မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ သတင်းများ အရ လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ မှစတင်ပြီး သက်ဆိုင်ရာ ကဏ္ဍ အလိုက်
မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှု များကို ကားမော်ဒယ်နဲ့ ထုတ်လုပ်တဲ့ ခုနှစ် အလိုက် ပြောင်းလဲ တင်သွင်းခွင့်များ ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြောင်းလဲ ဆောင်ရွက် ပေးမယ့် ကားတင်သွင်း ခွင့်မှာတော့ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံပြီး အစားထိုး မော်တော်ယာဉ် တင်သွင်းခွင့် အတွက် လျှောက်ထားရာ မှာတော့ ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ် အတွင်း ထုတ်လုပ် ထားတဲ့ မော်တော် ယာဉ်များကို အစားထိုး တင်သွင်းခွင့် အတွက် ခွင့်ပြုပေး သွားမှာ ဖြစ်သလို ၂၀၀၈ ခုနှစ်နှင့် အထက် ထုတ်လုပ် ထားတဲ့ ၁၃၅၀ စီစီအောက် လူစီး မော်တော်ယာဉ်များ ကိုလည်း အစားထိုး တင်သွင်းမှု အတွက် ခွင့်ပြုပေး သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံခြား သင်္ဘောသားများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်သံဝန်ထမ်းများ၊ ပြည်တွင်း ကုမ္ပဏီများ၊ ဟိုတယ် လုပ်ငန်းရှင်များနဲ့ ပြည်ပမှာ သွားရောက် အလုပ် လုပ်ကိုင် စေမယ့် အလုပ်သမားများ လူစီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထား ရာမှာ ၂၀၀၈ ခုနှစ်နဲ့ အထက် လူစီး မော်တော်ယာဉ် များကို တင်သွင်းခွင့် အတွက် ခွင့်ပြုပေး သွားမှာ ဖြစ်ပါတယ်။ ဒီလို ခွင့်ပြုမှုတွေ အပြင် တစ်ဦးချင်း နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားတဲ့ နိုင်ငံသားများ လူစီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထား ရာမှာ ၂၀၀၈ ခုနှစ်နဲ့ အထက် လူစီး မော်တော်ယာဉ် များကို တင်သွင်း ခွင့်ပြု သွားမှာ ဖြစ်သလို ၂၀၀၃ ခုနှစ်နဲ့ အထက် Light Truck နဲ့ Truck ကားများ၊ ၂၀၀၃ ခုနှစ်နဲ့ အထက် ဘယ်မောင်း City Bus များနဲ့ ၂၀၀၈ ခုနှစ်နဲ့ အထက် ဘယ်မောင်း Bus များကိုလည်း တင်သွင်း ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တက္ကစီ ယာဉ်များ တင်သွင်းခွင့် လျှောက်ထားရာမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဖွဲ့ ထောက်ခံ ချက်နဲ့ တင်သွင်း ခွင့်ပြုတဲ့ တက္ကစီယာဉ်များ အတွက် ၂၀၀၈ ခုနှစ်နဲ့ အထက် တက္ကစီ ယာဉ်များကို တင်သွင်းခွင့်ပြု သွားမှာ ဖြစ်ပါတယ်။ အဆိုပါ မော်တော်ယာဉ် အမျိုးအစားများရဲ့ ဆိပ်ကမ်း အရောက် အနိမ့်ဆုံး ဈေးနှုန်း (C.I.F) တန်ဖိုးများကို ထုတ်လုပ်တဲ့ နှစ်အလိုက်၊ Brand အလိုက်၊ အင်ဂျင်ပါဝါ အလိုက် သတ်မှတ်မှု များကိုတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာများ အသင်းအဖွဲ့ လုပ်ငန်းရှင်များနဲ့ ညှိနှိုင်းကာ ထုတ်ပြန် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment