Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 18 December 2012

လူငယ်များအကြားဖွံ့ဖြိုးစပြုနေသည့် ဘီယာဆိုင်ထိုင်ဓလေ့

“ လာပါ.... သူငယ်ချင်းရေ...... လက်ဖက်ရည်ဆိုင်ကို.....သွားကြပါစို့လေ” ဆိုတဲ့ တေးသံရှင် ကိုင်ဇာဆိုခဲ့တဲ့ သီချင်းကတော့ မနက်ပိုင်း အချိန်တွေ အတွက်ပဲ မှန်ပါလိမ့်မယ်။


မြန်မာနိုင်ငံရှိ လူငယ်အ များစုမှာ ယခင်လက်ဖက်ရည် ဆိုင်ထိုင်သည့် အလေ့အထမှ ခေတ် ကာလ ပြောင်းလဲမှု အလျောက် ဘီယာဆိုင်ထိုင်တဲ့ အလေ့အထသို့ တစတစ ကူးပြောင်းဖို့ ကြိုးစားနေချိန်။

လူငယ်အများစုက ဘီယာဆိုင်ထိုင်ခြင်းကို စိတ်အပန်းဖြေခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ရသော နေရာတစ်ခု အနေဖြင့်   ရွေးချယ်လာတာဖြစ်တယ်လို့ ဘီယာနေ့စဉ်သောက်သုံးသော အသက်(၂၀) ကျော် လူငယ်တစ်ဦးက ပြောပါတယ်။

ဘီယာ၊ အရက် နေ့စဉ်နီးပါးလောက်သောက်ဖြစ်နေတဲ့ အသက် (၂၅) နှစ်ကျော် ကိုကတုံး ကတော့သူဟာ ပျော်ရင်လည်း   သောက်တတ်ပြီး စိတ်ညစ်ရင်လည်း သောက်တယ်၊ စိတ်ကလည်း အမြဲလိုလို ညစ်စရာတွေချည်းပါပဲလို့လည်း သူက ငြီးပါတယ်။

အသက်(၁၈) နှစ်လောက်ကတော့ စမ်းသပ်တဲ့အနေနဲ့ စသောက်ခဲ့ပေမဲ့ အလုပ်ခွင်ထဲဝင်တဲ့အခါမှာတော့ စိတ်ညစ်လို့ အပန်းဖြေတဲ့အနေနဲ့ ညနေတိုင်း ဘီယာသောက် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

“ အလုပ်ထဲရောက်တော့ သူငယ်ချင်းတွေနဲ့ တော်တော်လေးသောက်ဖြစ်တယ်၊ လစာထုတ်တဲ့ရက်ဆိုသူတို့ကတိုက်တယ် ကိုယ်ကလည်း အဆင်ပြေရင်ပြေသလိုတိုက်တယ်၊ ပျော်လို့ သောက်တာလည်း ရှိတယ် စိတ်ညစ်လို့သောက်တာလည်းရှိတယ်၊ အဓိကကတော့ စိတ်အပန်းဖြေတဲ့အနေနဲ့ သောက်တယ်၊ များတော့ မူးတယ် အများကြီးမူးသွားတယ် အိပ်ပျော်သွားတယ် မေ့သွား တယ်ပေါ့ ဗျာ စိတ်ညစ်တာတွေ အကုန်လုံးလည်း အိပ်ပျော်ရင် ပျောက်သွားတယ်”လို့ ကိုကတုံးက ဆိုပါတယ်။

ညခင်းအချိန်တွေဆို relax ဖြစ်သွားအောင် သောက်ရင်းကနေ ဆရာဝန်တွေ ပြောသလို တန်းဆေးလွန်ဘေး မဖြစ်ဖို့ကိုလည်း သတိထားရပါသေးတယ်။

“ဆရာဝန်တွေကတော့ ပြောတာပေါ့ဗျာ နည်းရင်တော့ ကောင်းတယ်ပေါ့ များရင်မကောင်းဘူး သိပါတယ်၊ အဲ့ဒါတွေလည်း ဒါပေမဲ့ သောက်ဖြစ်နေတယ်ဗျ” လို့ ဆက်ပြောပါတယ်။

ဆယ်ကျော်သက်လူငယ်များကြား ညနေဘက် လက်ဘက်ရည်ဆိုင်ထိုင်ခြင်းထက် ဘီယာဆိုင်ထိုင် ခြင်းကို လူရာဝင်ခြင်း၊ နိုင်ငံတကာအဆင့်မီနေထိုင်တတ်ခြင်း  အလေ့အထတစ်ခုလို့ ထင်လာပါတယ်။

