မြောက်ဦးမြို့နယ် ကျေးရွာ တချို့မှ ပြည်သူ ၃၀၀၀ ခန့်သည် မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလုံနေကြသည်ဟု သိရသည်။
Photo: BBC Burmese
“ ပုရိန်ကုန်း၊ ယိုင်သည်နဲ့ ကျောက်တွင်းကုန်းကျေးရွာတွေက ဒုက္ခသည်တွေ ဖြစ်ပါတယ်။ စုစုပေါင်း ၂၀၀၀ ကျော် ၃၀၀၀ နီးပါးခန့် ရှိနေပါတယ်။ အဲဒီရွာတွေက မူဆလင် ရွာတွေနဲ့ နီးတော့ လုံခြုံရေး စိတ်မချရတဲ့ အတွက် မြို့ပေါ်ကို ပြောင်းရွှေ့လာကြတာပါ ” ဟု အလိုတော်ပြည့် ကျောင်းဆရာတော် ဦးတေဇောသာရက ပြောသည်။ရခိုင် ဒုက္ခသည် ၈၀၀ ခန့်မှာ အလိုတော်ပြည့်ကျောင်းတွင် နေရာချထားပြီး ကျန် ဒုက္ခသည်များကို ရွှေဂူတောင် ကျောင်း၊ အောာင်ရတနာ ကျောင်း၊ လက်ကောက်ဈေး ကျောင်းနှင့် ရွှေကြာသိမ် ကျောင်းများတွင်လည်း နေရာချပေးထားကြောင်း ဆရာတော်က မိန့်ကြားသည်။
“ အခုကတော့ တိုးတက်ရေး ပါတီနဲ့ ကြံ့ခိုင်ရေးက ဆန်တွေ ကူညီတာ ရှိသလို အင်းပေါက်ဝကလည်း ကျပ် ၁၀ သိန်း ကူညီတာကို ဦးဇင်းတို့ လက်ခံရရှိပါတယ်။ အစိုးရပိုင်းနဲ့ နိုင်ငံတကာက အကူအညီတွေတော့ မရသေးပါဘူး။ အကူအညီတွေတော့ လိုအပ်နေပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
မြောက်ဦးမြို့နယ်တွင် အခြေအနေ တည်ငြိမ်နေသော်လည်း နောင်တွင် ပြဿနာများ ဆက်ဖြစ်လာမည်ကို အများက စိုးရိမ်နေကြသည်ဟု သိရသည်။
မြောက်ဦးမြို့နယ်တွင် ပုရိန်၊ ယိုင်သည်၊ နာဂရာ စသည့် ကျေးရွာများတွင် ရခိုင်နှင့် မွတ်ဆလင်များ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး လူအသေအပျောက်များလည်း ရှိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment