆိုသည်။

သံဃာတော်အပါး ၅၀၀ ခန့်နှင့် ဒေသခံ ၁၀၀ နီးပါးပါဝင်ကာ စခန်းခြောက်ခု ဖွင့်လှစ်တောင်းဆိုခဲ့သော အထွေထွေသပိတ်စခန်းသည် နိုဝင်ဘာ ၂၉ ရက် ဒေါ်အောင်ဆန်းစုကြည်မလာမီ ၁၀ နာရီနီးပါးအလိုတွင် အင်အားသုံးဖြိုခွဲခံခဲ့ရသည်။

နိုဝင်ဘာ ၂၉
ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ လာရောက်မည့်သတင်းကို ကြားရ၍ အားတက်နေကြသော ဒေသခံများမှာ စိတ်မချမ်းမြေ့ဖွယ်သတင်းကို နံနက်စောစောတွင် ကြားလိုက်ရသည်။

နံနက် ၃ နာရီခန့်မှစတင်၍ သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွဲခဲ့ရာ မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဒဏ်ရာရရှိထားသော သံဃာတော် ၂၄ ပါးနှင့် ဒေသခံတစ်ဦးတို့ ဆေးဝါးကုသမှုခံယူနေရသည်။ ထို့အပြင် ကြောက်စိတ်ကြောင့် ဆေးရုံသို့ မလာရောက်နိုင်သော ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း ကူညီဆောင်ရွက်ပေးနေကြသော အသင်းအဖွဲ့များကပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက သပိတ်စခန်းများကို ဖြိုခွဲရာတွင် မျက်ရည်ယိုဗုံးသာ အသုံးပြုကြောင်း အစိုးရဆိုသော်လည်း ကိုယ်တွေ့ကြုံသူများကမူ မီးလောင်ဗုံး၊ ဓာတုပစ္စည်းများကို အသုံးပြုခဲ့ကြသည်ဟု ပြောသည်။
“ရေနဲ့ထိလေ ပိုလောင်လေပဲ။ မီးတောက်ကလည်း စိမ်းလဲ့လဲ့အရောင်ထွက်တယ်။ ရထားတဲ့ဒဏ်ရာတွေကလည်း ရေထိရင်စပ်ပြီး ပွတက်လာတယ်။ ဓာတုတစ်မျိုးမျိုးပါတယ်လို့ထင်တယ်” ဟု မောင်းတံဂိတ်သပိတ်စခန်းမှ ဦးဥတ္တမသာရက သူ၏အတွေ့အကြုံကို ပြောပြသည်။

မုံရွာပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာလှဘေက “ဓာတုပစ္စည်းဟုတ် မဟုတ်ဆိုတာက ပညာရှင်တွေ စစ်ဆေးပြီးမှ သိနိုင်မှာ။ ဒဏ်ရာကတော့ မီးလောင်ဒဏ်ရာတွေပါ။ ဘာကြောင့်လဲ၊ ဘာပစ္စည်းတွေကြောင့်လဲဆိုတာတော့ ကျွန်တော့် အနေနဲ့ မသိနိုင်ပါဘူး” ဟု ဆိုသည်။

မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ ရောက်ရှိလာပြီး ၀င်းယူနတီဟိုတယ်တွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ညနေပိုင်းတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီသို့ သွားရောက်ခဲ့ပြီးနောက် ကံကုန်းကျေးရွာတွင် ဒေသခံများအား မိန့်ခွန်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၉ ရက် ကံကုန်းရွာတွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် “အခု ဒီဒေသမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့်ပုံစံနဲ့ ဖြေရှင်းချင်တယ်။ ဒါကြောင့် ပြည်သူတွေက ၀ိုင်းဝန်းပြီးတော့ ကူညီကြပါ။ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ ပြဿနာကို အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

“အရမ်းမျှော်လင့်တာပါ။ သူ့အနေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု မိန့်ခွန်းလာရောက်နားထောင်ခဲ့သော တုံရွာမကျေးရွာမှ မြေအသိမ်းခံရသူ အသက် ၇၀ အရွယ် ဒေါ်တင်အောင်ကပြောသည်။ ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာဆေးရုံသို့သွားရောက်၍ ဒဏ်ရာရရှိသူများကို တွေ့ဆုံအားပေးခဲ့သည်။

အဆိုပါနေ့တွင် သီတဂူ ဆရာတော်ဘုရားကြီး၊ နာရေးကူညီမှုအသင်းမှ ဦးကျော်သူစသော ပုဂ္ဂိုလ်များလည်း မုံရွာမြို့သို့လာရောက်၍ ဒဏ်ရာရ သံဃာတော်များနှင့် ဒေသခံများကို တွေ့ဆုံအားပေးခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေအသိမ်းခံရွာသားများမှာ သူတို့ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည့် မနက်ဖြန်ကို မျှော်လင့်နေကြသည်။

နိုဝင်ဘာ ၃၀ ရက်
မုံရွာမြို့ ၀င်းယူနတီဟိုတယ်ရှေ့တွင် ဒေသခံများ စုရုံးရောက်ရှိနေကြသည်။ နံနက်ပိုင်းတွင် ဇက်ဆိပ်သောင်ပြင်တွင် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် ဒေသခံ ရွာသူရွာသားများကို တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်နေကြခြင်းဖြစ်သည်။
“အမေစုက ကျွန်မတို့ရဲ့ လုံခြုံရေးကို အာမခံချက်ပေးသွားတယ်။ ဒီ ပြဿနာကို ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့လည်း ပြောသွားတယ်။ အားရကျေနပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော ၀က်မှေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ပြန်လည်ထွက်ခွာသွားသော်လည်း ဒေသခံပြည်သူများမှာ နောက်သတင်းတစ်ခုကို စိတ်ဝင်စားနေကြသည်။ သက်ဆိုင်ရာရဲတပ်ဖွဲ့က မုံရွာမြို့ပေါ်ရှိ ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူမည့်သတင်းဖြစ်သည်။

ဒီဇင်ဘာ ၁ ရက်
မုံရွာမြို့၊ ရွှေစည်းခုံဘုရား တင်ဝင်းထွန်းဓမ္မဗိမာန်၌ ဒေသခံပြည်သူများ စုဝေးနေကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ရဲတပ်ဖွဲ့ဝင် အင်အားတစ်ရာကျော်က ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲ ကျင်းပသည်။

စစ်အစိုးရလက်ထက်နှင့် ခြားနားစွာ တူညီယူနီဖောင်း ၀တ်ဆင်ထားသူများက ဆရာတော်ကြီးများကို ကန်တော့လိုက်ချိန်တွင် သြဘာသံများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ သြ၀ါဒခံယူပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးဦးစန်းယုက ၎င်းတို့အနေဖြင့် ဆန္ဒထုတ်ဖော်သူများကို တရားဥပဒေစိုးမိုးရေးနှင့်အညီ နိုဝင်ဘာ ၂၇ ရက် ည ၁၁ နာရီ နောက်ဆုံးထား၍ သပိတ်စခန်းများမှ ဖယ်ရှားပေးရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တရားဝင် သတ်မှတ်ချိန်ထက် ၂၇ နာရီ နောက်ဆုတ်ကာ ပြောင်းရွှေ့ပေးရန် နာရီဝက်တစ်ကြိမ် ကြေညာခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီတွင် ၁၅ မိနစ်စီခြား၍ သုံးကြိမ်သုံးခါ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ နောက်ဆုံးအဆင့်အနေဖြင့် နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီတွင် ဥပဒေနှင့်အညီ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ မီးသတ်ကားဖြင့် ရေပက်ခြင်း၊ မျက်ရည်ယိုဗုံးသုံးခြင်းဖြင့်သာ ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ရကြောင်း ထည့်သွင်း၍ လျှောက်ထားခဲ့သည်။ အစိုးရကလည်း နိုဝင်ဘာ၂၉ ရက် သတင်းထုတ်ပြန်ရာတွင် မီးခိုးဗုံးအသုံးပြုကြောင်း ထုတ်ပြန်ပြီး ထိုထုတ်ပြန်ချက်ကို ရုပ်သိမ်းကာ မျက်ရည်ယိုဗုံးသာ သုံးခဲ့ကြောင်း ပြန်ကြေညာသည်။

ဒီဇင်ဘာ၁ရက်မှာပင် ၈၈ မျိုး ဆက် ကျောင်းသားများ မုံရွာမြို့သို့ရောက်ရှိလာပြီး နိုင်ငံတော် သမ္မတရုံးမှလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် ဆန္ဒပြဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေအမှန် ဖော်ထုတ်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ဝင် ၃၀ ဦးပါဝင်ခဲ့သည်။ ကော်မရှင်ဖွဲ့စည်းပြီး နှစ်ရက်မြောက်တွင် ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် အဖွဲ့ဝင် ၁၆ ဦးသို့ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မရှင်သည် စုံစမ်းစစ်ဆေးမှု ကြားဖြတ်အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဆန္ဒဖော်ထုတ်ခဲ့ကြသော ဒေသခံအများစုက မျှော်လင့်အားထားကြသော်လည်း သဘောထား မတူညီသူများလည်းရှိကြောင်း သိရသည်။
“အဓိကအချက်က ဒီတောင်ကြီး လုံးဝမပျောက်ကွယ်ဖို့ပါပဲ” ဟု လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ နာယကတစ်ဦးက ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

အထွေထွေသပိတ်ကြီးကို အင်အားသုံးဖြိုခွဲခံရပြီးသော်လည်း ဒေသခံတောင်သူအချို့မှာ ဆက်လက်၍ ဆန္ဒဖော်ထုတ်နေ ကြဆဲဖြစ်သည်။ ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီတွင် လက်ပံတောင်းတောင် တောင်ခြေတုံကျေးရွာ ဒေသခံ တောင်သူ ၂၀၀ ကျော် စုပေါင်း၍ ဆန္ဒထုတ်ဖော်ပွဲကို ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းမ၌ ကျင်းပခဲ့ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပွင့်လင်းမြင်သာမှုရှိအောင် ပြန်ဖွဲ့စည်းရန် အပါအ၀င် အချက်သုံးချက်ကို တောင်းဆိုခဲ့ကြသည်ဟု ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးကပြောသည်။

ယခုဖြစ်ပွားခဲ့သော ကိစ္စများနှင့် စပ်လျဉ်း၍ “ကျွန်တော်တို့က စီးပွားရေးပဲ ဆောင်ရွက်တာပါ။ လုံခြုံရေးကို နိုင်ငံတော်ကပဲ ဆောင်ရွက်တာပါ” ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးဖူးခဲ့သော လက်ပံတောင်းတောင်ကြီး မပျောက်ကွယ်အောင် ဆန္ဒထုတ်ဖော်ခဲ့ရာ၌ ဒဏ်ရာရရှိခဲ့ကြသော သံဃာတော်များမှာ ဒေါ်အောင်ဆန်းစုကြည် မုံရွာသို့ရောက်ပြီးနောက် ဆေးရုံသို့ ပို၍ရောက်ရှိလာကြသည်။ ဒဏ်ရာရသူအချို့ကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။

သံဃာတော်များကို တင်ဆောင်သွားသော ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်များမှာ မုံရွာပြည်သူ့ဆေးရုံကြီးမှ ဖြည်းဖြည်းချင်းထွက်ခွာသွားခဲ့ကြသည်။

ကာလရှည်ကြာစွာ ပြဿနာတက်ခဲ့သော်လည်း မဖြေရှင်းနိုင်သေးသော လက်ပံတောင်းတောင် ပုစ္ဆာကို အဖြေထုတ်ရန် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ကံကုန်းရွာတွင်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ပြဿနာကို နိုင်ငံသိက္ခာရှိသောပုံစံဖြင့် ဖြေရှင်းလိုကြောင်း ပြောသည်။ ထို့အတွက် ပြည်သူများ၏ အကူအညီလိုပြီး အေးအေးချမ်းချမ်းနှင့်ပြီးဆုံးရန် ကြိုးပမ်းပေးမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်မှုအပေါ် ပြည်သူများက လက်ခံမည်လားဟုမေးရာ ဒေသခံများက လက်ခံမည်ဟု ပြောလေသည်။

လက်ပံတောင်းတောင်အရေး အထင်ကရရက်စွဲများ
၂၀၁၂ ခုနှစ် သြဂုတ်လ
အသိမ်းခံမြေများပေါ်တွင် မကျူးကျော်ရ ဆိုင်းဘုတ်များစိုက်ထူ
စက်တင်ဘာ ၅ ရက်
ဒေသခံရွာသားများ ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲလမ်းဆုံအနီးတွင် ဆနထုတ်ဖော်
စက်တင်ဘာ ၁၀ ရက်
စီမံကိန်းများ ရပ်တန့်ရန်အတွက် ဒေသခံများ မုံရွာမြို့သို့ သွားရောက်ဝတ်ပြုဆုတောင်းစဉ် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့ အပါအ၀င် ၁၂ ဦး ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးခဲ့
စက်တင်ဘာ ၃၀ ရက်
မသွဲ့သွဲ့ဝင်း ဦးဆောင်သော ဒေသခံအချို့ ရန်ကုန်မြို့တွင် လာရောက်၍ လက်ပံတောင်းတောင် ကာကွယ်ထိန်းသိမ်းရေးနှင့် နှီးနှောဖလှယ်ပွဲ လာရောက်ကျင်းပ
နိုဝင်ဘာ ၁၇ ရက်
သပိတ်စခန်းများစတင်ဖွင့်
နိုဝင်ဘာ ၁၉ ရက်
အထွေထွေသပိတ်ကြီးစတင်ဖွင့်
နိုဝင်ဘာ ၂၃ ရက်
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် လွှတ်တော်မှ အတည်ပြု
နိုဝင်ဘာ ၂၅ ရက်
ကော်မရှင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆနထုတ်ဖော်သူအားလုံး သပိတ်စခန်းများမှ ဖယ်ရှားရန်ကြေညာ
နိုဝင်ဘာ ၂၉ ရက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက သပိတ်စခန်းများကို ၀င်ရောက်ဖြိုခွဲ
နိုဝင်ဘာ ၂၉ ရက်
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ
ဒီဇင်ဘာ ၁ ရက်
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ဝင် ၃၀ ဖြင့် ဖွဲ့စည်း
ဒီဇင်ဘာ ၃ ရက်
အဖွဲ့ဝင် ၁၆ ဦးဖြင့် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့