ဘီယာဆိုင်တွေမှာ အထိုင်များနေကြတာကတော့  အသက်ရွယ် အသက် ၂၀ နဲ့ ၅၀ ကြား အရွယ်စုံလူငယ်တွေနဲ့ မိန်းကလေးတွေ အထိုင်များတာ တွေ့ရပါတယ်။

မိန်းကလေးတွေ (ကောင်မလေး) အများစုကိုလည်း ဘီယာဆိုင်ထိုင်ထိုင်လာကြတာ တွေ့တွေ့ လာရပါတယ်၊ အထူးသဖြင့် ညနက်ပိုင်းတွေမှာဆိုရင် ဘီယာဆိုင်တွေမှာ ကောင်မလေးဝင်ရောက်မှု ပိုလာတက်တယ်လို့ ရွေဂုံတိုင်မှ လက်ဘက်ရည်နှင့် ဘီယာပူးတွဲရောင်းချသည့် စားသောက်ဆိုင် ၀န်ထမ်းတစ်ဦးက ပြောတယ်။

“ညဥ့် နက်ရင် ကောင်မလေးတွေ အတိုလေးတွေနဲ့ မူးမူးပြီး ၀င်ဝင်လာတာ များတယ်၊ မှာလိုက်ရင်လည်း ဘီယာပဲ၊ သောက်ပြီးရင် သူတို့ ဘယ်ပြန်ကြမှာလဲ၊ ကျွန်တော့် အမတွေ ညီမတွေသာ ဒီလိုဖြစ်နေရင် ဆိုတဲ့ စိတ်နဲ့ တွေးတောင် မတွေးရဲဘူး၊ တစ်ညကို အနည်းဆုံး ကောင်မလေး ရာဂဏန်းလောက်တော့ ၀င်တယ်”ဟု စားသောက်ဆိုင်ဝန်ထမ်း ဖိုးသားက ပြောပါတယ်။

ကောင်မလေးအများစုက ကာရာအိုကေ ဆိုင်တွေကနေ ထွက်လာတဲ့ အရွယ်ကောင်းလေးတွေ ဖြစ်တယ် လိုလည်း သူက ဆက်ပြောပါတယ်။

လူငယ်အချင်းချင်း ပြောချင်တဲ့ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရဖို့နဲ့ သူငယ်ချင်း အချင်းချင်း ပိုမိုထိတွေ့နိုင်တဲ့အတွက် ဘီယာဆိုင်များကို ရွေးချယ်လာရခြင်းဖြစ်တယ်လို့ ဘီယာဆိုင်ပိုင်ရှင်တစ်ဦးက အခုလို သုံးသပ်ပါတယ်။

 “ဘီယာဆိုင်ထိုင်တာက သူတို့လူငယ်အချင်းချင်း တွေ့ကြဆုံကြပြောကြတဲ့ အခါကြတော့ လက်ဘက် ရည်ဆိုင်ထိုင်ပြီး   ပြောရင် ဘေးပတ်ဝန်းကျင်က ကြားတာရှိမယ် ဥပမာ မိန်းကလေးကိစ္စ ပြောတယ် မိသားစုကိစ္စ ရင်ဖွင့်ချင်တာ ရှိချင်ရှိမယ် ဒါမျိုးတွေကြောင့် လူငယ်တွေဘီယာဆိုင်ဘက်ကို ခြေဦး လှည့်လာရတယ်လို့ အကို့အနေနဲ့ သုံးသပ်တယ်။ တစ်ခုရှိတာက လူငယ်တွေအနေနဲ့မှာတော့ ကျောင်းသားအရွယ်လောက်မှာ ဘီယာဆိုင်ထိုင်တာတော့ လုံးဝမကောင်းဘူး”လို့  သူ့အမြင်ကို ပြောပါတယ်။

လူငယ်ချင်း ဘီယာဆိုင်ထိုင်မှ လွတ်လွတ်လပ်လပ် ပြောဆိုပွင့်အံ ကြနိုင်တယ်ဆိုတာကိုတော့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုကောင်းမြတ်က ကန့်ကွက်ပါတယ်။

“ ဘီယာဆိုင်ထိုင်မှ လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးနိုင်တယ်ဆိုတာ မဟုတ်ပါဘူး၊ လက်ဖက်ရေဆိုင်တွေ၊ ဒီထက်ပို လွတ်လပ်ချင်ရင် ကမ်းနားတွေ၊ ပန်းခြံတွေထဲမှာလည်း ပြောလို့ရနိုင်ပါတယ်၊ ဘီယာဆိုင်ထိုင်မှ လွတ်လပ်တယ်ဆိုတာ ရမယ်ရှာတာပါ”လို့ ပြောပါတယ်။

မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်နည်းတူ ဘီယာဆိုင်တိုးချဲ့ဖွင့်လှစ်မှုတွေကလည်း များလာပါတယ်၊

