ထိုင်း၊ မလေးရှား စတဲ့ ပြည်ပ နိုင်ငံတွေမှာ တရားဝင် သွားရောက် အလုပ်လုပ် လိုသူတွေ အတွက် အလုပ်သမား ၀န်ကြီးဌာန အနေနဲ့ အလုပ်အကိုင်နဲ့
ပတ်သက်ပြီး အလုပ်အကိုင် မူဝါဒတွေကို ချမှတ် ပေးပြီး ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို ချမှတ်ခဲ့တဲ့ အချက်တွေဟာ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နဲ့ မလေးရှား နိုင်ငံ ၀န်ကြီးတို့နှင့် နှစ်နိုင်ငံ တွေ့ဆုံရာမှာ အဆိုပါ ဆွေးနွေးမှုများကို ထည့်သွင်း ဆွေးနွေး ခဲ့တာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့က မြန်မာ အင်ဖိုတက်ခ်ျမှာ ပြုလုပ်ခဲ့တဲ့ ရွှေ့ပြောင်း လုပ်သားများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရပါတယ်။
အခုလို ဆောင်ရွက် ပေးရာမှာ ၀န်ကြီးဌာန အနေနဲ့ ပြည်ပ နိုင်ငံများရှိ သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ ပြည်ပရောက် မြန်မာ လုပ်သားများ ရရှိသင့်တဲ့ အခွင့်အရေး တွေကို ညှိနှိုင်း ဆောင်ရွက် ထားတာ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်း ထားရာမှာတော့ ပြည်ပ အလုပ်အကိုင် ရှာဖွေဖို့ တရားဝင် လမ်းကြောင်းများ ဖွင့်ပေးခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများရဲ့ အခြေခံ အခွင့်အရေးများ ရရှိစေခြင်း၊ ရွှေ့ပြောင်း လုပ်ကိုင်ခြင်းနဲ့ ပတ်သက်ပြီး လုပ်ငန်း ဆောင်ရွက်မှု ကုန်ကျစရိတ် လျှော့ချခြင်း တို့ကို ညှိနှိုင်း ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်း အလုပ်သမားများနဲ့ ၎င်းတို့ရဲ့ မိသားစု အတွက် လူမှုစီးပွားရေး ဘ၀ဖွံ့ဖြိုး တိုးတက်စေခြင်း၊ ဒေသတွင်း ရွှေ့ပြောင်း သွားလာခြင်းမှ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် အသိပညာ ရရှိစေခြင်းနဲ့ ပြန်လည် မျှဝေပေး နိုင်ခြင်း တို့ကိုလည်း ညှိနှိုင်း ထားတာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့ လူဦးရေမှာ ၇.၀၃၂ ဘီလီယံ ရှိသည့်အနက် ၂၁၄ သန်းဟာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးမှ ခန့်မှန်း ထားရှိပါတယ်။ ဒါကြောင့် အာဆီယံ နိုင်ငံတွေ မှာလည်း ရွှေ့ပြောင်း လုပ်ကိုင်မှုတွေ ဆက်လက် တိုးတက်နေ တာကြောင့် ပြည်တွင်းရဲ့ လုပ်သား တွေဟာ အခြား နိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်ရာမှာ အလုပ်သမားများ ခေါင်းပုံဖြတ် ခံစားရမှုမှ ကာကွယ် တားဆီးရေး စီမံခန့်ခွဲမှု ဆိုင်ရာ စွမ်းရည် တိုးမြှင့် နိုင်ရေးတို့ အတွက် သက်ဆိုင်ရာ နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment