Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 13 December 2012

ဒုတိယဘ၀အတွက် အပျော်ရွှင်ရဆုံးအချိန်

အသက်(၉)နှစ်အရွယ် သားငယ်ကို အိမ်မှာ ထားခဲ့ရသော် စိတ်မချ နိုင်သည့် ခင်သန္တာ တစ်ယောက် သူ့သားငယ်ကို “မေမေ
စစ်တွေသွားမယ် သားသားအတွက် မုန့်တွေ ဝယ်လာခဲ့မယ်” ဟု မှာနေကျ စကားဖြင့် နှစ်သိမ့်ခဲ့သည်။

နံနက်စောစော စစ်တွေသို့ သွားရန် ပုဏ္ဏားကျွန်းမြို့ ထွက်လာခြင်း ဖြစ်သည်။ ခင်သန္တာသည် PLHIV( People Living with HIV)ဖြင့် အသက်ရှင် နေထိုင်နေသူ တစ်ဦး ဖြစ်သည်။ အေအာတီ(ART) ဆေးဝါး ရရှိရန် အတွက် စစ်တွေမြို့သို့ သွားရောက် ရခြင်းဖြစ်သည်။ စိတ်ထဲ၌ “အေအာတီ ဆေးဝါးရပါ့မလား၊ တကယ်လို့မရင် ငါ့ဘဝတော့ အို…..ဘုရားရယ်!” စသည့် အတွေးများဖြင့် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ဒိုင်နာကားဖြင့် ထွက်ခဲ့သည်။

ရခိုင် အရေးခင်းကာလ၌ PLHIV ဝေဒနာရှင်များ အတွက် ဆေးဝါးထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည်။  အေအာတီ ဆေးဝါးကို   ထောက်ပံ့ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ ဆေးပေးခန်းလည်း ပိတ်ထားလိုက် ရသည်။ အရေးအခင်း (၆)လကျော်လာသော်လည်း PLHIV ဝေဒနာရှင် ခင်သန္တာမှာမူ မည့်သည့်နေရာ၌ ဆေးရယူရမည်ကို မသိဖြစ်နေသည်။

ဒိုင်နားကားပေါ်တွင် ခရီးသည်များ ဟာသပြောရင်း ရယ်မောနေကြသော်လည်း ခင်သန္တာတစ်ယောက် စိတ်ထဲတွင် စိုးရိမ်ကြောင့်ကြ စိတ်များကြောင့် မရယ်နိုင်။

တကယ်လို့များ သူမ အေအာတီဆေးဝါးမရခဲ့လျှင်  သူမဘာလုပ်ရမည်နည်း။ လူမမယ်ခလေးအတွက် ဘယ်လို လုပ်ရမလဲစသည်ဖြင့် အတွေးများ နစ်ဝင်နေသည်။

“ ပုဏ္ဏားကျွန်းမြို့ကခရီးသည်တွေ ဆင်းလို့ရပြီ” ဟု ကားစပယ်ယာအသံကြားလိုက်မှ စစ်တွေရောက်မှန်း သိသည်။ ယခင်က သူမစစ်တွေမြို့သို့ အချိန်တိုင်းရောက်ဖြစ်သည်။ စစ်တွေမြို့တွင် ဆွေမျိုးများလည်း ရှိသည်။ သို့သော် မထင်မှတ်သော ဖြစ်ရပ်ဆိုးများကြောင့် သူမကို ဥပေက္ခာပြုထားကြသည်။

“မိဘဆွေမျိုးဆိုတာ ကောင်းတာတွေ အများကြီးရှိပေမယ့် ကျမတို့လိုဘဝတူတွေနဲ့ မတူတာတွေ အများကြီး ရှိတယ်။ ဘဝတူတွေဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကူညီရိုင်းပင်းကြတယ်။  ငွေကြေးက အစပေါ့။ ကိုယ့်မိသားစုတွေ ဆီသွားတော့ အဆဲအဆိုခံရတာတွေ အများကြီးဘဲ'' ဟု ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် အေအာတီဆေး ပြတ်လပ်ကာ အသက်ဆုံးရှုံးခဲ့သည့် ဝေဒနာရှင် များလည်း ရှိခဲ့သည်။

“အရေးခင်းတုန်းကဆို ဆေးဝါးပြတ်လပ်သွားမှာကို ကျွန်မအရမ်းကြောက်မိတယ်။  ဒေသခံ အဖွဲ့အစည်း တွေဆီက ဆေးဝါးရလိုက်လို့ မဟုတ်ရင်”ဟု အရေးအခင်းကာလဖြတ်သန်းခဲ့ရသော နေ့ရက်တစ်ချို့ကို သူမက ပြန်ပြောပြသည်။

ရခိုင်ပြည်နယ်ရှိ PLHIV များအတွက် AZG နယ်စည်းမခြားဆရာဝန်များအဖွဲ့က ထောက်ပံ့ပေးခဲ့သော်လည်း အရေးအခင်းကာလ၌ ဆေးဝါးထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းခဲ့ရသည်။

နိုဝင်ဘာလ(၁၈)ရက်နေ့က စစ်တွေမြို့ ဝံလက်ဖောင်ဒေးရှင် ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် Myanmar Positive Group (National PLHIV Network)နှင့် Utopia Association တို့ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း HIV ပိုးရှိသူများ ဆေးဝါးများမပြတ်လပ်ရေး ၊ ဆေးဝါးကုသမှုခံယူရေး၊ ဆွေးနွေးပွဲအခမ်းအနားတွင်   Myanmar Positive Group (National PLHIV Network) ဥက္ကဌ ဦးမျိုးသန့်အောင်က  ရခိုင်ပြည်နယ်ရှိ PLHIV ဖြင့် နေထိုင်သူများမှာ ဆေးဝါးမျှဝေသုံးစွဲခဲ့ရသည်ကို တွေ့ရသည်ဟု သူမက ဆိုသည်။