လက်ဖက်ရည် ရိုးရိုးတစ်ခွက် ကျပ်(၂၀၀) လက်ဖက်ရည် ရှယ်တစ်ခွက် (၃၀၀)ပေးနေရချိန်မှာ စည်ဘီယာတစ်ခွက်(၆၀၀)နှုန်းနဲ့ ငါးခွက်သောက်ပါက တစ်ခွက်အပိုရသည့်ခေတ်နှင် ပုလင်းဘီယာ တစ်လုံး(၁၂၀၀)ပေးရသည့် အခြေအနေသို့  ပြောင်းလဲစီးဝင်နေချိန်။

စာရေးဆရာကိုတာကတော့ ပြည်ပနိုင်ငံတွေမှာဆိုရင် အရက်တို့ ဘီယာတို့ကို ဈေးတင်ထားတယ်၊ မြန်မာနိုင်ငံမှာတော့ လူငယ်တွေ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းမှာပဲ ရှိနေလို့ အလွယ်တကူ သောက်ဖြစ်နေကြတယ်လို့လည်း ထောက်ပြ ပြောဆိုပါတယ်။

 “လူတွေကစဉ်းစားတတ်အာင် လုပ်ကြပေါ့ စဉ်းစားတတ်အောင်ဆိုတာက စာလေးဘာလေးဖတ် ငါတို့ဘယ်လိုနေမယ် ဆိုတာ စဉ်းစားပေါ့ ငါတို့အနာဂတ်အတွက်ပြင်ဆင်ရမှာပေါ့ ပညာဆိုတာက အနာဂတ်လို့ သဘောထားရမယ်၊ ကျောင်းတက်ပြီး ဘွဲ့ရတာတော့မဟုတ်ဘူးပေါ့  ဘာမှမတတ်တဲ့ လူကဘာမှ မဟုတ်ဘူး အဲ့တော့ ကိုယ့်ဘာကို ပြင်ဆင်ပေါ့ စာဖတ်ပေါ့၊ ဘီယာပြောလို့ ဘီယာအများကြီးသောက်တာ အရက်အများကြီးသောက်တာ ကိုယ့်ဟာကို ပြင်ဆင်ရမှာပေါ့ လိုအပ်လို့လုပ်ရမှာပေါ့ ကိုယ့်အားကိုယ်ကိုးဖို့ အတွ က် ကိုယ့်ကိုကိုယ် ပြင်ဆင်ရမှာပေါ့” လို့ စာရေးဆရာကိုတာက ပြောခဲ့ပါတယ်။

ယခုအချိန်မှာတော့ ဘီယာဆိုင်တွေဟာ ရပ်ကွက်တိုင်း မြို့တိုင်းလိုလိုမှာကိုတွေ့နေရပါပြီ ကမာရွတ် မြို့နယ်က လှည်းတန်းမှာတင် ယခင်ငါးနှစ်ခန့်က ဘီယာဆိုင်တစ်ဆိုင် နှစ်ဆိုင်သာရှိပေမဲ့ အခုဆိုရင် ဘီယာဆိုင် ၁၀ ဆိုင်လောက် အထိရှိလာတာ တွေ့ရပါတယ်။

လက်ဖက်ရည်ဆိုင်တွေကတော့ တန်းတူလောက်ရှိနေပေမဲ့ စနေ၊ တနင်္ဂနွေ နေ့မျိုးတွေမှာသာ ဘောလုံးပွဲကြည့်တဲ့လူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။

ဘီယာဗူးတွေ၊ အရက်တွေ ရောင်းချနေတာကလည်း ဆိုင်တိုင်းလိုလိုမှာ ရောင်းချနေကြပါတယ်။ ဥပမာ စိန်ဂေဟာတို့လို ကုန်တိုက်တွေ၊ ဆိုင်အသေးလေးတွေဖြစ်တဲ့ 108 တို့ ABC စတိုးတို့ဟာလည်း ညလုံးပေါက်ဖွင့်နေကြပြီး ဘီယာ အရက်လာဝယ်တဲ့လူတွေနဲ့ စည်ကားနေလေ့ရှိကြပါတယ်။

အခုဆိုရင် လူငယ်တွေကြားမှာ လခထုတ်ရက်တို့ ငွေရပေါက်ရလမ်းရွင်တဲ့နေ့တွေဆိုရင် လက်ဘက်ရည်လိုက်တိုက်လို့ မပြောကြတော့ပါဘူး “ဘီယာလိုက်တိုက်ကွာ” ဆိုတဲ့ စကားသံတွေ အစားထိုးကြားလာရတာပါ များလာတာကတော့ အသေအချာပါပဲ။

ဉာဏ်ဉာဏ် ( မြစ်မခ )
by Myit Makha Mediagroup

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့