Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 5 December 2012

နောက်ကြောင်းပြန်မလှည့်ရန် အားလုံးမှာ တာဝန်ရှိသည်

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် မှန်ကန်ရဲဝံ့လှသော ပြုပြင် ပြောင်းလဲ မှုများကြောင့် ကမ္ဘာကပင် မြန်မာကို သြဘာပေး နေချိန်၊ ကမ္ဘာ့ သြဇာအကြီးဆုံး အမေရိကန် သမ္မတပင် လာရောက်ခဲ့ပြီး ဆယ်ရက် အကြာ လက်ပံတောင်းတောင် သပိတ် စခန်းများတွင် ဆန္ဒပြသူများကို အစိုးရက အင်အားသုံး ဖြိုခွင်းလိုက်ရာ ပြည်သူများ အံ့သြမှင်တက် သွားရသည်။

သတ်မှတ်ချိန်အတွင်း အဆိုပါ သပိတ်စခန်းများ မရုပ်သိမ်းလျှင် လူစုခွဲမည်ဟု သက်ဆိုင်ရာက ကြိုတင် သတိပေးထား၍ သိရှိ ထားသော်လည်း သံဃာတော်နှင့် ပြည်သူများ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရစေသည်အထိ အင်အားသုံး ဖြိုခွင်းခဲ့ခြင်း အပေါ် အများပြည်သူက အံ့သြမှင်တက်မိ ခဲ့ကြခြင်းဖြစ်ပါသည်။ အံ့သြမှင်တက်ခြင်းနှင့်အတူ မြန်မာပြည်သူများထံတွင် စိုးရိမ်ပူပန် တစ်ခု ဖြစ်ပေါ်လာသည်။

ယခင် စစ်အစိုးရလက်ထက်က ခြေရာလက်ရာနှင့်ဆင်တူစွာ လက်ပံတောင်းတောင် အရေးတွင် ကိုင်တွယ်ခဲ့၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နောက်ကြောင်း ပြန်လှည့်မည်ကို စိုးရိမ်ပူပန်နေကြမှုဖြစ်၏။

“နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့ ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ ပြည်သူတွေကို မေးကြည့်ရင်တော့ ဘယ်လိုမှ နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒမရှိတော့ပါဘူး။ ပြည်သူက နောက်ပြန်မလှည့်ချင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကလည်း နောက်ပြန်မလှည့်နိုင်အောင် ကြိုးစားပြီးလုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာတော့ သဘောထားတွေကတော့ အမျိုးမျိုးရှိမှာပါ။ တူညီတဲ့အချက်တွေရှိတယ်။ မတူညီတဲ့ အချက်တွေရှိတယ်။ နိုင်ငံရေးသမားဆိုတာကတော့ ချီးမွမ်းခံရတာတွေရှိသလို၊ အဆဲခံရတာတွေ လည်းရှိမှာပါပဲ။ ရှေ့ကိုပဲချီတက် သွားဖို့လိုတယ်လို့ ဒီလိုပဲ ကျွန်တော်ပြောချင်ပါတယ်” နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်တွင်းမီဒီယာများနှင့် ပထမဆုံးအကြိမ် ပြုလုပ်သော အောက်တိုဘာ ၂၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော စကားဖြစ်သည်။ တိုက်ဆိုင်စွာ ယခုလပိုင်း၌ နိုင်ငံတော်သမ္မတရုံးဝက်ဆိုဒ်အဖွင့် စာမျက်နှာတွင် ဦးသိန်းစိန်၏ အဆိုပါ ပြောစကား ကောက်နုတ်ချက်ကို ဖော်ပြထားသည်ကို တွေ့ရ
ပါသည်။

သမ္မတဦးသိန်းစိန် ပြောသကဲ့သို့ဝင် ပြည်သူများက ဆိုးရွားသော အုပ်ချုပ်မှုများအောက် ကာလရှည်ကြာနေထိုင်ခဲ့ရပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၌ နေခဲ့ရ၍ လက်ရှိအခြေအနေမှ နောက်ပြန်မလှည့်လို။ 7Day News က ဒေသပေါင်းစုံမှ ပြည်သူ ၃၀ကို လူတွေ့မေးမြန်းကြည့်ရာတွင်လည်း အားလုံးက နောက်ပြန်မလှည့်လိုဟု ဖြေသည်။ သို့သော် အချို့က လက်ရှိအခြေအနေမှာ နောက်ပြန်မလှည့်သော်လည်း ရှေ့သို့လည်းမရောက်ဟု ပြောသူရှိသလို လက်ရှိအစိုးရ လုပ်ကိုင်နေသည်ကိုလည်း မယုံကြည်သေးဟု ပြောသူများလည်း ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လေ့လာဆန်းစစ်သောအခါ စိုးရိမ်ပူပန်မှုကို အခြေမခံသင့်ကြောင်း နိုဝင်ဘာ ၂၆ ရက်ထုတ် ဒီလှိုင်း စာစောင်တွင် ဖော်ပြခဲ့သော ပင်တိုင်ဆောင်းပါးကဏ္ဍ “ဒီစကား” ၌ ရေးသားထားသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရှုမြင်သုံးသပ်ရမည့်ပုံစံနှင့် ပတ်သက်၍ “ဒီစကား” တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်က အောက်ပါအတိုင်း ရေးသားအကြံပြုထားသည်။
“ယခုအချိန်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အကောင်အထည်ဖော်ခြင်းကို အားပေးသောအားဖြင့် ပြည်တွင်း-ပြည်ပမှ အားပေးထောက်ခံမှု အမြောက်အမြား ရှိနေပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကျွန်မရဲ့ သဘောထားကို မေးမြန်းသူ အများအပြားလည်း ရှိကြပါတယ်။ ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုမြင်လဲ။ “ဂ” ကွေ့ပြန်ကွေ့သွားမှာစိုးရိမ်လား။ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ် သင့်သလဲဆိုတာတွေကတော့ အ များဆုံး အမေးခံရတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ “ပြုပြင်ပြောင်းလဲရေး” ကို လေ့လာဆန်းစစ်ပြီး သင့်တော်သလို အားပေးဖို့ လေ့လာတဲ့အခါမှာ စိုးရိမ်ကြောင့်ကြမှုကို အခြေမခံသင့်ကြောင်းကို ကျွန်မ ရှင်းလင်းခဲ့ရပါတယ်။ ဖြစ်သင့်ဖြစ်ထိုက် သည်များနှင့် ကျွန်မတို့ပြည်သူများရဲ့ မျှော်လင့်ချက်တွေကိုသာ အဓိကထားပြီး “ပြုပြင်ပြောင်းလဲရေး” ဖြစ်စဉ်တွေကို သုံးသပ်သင့်ပါတယ်။ “ပြုပြင်ပြောင်းလဲရေး” ရပ်တန့်သွားမှာကို စိုးရိမ်ပြီး ၀န်းရံတာထက်၊ လုပ်ရမည်တို့ကို လုပ်ဖို့ရန် ၀ိုင်းဝန်းအားပေး တိုက်တွန်းသင့်တယ်လို့ ထင်ပါတယ်”

အခုဘယ်ရောက်နေပြီလဲ
စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ခေတ်သစ်နိုင်ငံရေး သိပ္ပံအယူအဆနှင့် ချိန်ထိုးကြည့်လျှင် ဒီမိုကရက်တိုင်ဇေးရှင်း၏ အဆင့် လေးဆင့်အနက် ပထမအဆင့် သာရှိသေးကြောင်း နိုင်ငံပေါင်း ၁၁၅ ခု၏ ဒီမိုကရေစီအပြောင်းအလဲကို လေ့လာသုံးသပ် ကျမ်းပြုစုခဲ့ပြီးသော ဒီမိုကရေစီအသွင် ကူးပြောင်းရေးလေ့လာသူ ဒေါက်တာ မင်းဇော်ဦးနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူ၊ မြန်မာ့ဖွံ့ဖြိုးရေး သုတေသနစင်တာမှ အကြီးတန်း သုတေသန ဒေါက်တာတင်မောင်သန်းတို့က ပြောသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများစွာ လွတ်ငြိမ်းခွင့်ပြုခြင်း၊ ဆန္ဒပြခွင့်ဥပဒေ ပြဋ္ဌာန်းခြင်း၊ စာပေစိစစ်ရေး ဖျက်သိမ်းပေးခြင်း၊ အမည်ပျက်စာရင်း သွင်းထားသူများအား ပယ်ဖျက်ပေးခြင်း၊ ပိုက်ဆံရှိသူတိုင်း လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုခြင်း၊ ရွေးကောက်ပွဲ ဥပဒေပြင်ဆင်၍ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပကာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာအောင် လမ်းခင်းနိုင်ခဲ့ခြင်း၊ လွှတ်တော်၏ ကြိုးပမ်းမှုများကြောင့် လွှတ်တော်များ အသက်ဝင်လာခြင်း စသော
နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှုများကို ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရက လပေါင်းနှစ်ဆယ်အတွင်း ကမ္ဘာက အံ့အားသင့်အောင် လုပ်ဆောင်ခဲ့သော်လည်း လက်ရှိမြန်မာနိုင်ငံရေးမှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးရာတွင် ပထမဆုံး အဆင့်ဖြစ်သော ဖြေလျော့မှု (Liberalization) အဆင့်သာရှိသေးကြောင်း ဒေါက်တာမင်းဇော်ဦးကသုံးသပ်သည်။

“ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးက တကယ် “စ” လုံးရေ စဖို့တောင်ကြံတဲ့အဆင့်ပဲ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ဒီမိုကရေစီအပြောင်းအလဲနဲ့ ဒီမိုကရေစီဖြစ်ထွန်းတဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် စစချင်း အကူးအပြောင်းဖြစ်တယ်။ အကူးအပြောင်းမဖြစ်ခင်မှာ ဒီအရင်အစိုးရတွေက ဒီမိုကရေစီ မကျတကျ လစ်ဘရယ်လိုက်ဇေးရှင်းဆိုတဲ့ နိုင်ငံရေးတံခါးလေးကို စဖွင့်ပေးတယ်။ အဲဒီကာလတွေပြီးမှ အကူး အပြောင်း တကယ်ဖြစ်လာတယ်။ အကူးအပြောင်းဖြစ်လာရင် ဒီမိုကရေစီဖွံ့ဖြိုးဖို့ လုပ်ရတဲ့ဖြစ်စဉ်တွေ ဖြစ်လာတယ်။

အဲဒီဖြစ်စဉ်တွေ အခြေခိုင်လာပြီ။ နှစ်ပေါင်းများစွာကြာလာတဲ့နောက် consolidation ပေါ့။ ကျွန်တော်တို့အဆင့်က ဒီမိုကရေစီ အကူးအပြောင်းဖြစ်တဲ့ transition အဆင့်လောက်ပြောလို့မရသေးဘူး။ ဘာလို့ပြောလို့ မရသေးလဲဆိုတော့ လက်ရှိအစိုးရက ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲက အားနည်းချက်တွေ အများကြီးရှိတယ်။ အဲဒီလို အားနည်းချက်တွေရှိတဲ့အပေါ်မှာ ကျွန်တော်တို့က လက်ရှိအစိုးရကို နိုင်ငံရေးတံ ခါးဖွင့်ပေးတဲ့ အစိုးရလို့ ကြည့်လို့ရှိရင် ပိုပြီးတော့ သင့်တော်မယ်။”

ဒေါက်တာတင်မောင်သန်းကလည်း အဆိုပါအဆင့်များကို နားလည်လွယ်အောင် အဖွင့်၊ အကူး၊ အခိုင်ဟူ၍ အမည်တိုပေးပြီး လက်ရှိမြန်မာရောက်နေသော အဆင့်ကို အောက်ပါအတိုင်း ပြောပါသည်။
“ပညာရပ်ဆိုင်ရာ ရှုထောင့်က ကြည့်မယ်ဆိုရင် အကူးလို့ ပြောလို့မရသေးဘူး။ အဖွင့်ပဲရှိသေးတယ်။ ချုပ်ထားတာတွေကို ဖြေလျှော့နေတဲ့ ကာလပေါ့”

