မြန်မာ့ မီးရထားမှ ဆောင်ရွက် လျက်ရှိတဲ့ စီမံကိန်း လုပ်ငန်းများ အတွက် လိုအပ်တဲ့ ပစ္စည်းများ ကုန်ကျစရိတ် နှုန်းထားတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့
တိုင်းဒေသကြီး အစိုးရ အဖွဲ့များရဲ့ အတည်ပြု ဈေးနှုန်း အထိ ရရှိဖို့ ဆောင်ရွက်လျက် ရှိတယ်လို့ မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခင် ကတော့ မြန်မာ့ မီးရထား စီမံချက်တွေ အတွက် ဈေးနှုန်း တင်ပြမှုကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများမှ တစ်ဆင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးများသို့သာ တင်ပြခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ အတွက် သက်ဆိုင်ရာ စာရင်းစစ်များက ၀င်ရောက် စစ်ဆေးတဲ့ အခါ စံနှုန်း၊ ဒေသနှုန်း ကွဲလွဲမှု၊ မျက်မြင် တိုင်းတာမှု အရ လျော့နည်းမှုတွေ ဖြစ်ပေါ်ခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း နောက်ပိုင်းမှာ အဆိုပါ ကွဲလွဲမှုတွေ မဖြစ်ပေါ်စေဖို့ အစိုးရ အဖွဲ့ အဆင့် အတည်ပြုဈေး ရရှိဖို့ ဆောင်ရွက်ချက် သာမက စာရင်း ရှင်းလင်းမှုနဲ့ ပတ်သက်ပြီး ကြိုတင် ဆွေးနွေးကာ ရှင်းလင်း တင်ပြမှုတွေ ကိုလည်း ပြုလုပ်လျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင် များမှ လုပ်ငန်း အပ်နှံလာ အပြီးမှာ ပေးချေ ရမယ့် ငွေပေးချေမှု ကိုလည်း ရှစ်ဆယ် ရာခိုင်နှုန်းသာ ထုတ်ပေးဖို့ စီစဉ်ထား ပါတယ်။
ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်း ကိုတော့ မြန်မာ့ မီးရထားမှ အဖွဲ့အရာရှိများနဲ့ လုပ်ငန်း စစ်ဆေးရေး အဖွဲ့များမှ နောက်ဆုံး စစ်ဆေးပြီး မှန်ကန်ကြောင်း ထောက်ခံချက် ရရှိမှသာ ထုတ်ပေး သွားဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ လက်ရှိ မှာလည်း ကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့တဲ့ လုပ်ငန်း စီမံချက်တွေ အပေါ် စစ်ဆေးပြီး သင့်လျော်တဲ့ စီရင်မှုတွေ ကိုလည်း မြန်မာ့ မီးရထားက လုပ်ဆောင် ပေးခဲ့ကာ နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အဆိုပါ ဆောင်ရွက် ထားတဲ့ ပြစ်ဒဏ် ချမှတ်မှုများကို ပြည်သူလူထု သို့ အသိပေး ကြေငြာပေး ထားတယ်လို့ သိရပါတယ်။

No comments:
Post a Comment