“ပဋိပက္ခအတွင်းမှာ (၃၃၀) လောက်မှာ ကျွန်တော်တို့ အတတ်နိုင်ဆုံးလိုက်ပြီးတော့ (၃၀၀) ဝန်းကျင်လောက် လက်လှမ်းမီ လိုက်ပါတယ်၊ အဲဒီအထဲမှာ ဆိုးဆိုဝါးဝါးဖြစ်တာက ARTဆေးဝါးပြတ်လပ်မှုနဲ့ အသက်ဆုံးပါး သွားသူ(၆) ယောက်ရှိပါတယ်။ အမျိုးသမီး(၄)ဦးပါတယ်”ဟုMyanmar PositiveGroupမှ ရခိုင်ဒေသ ဆိုင်ရာကိုယ်စားလှယ် ဦးသန်းထွန်းက ပြောသည်။

ယင်းသို့ဖြစ်ရပ်များရှိသည့်အတွက် ခင်သန္တာအဖို့ စစ်တွေမြို့တွင် ဆေးဝါးရယူနိုင်ရန် လာရောက်ခြင်းဖြစ်သည်။

သူမ၏ လက်ဝယ်တွင် ဆေးသုံးရက်စာသာ ကျန်တော့သည်။  မရှိရင် ဘဝတူသူငယ်ချင်းဆီမှ ဖြစ်သလို ဆုံးသွားမည်ကိုသာ အာရုံရောက်နေသည်။

စီးပွားရေးအကျပ်တည်းကာလတစ်ခုက လွတ်မြောက်ရန် အလို့ငှာ ဘဝကို ရင်းခဲ့သည့် ခင်သန္တာမှာ   မမျှော်လင့်ဘဲ HIV ပို့ကူးစက်ခံခဲ့ရသည်။

အသက် ၂၈ အရွယ်ရှိ ခင်သန္တာမှာ HIV ပို့ကူးစက်ခံရတုန်းက ဆေးရုံတွင် သွားရောက်ပြသခဲ့ရာ သူနာပြုဆရာမ တစ်ချို့က အရေးယူမှုမရှိခဲ့သဖြင့် ဘဝမှာစိတ်အနာကျဉ်ဆုံးအချိန်များအား ကြုံတွေ့ခံစားခဲ့ရသည်ဟူ၍လည်း သိရသည်။

HIVကူးစပ်ခံရသည့် နောက်ပိုင်း  သေချင်စိတ်ပေါက်ခဲ့သည်ဟု ခင်သန္တာက ပြောသည်။ သို့သော် သူ့လိုဘဝတူ များလည်းရှိသဖြင့် နှစ်သိမ့်ဖော်ရခဲ့သည်။

“HIV ပိုး ရှိသူတိုင်းဟာလည်း သာမန်လူတွေပါဘဲ။ သူများလို အလုပ်လုပ်နိုင်တယ်။ လူထုအတွက်အကျိုးပြု လုပ်ငန်းတွေ လုပ်နိုင်တယ်” ဟု စစ်တွေမြို့တွင် အေအာတီဆေးဝါးထောက်ပံ့ရေးလုပ်ငန်း ဆောင်ရွက်နေသည့်  Myanmar Positive Group မှ  ရခိုင်ဒေသဆိုင်ရာ ကိုယ်စားလှယ်ဦးသန်းထွန်းက ပြောသည်။

ခင်သန္တာမှာ လက်ရှိတွင်  ဘဝတူများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နေသည်။

“ဒီလိုမျိုး ဘဝကိုရောက်သွားပေမယ့် ဘဝတူတွေကို ပညားပေးတာတွေ၊ ဗဟုသုတမျှဝေတာတွေဟာ ကျမတို့ အတွက်အရေးပါတဲ့ ကဏ္ဍတွေပါ” ဟု ခင်သန္တာက ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ HIV ဝေဒနာရှင်များအတွက် ဆေးဝါးထောက်ပံ့မှုကို စစ်တွေမြို့မှ Utopia Association မှ စီစဉ်ပေးနေသည်။

ရခိုင်ပြည်နယ်တွင် ART ဆေးသောက်သုံးနေရသည့် PLHIV စုစုပေါင်း (၃၃၀)ရှိပြီး ART ဆေးဝါး သောက်သုံးသင့်သူ (၂၈၅)ဦးရှိသည်ဟု သိရသည်။

ခင်သန္တာတစ်ယောက် စစ်တွေမြို့သို့ သွားခဲ့သည်မှာ ကံကောင်းခြင်း တစ်ခုဖြစ်ခဲ့သည်။  စစ်တွေမြို့ Utopia Association အဖွဲ့ထံမှ အေအာတီဆေးဝါးကို ရရှိခဲ့ခြင်းဖြစ်သည်။ ဘဝ၏ အပျော်ရွှင်ဆုံးအချိန်များ၌ ဆေးရသည့်အချိန်များလည်း ပါဝင်သည်ဟု ခင်သန္တာက ပြောသည်။

သူမအတွက် များစွာသော မျှော်လင့်ချက်နှင့် အနာဂါတ်ခြေလှမ်းများကို ဘဝတူမိတ်ဆွေများဖြင့် ကူညီရိုင်းပင်း မှုများနှင့်အတူ အသက်ရှင်ရပ်တည်နေရခြင်းပင်လျှင် ဒုတိယဘဝသစ်တခုဟု ခင်သန္တာတစ်ယောက်ခံ ယူထားသည်။

မိုးဝေ-ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့