နိုင်ငံရေးသိပ္ပံပညာရှင်များက အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြိမ်းခြောက်သော အချက်လေးချက်ရှိသည်ဆိုသည်။ နိုင်ငံ၏ ဂျီဒီပီနိမ့်ကျခြင်း၊ အစိုးရ၊ နိုင်ငံရေးသမားနှင့် နိုင်ငံသားများအားလုံး အရည်အသွေး နိမ့်ကျခြင်း၊ အဖွဲ့အစည်းများအား မကောင်းခြင်း၊ အစိုးရစစ်တပ်မဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့ များရှိပြီး ပြည်တွင်းစစ်ပွဲများ ဖြစ်နေခြင်းစသည်တို့ကြောင့်ဖြစ်သည်။ ကံမကောင်းစွာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ အထက်ပါ ခြိမ်းခြောက်မှုလေးခုလုံးနှင့် ကြုံနေရသည်။

“ကျွန်တော်လည်း အသွင်ကူးပြောင်းရေးတွေ အများကြီး လေ့လာခဲ့တယ်။ ကျွန်တော်တို့အသွင်ကူးပြောင်းရေးက အခက်ခဲဆုံးပဲ။ ကျွန်တော်တို့လောက် ပြဿနာရှုပ်ထွေးတဲ့ အကူးအပြောင်း၊ ပြဿနာများတဲ့ အကူးအပြောင်းမရှိခဲ့သေးဘူး” ဟု ဒေါက်တာ မင်းဇော်ဦးက သုံးသပ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင်ခဲ့လျှင် ကမ္ဘာကျော်မော်ဒယ်တစ်ခုဖြစ်လာပေမည်။ ယခုပင် မြန်မာနိုင်ငံ၏ အကူးအ ပြောင်းကို အာဏာရှင်နိုင်ငံများ အနေဖြင့် နမူနာယူကြရန် ပြောဆိုမှုများ မကြာခဏရှိသည်။ ယခုနောက်ဆုံး တရုတ်နိုင်ငံရေး တက်ကြွလှုပ်
ရှားသူ ချင်ကွမ်းချန်က တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲရှီကျင်းပင်အား မြန်မာ့အပြောင်းအလဲကို နမူနာယူရန် တိုက်တွန်းလိုက်သည်။

ပြည်သူတွေ ဘယ်လိုကူညီနိုင်လဲ

နိုင်ငံသားတစ်ဦးချင်းဆီက နိုင်ငံသားကောင်းတွေဖြစ်အောင် ကြိုးစားတည်ဆောက်တာဟာ ကနေ့နိုင်ငံရေးလမ်းကြောင်း နောက် ကြောင်းပြန်မလှည့်အောင်၊ ဒီမိုက ရေစီရှေ့ရှုတဲ့ အပြောင်းအလဲအဖြစ် အောင်မြင်အောင် ဆောင်ရွက်ရမယ့် နိုင်ငံသားတစ်ဦးစီရဲ့ တာဝန်
လို့ ကျွန်တော်မြင်ပါတယ်။ ဒီလိုတည်ဆောက်နိုင်တာဟာ ကနေ့အပြောင်းအလဲမြန်ဆန်အောင် နိုင်ငံသားတစ်ဦးချင်းဆီရဲ့ အကူအညီပေးမှုလို့ပဲ ပြောလို့ရပါတယ်။ နိုင်ငံသားကောင်းဆိုတဲ့နေရာမှ မိမိရပ်ရေးရွာရေးကအစ တိုင်းပြည်တစ်ခုလုံးရဲ့ အရေးအရာတွေကိုပါ စိတ်ဝင်စားကာ တက်တက်ကြကြ ပါဝင်ဆောင်ရွက်ကာ ဥပဒေနဲ့ အညီ ပြုမူနေထိုင်တာတွေကို ဆိုတာ ပါ။ မတရားတာတွေ့ရင် မြင်ရင်လည်း ရဲရဲဝံ့ဝံ့ မတရားတဲ့အကြောင်း ထုတ်ဖော်ပြောဆိုနိုင်ရပါလိမ့်မယ်။ ကန့်ကွက်ရဲရပါလိမ့်မယ်” ဟု နိုင်ငံသားတစ်ယောက်၏ တာဝန်ကို လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဓိပ္ပာယ်ဖွင့်သည်။

နိုင်ငံရေးဆောင်းပါးရှင် နေသန်မောင်ကလည်း လူထုတာဝန် ကို အောက်ပါအတိုင်းပြောသည်။ “လူထုက ဘာလုပ်ရမလဲဆိုတော့ ကျွန်တော်ထင်တယ်ဗျ။ ဟိုတုန်းကရှိခဲ့တဲ့ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ ချွတ်ခြုံကျခဲ့တဲ့ ပြဿနာတွေ ဖိနှိပ်တဲ့ပြဿနာတွေက ရှင်းကိုရှင်းရမှာဗျ။ ဘယ်လိုရှင်းမလဲဆိုတော့ အကောင်းဆုံးနည်းက ဒီမိုကရေစီ နည်းကျကျနဲ့ ပွင့်ပွင့်လင်းလင်းတင်ပြ ပြဿနာအားလုံးကို နားထောင်၊ အဲဒီမှာ အားလုံးကျေနပ်နိုင်တဲ့အဖြေကိုရှာ အဲဒါအကောင်းဆုံးပဲဗျ။ အဲဒီလိုမဟုတ်ဘဲနဲ့ လူထုဘက်ကလည်း အချို့ဟာတွေ ဖုံးထားမယ်။ အစိုးရဘက်ကလည်း ဖုံးထားမယ်။ အကြမ်းနည်းနဲ့ ရှင်းမယ်ဆိုရင် ဒီပြဿနာက ဘယ်တော့မှ မပြေလည်ဘူး” ရန်ကုန်တိုင်းဒေသကြီး လွှတ်
တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကလည်း နောက်ကြောင်းမပြန်အောင် လူထုက ကူညီနိုင်ပုံကို အောက်ပါအတိုင်း ပြော
သည်။

“ပြည်သူတွေအနေနဲ့ကတော့ ကိုယ်ကိုယ်တိုင်က ငြိမ်းချမ်းစွာဖြေရှင်းတတ်တဲ့ အကျင့်ကို မွေးယူရမယ်။ ဘာလို့လဲဆိုရင် ဘယ်ဒီမိုကရေစီနိုင်ငံမှ ဒီမိုကရေစီစနစ်တစ်ခုကို အကြမ်းဖက်တဲ့နည်းနဲ့ စည်းမဲ့ကမ်းမဲ့ယူလို့မရဘူးလေ။ အဲဒီတော့ ငြိမ်းချမ်းစွာဖြေရှင်းခြင်း နည်းလမ်းနဲ့ပဲ ပြည်သူတွေက အစိုးရကို ကူညီရမယ်။ အဓိကရုဏ်းတွေ ဘာတွေမဖြစ်အောင် လုပ်ရမယ်။ ပြည်သူတွေက စည်းကမ်းရှိရမယ်။ စည်းကမ်းရှိရှိနဲ့ ဖြေရှင်းရမယ်။ ဒီမိုကရေစီနည်းလမ်းကျကျ တိုင်းပြည်က အရှိန်အဟုန်နဲ့ သွားနေတဲ့အချိန်မှာ ပြည်သူကလည်း စည်းကမ်းရှိရှိနဲ့ ပါဝင်ဖို့လိုတာပေါ့။ မိမိကိုယ်တိုင်က ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတဲ့အကျင့်ကို ပျိုးထောင်ပြီး အစိုးရကို ကူညီသင့်တာပေါ့”

ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းကလည်း “ဒီမိုကရေစီ လမ်းကြောင်းကိုသွားရင် အကုန်လုံး စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းပြီးသွားရမှာ။ ပြည်သူတွေဘက်ကလည်း အလကားနေ ဆန္ဒပြမယ်ဆိုတာ မဖြစ်သင့်ဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ဆိုတာက ဆန္ဒပြနေရုံနဲ့ မပြီးဘူး။ အခုတော့ ဆန္ဒပြမယ်ဆိုတာကို ရှေ့တန်းတင်တယ်။ ဖြေရှင်းတဲ့သူကလည်း အကြမ်းဖက်ဖြေရှင်း တယ်။ ဒါတွေကမဖြစ်သင့်တော့ဘူး” ဟု သူ၏အမြင်ကိုပြောသည်။

အထက်ပါအတိုင်းဆို၍ ပြည်သူများက မိမိတို့၏ နစ်နာမှုများကို မတောင်းဆိုရတော့ဟု ဆိုလိုခြင်းမဟုတ်ပါ။ နစ်နာချက်များ၊ အမြင်များ၊ ထင်မြင်ယူဆချက်များကို ပွင့်လင်းစွာ ငြိမ်းချမ်းစွာ တောင်းဆိုရမည်လည်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်များက ပြောသည်။ လူထုအနေဖြင့်လည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို ယခုနှစ်အတွင်း ရင်းနှီးလာပြီဖြစ်သည်။ အစိုးရက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပြဋ္ဌာန်းပြီးနောက် တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများမှာ တစ်လလျှင် အကြိမ်ရေဆယ်နှင့်ချီ၍ ရှိနေသောကြောင့် ဖြစ်သည်။

အစိုးရ၌သာအဓိကတာဝန်ရှိ
ဤတွင်ပြဿနာမှာ နစ်နာသူများ၏ တောင်းဆိုချက်ကို တာ ၀န်ရှိသော လုပ်ငန်းရှင်များ၊ အစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြေလည် အောင်မဖြေရှင်းပေးခြင်းဖြစ်သည်။ အစိုးရဌာနနှင့် သက်ဆိုင်သော ကိစ္စများတွင်လည်း အောက်ခြေအဆင့်မှတာဝန်ခံ၍ ဖြေရှင်းပေးမှု နည်းပါးပြီး အရာအားလုံးတွင် နိုင်ငံတော်သမ္မတကပြောမှ ပြည်ထောင်စုအစိုးရက ၀င်ရောက်ဖြေရှင်းမှ ပြေလည်သည်များ ကြုံလာသည်။

ဒီမိုကရေစီခေတ်ဆိုသော်လည်း အခွင့်ထူးခံခရိုနီများ ရှိနေခြင်းနှင့် အစိုးရ၏ယန္တရားများ ညံ့ဖျင်းမှုများမှာ ထိုအခြေအနေတွင်ပေါ်လာသည်။
“ဖြစ်နိုင်ရင် ကျွန်တော်တို့ ဆန္ဒမပြချင်ဘူး။ အခု ဆန္ဒပြတာ ၃၁ ရက်ရှိပြီ ၀ါဝါ၀င်းရှေ့မှာ။ လယ်သမားတွေ အိမ်ပြန်ချင်ပါပြီ။ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ လယ်သိမ်းသွားတဲ့သူတွေဟာ သူတို့လုပ်တဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့ တာဝန်ယူမဖြေရှင်းသရွေ့ကာလပတ်လုံး မြန်မာနိုင်ငံမှာ တိုးတက်မှာမဟုတ်ဘူး” ဟု ဆန္ဒပြပွဲများစွာကို ဦးဆောင်ခဲ့သော ဦးဝင်းချိုကလည်း သုံးသပ်ပြောကြားသည်။

“နောက်ကြောင်းပြန်လှည့်ခြင်း မလှည့်ခြင်းက အစိုးရပေါ်မှာပဲ မူတည်တယ်လို့ထင်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကလည်း နောက်ကြောင်းပြန်လို့ရတဲ့ ဥပဒေကြီးဆိုတော့ သူနဲ့ပဲဆိုင်တယ်။ အခုပြည်သူတွေလုပ်နေတာကလည်း နောက်ကြောင်းပြန်အောင် လုပ်နေတာမဟုတ်ဘူး။ ရှေ့ကိုသွားနိုင်အောင် လုပ်နေတာ။ အရင်တုန်းက လုပ်ခဲ့တဲ့ အမှားတွေကို ပြင်ခိုင်းနေတာ။ ဆန္ဒပြတယ်ဆိုတာ ဖြစ်သင့်တာကို ပြောနေတာလို့ပဲ မြင်တယ်။ ပြည်သူတွေ ဆန္ဒဖော်ထုတ်တယ်ဆိုတာ အားနည်းတဲ့ ဥပဒေကို ပြင်ခိုင်းနေတာ။ ရှေ့ကိုသွားနိုင်အောင်လုပ်တာ" ဟု လူမှုရေးလုပ်ငန်းများ တက်ကြွစွာဆောင်ရွက်နေသော ဒေါက်တာကျော်သူကလည်း ပြောသည်။

လက်ရှိအစိုးရက နိုင်ငံရေး၊ စီးပွားရေး နှစ်ခုစလုံးကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း အဓိကအားနည်းချက်မှာ စီးပွားရေးဖွံ့ဖြိုးအောင် မလုပ်နိုင်သေးသည့်အတွက် အပြောင်းအလဲများမှာ ပြည်သူများ မခံစားရသေးခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက်က ချန်ရစ်ခဲ့သော ပြဿနာအမွေဆိုးများကို ဖြေရှင်းနေရသည်ဆိုသော်လည်း အစိုးရသစ်လက်ထက် ဆောင်ရွက်မှု အချို့မှာလည်း ပွင့်လင်းမြင်သာမှု အားနည်းခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များမှာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုသောစိတ် ရှိသည်ဟု ပြည်သူများ ယုံကြည်သော်လည်း အချို့မှာ နောက်ကြောင်းပြန်လိုသော သဘောထားတင်းမာသူများ ရှိနေဆဲဆိုသည်ကလည်း ထင်ရှားနေသည်။
လာဘ်ပေးလာဘ်ယူမှုများ အမြစ်တွယ်နေခြင်း၊ အစိုးရအဖွဲ့ဝင်များ၏ သဘောထားနှင့် လုပ်နည်းလုပ်ဟန်များမှာ အာဏာရှင် လက်ထက်ကကဲ့သို့ပင် ကြိုးနီစနစ်ကိုသာ ကျင့်သုံးနေဆဲဖြစ်ပြီး မိုင်းဆတ်မပြောင်းလဲနိုင်ခြင်း၊ မူဝါဒချမှတ်မှုများ နှေးကွေးခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု အားနည်းခြင်း၊ ပြည်ထောင်စုအစိုးရတွင်သာ လုပ်ပိုင်ခွင့်အာဏာ အများဆုံးရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ အာဏာဖြန့်ဝေသုံးစွဲမှုတို့တွင်လည်း အစိုးရတွင် အားနည်းချက်များရှိနေသည်။

ထို့ကြောင့် လပေါင်း၂၀ အတွင်း ဦးသိန်းစိန်အစိုးရက မှန်ကန်သော ပြုပြင်ပြောင်းလဲ မှုများစွာ ပြုလုပ်ခဲ့သော်လည်း၊ အစိုးရ၏ ညံ့ဖျင်းမှုမှာလည်း များစွာရှိနေဆဲပင် ဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက်က ဖြစ်ပျက်ခဲ့သော လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခဲ့ခြင်းမှာ အစိုးရ၏ ညံ့ဖျင်းမှုပင်ဖြစ်သည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်သူလူထု၏ ထောက်ခံချက်ရရှိနေသော သမ္မတဦးသိန်းစိန်မှာပင် ထိုနေ့နောက်ပိုင်း ဝေဖန်မှုများစွာ ကြုံနေရသည်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက သံဃာတော်များကို ထိုဖြစ်ရပ်ပြီးနောက် သြ၀ါဒခံယူပွဲ ကျင်းပ၍ တောင်းပန်မှုမှာ ယခင်အာဏာရှင်စနစ်တွင် မတွေ့ရသော ကောင်းမွန်မှုဟုဆိုရမည်။ သို့သော် သံဃာတော်နှင့် ပြည်သူအများအပြားဒဏ်ရာရရှိအောင် မည်သည့်အတွက်ကြောင့် ဖြစ်ပွားခဲ့ရပြီး၊ မည်သူ့တွင် တာဝန်ရှိသည်ကို အစိုးရက ပွင့်ပွင့်လင်းလင်း မရှင်းပြသေးခြင်းမှာ တာဝန်ယူမှု တာဝန် ခံမှုအပေါ် မေးခွန်းထုတ်စရာဖြစ်သည်။

“တိုင်းပြည် အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်ရဲ့ ထိပ်ဆုံးမှာ နိုင်ငံတော်သမ္မတရှိနေတာပဲ။ သမ္မတက ပြောတာဆိုတာ ညွှန်ကြားတာတွေဆိုတာ အောက်ခြေ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်က လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမယ့် ကိစ္စတွေ ဖြစ်တယ်။ အဲဒီလိုအခြေအနေတွေမရှိဘူးဆိုရင် အုပ်ချုပ်ရေး ယန္တရားထဲမှာ တစ်ခုခုတော့ မှားနေလို့ဖြစ်မယ်ထင်တယ်။ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ဒီကိစ္စတွေမှာ ရှင်းရှင်းလင်းလင်းရှိဖို့ လွတ်လပ်ကြဖို့လိုသလို တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း သီးသန့်ရှိနေဖို့ လိုတယ်။ ပြည်နယ်၊ တိုင်းဒေသကြီးတွေနဲ့ ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်တွေ မှာလည်း ရှင်းရှင်းလင်းလင်းရှိဖို့ လိုပါတယ်။ ချုပ်ပြီးပြောရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ဖို့ ပြင်သင့်တာတွေကို ပြင်ဖို့ အရမ်းအရေးကြီးပါတယ်။ အောက်ခြေအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း ခေတ်နဲ့လျော်ညီတဲ့ အသွင်အပြင်မျိုးဖြစ်အောင် ပြုပြင်နိုင်ဖို့ တည်ဆောက်နိုင်ဖို့ အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်” ဟု ဦးအောင်မိုးဇော်က ပြောသည်။

ယခုဆောင်းပါးအတွက် 7Day News က နိုင်ငံရေးသမားများ၊ ပညာရှင်များ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ စီးပွားရေးသမားများထဲမှ ပုဂ္ဂိုလ် ၂၀ ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာ အထက်တွင် ဆိုခဲ့သည့် အားနည်းချက်များကို အစိုးရအနေဖြင့် ပြင်ဆင်ဆောင်ရွက်ရန်၊ ပြည်သူလူထုအသံကို နားထောင်၍ ပူးပေါင်းဆောင်ရွက်ကြရန် တစ်ညီတညွတ်တည်း အကြံပြုခဲ့ကြသည်။

ဒေသအသီးသီးရှိ သာမန် ပြည်သူ ၃၀ ဦးကို လူတွေ့မေးမြန်းမှုအရလည်း ၎င်းတို့လိုလားသော အစိုးရမှာ အများစုက တညီတညွတ်တည်း ပြောသည်က ပြည်သူအသံနားထောင်၍ ပြည်သူ့ အကျိုးလိုလားသော၊ ပြည်သူကိုစာနာသော၊ ပွင့်လင်းမြင်သာသော၊ အမြော်အမြင်ကြီးသော အစိုးရကို လိုလားသည်ဟူ၍ ဖြစ်ပါသည်။

ရေးသားသူ- သတင်းအဖွဲ့  - 7Day News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့