Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 August 2012

» ပိုင်ဆိုင်မှုစာရင်း တင်ပြရမည့်ထဲတွင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ မပါဝင်


ပိုင်ဆိုင်မှုစာရင်းပြုစုပြီး သမ္မတထံတင်ပြဖို့ ညွှန်ကြားချက်ထဲ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေ မပါဘူးလို့ နောက်ဆုံးညွှန်ကြားချက် ရောက်လာတဲ့အကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

“မနေ့ကပြန်ပြောတယ်၊ တိုင်းဒေသကြီး ၀န်ကြီးတွေ ပို့စရာမလိုတော့ဘူးတဲ့။ ကြေးနန်းပြန်ဝင်လာတယ်တဲ့။”

ဇူလိုင် ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ နိုင်ငံတော်သမ္မတရုံးရဲ့စာထဲမှာ တရားသူကြီးချုပ်နဲ့ လွှတ်တော်ချုပ် တရားသူကြီးတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများ၊ တိုင်းနဲ့ပြည်နယ် ဥပဒေချုပ်နဲ့ တရားသူကြီးချုပ်တွေ အားလုံးဟာ စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းပြုစုပြီး သမ္မတထံ ဩဂုတ် ၁ ရက် ပေးပို့ဖို့ ဖော်ပြပါရှိပါတယ်။

အခု ဩဂုတ် ၁ ရက်မှာတော့ ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့တွေ မပါဘူးလို့ စုံစမ်းသိရှိရတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၈ မှာ ဖော်ပြထားချက်အရ သမ္မတနဲ့ ဒု သမ္မတတို့ဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို လွှတ်တော်နာယကထံ တင်ပြပြီး ဖြစ်လောက်တယ်လို့လည်း ဦးဇော်အေးမောင်က သုံးသပ်ပြောကြားပါတယ်။

ဖွဲ့စည်းပုံပုဒ်မ ၆၈ အရ သမ္မတနဲ့ ဒုသမ္မတတို့ရဲ့ မိသားစုတစီးပွားထဲရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမယ်လို့ ဖော်ပြပါရှိတာပါ။

ပြည်ထောင်စုဝန်ကြီးတချို့ကတော့ အခုလိုပိုင်ဆိုင်တဲ့စာရင်း တောင်းခံရာမှာ အချိန်ပေးတာနည်းလို့ ဝေဖန်မှုတချို့ ထွက်ပေါ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“ဝေဖန်တာ တခုတော့ကြားပါတယ်။ စာရင်းပြုစုတဲ့နေရာမှာ အချိန်လေး ပေးပါလို့ အကြံပြုတာပေါ့လေ။ ကျနော်တို့ကတော့ ခပ်မြန်မြန်လေး လုပ်လေကောင်းလေပဲလို့၊ မြန်မြန်လေးလုပ်ရင်တော့ အချိန်ယူပြီးတော့ မစဉ်းစားရဘူးလေ။”

အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းတောင်းတာနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း အခုလိုမှတ်ချက်ပေး ပြောပါတယ်။

“၀န်ကြီးတပါးဟာ သူ့ရဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်းလုပ်ငန်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းတွေ အားလုံးကို ချိတ်ပိတ်ပြီး ထည့်ပြီးတော့ ပြဋ္ဌာန်း၊ သူဟာ ၀န်ကြီးလုပ်ရင်းနဲ့ အရမ်းကြီးပွားချမ်းသာလာရင် ဒါတခုခု လာဘ်စားလို့ ဆိုတာ ပေါ်လွင်တာပေါ့။ ဒါဟာ ထိန်းချုပ်တာပဲလေ၊ သိပ်ကောင်းတယ်၊ ကြိုဆိုတယ်။”

ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်ပေါ်စေဖို့အတွက် အစိုးရအဖွဲ့ဝင်တွေရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနဲ့ အကျိုးစီးပွားတွေကို ထုတ်ဖော်ကြေညာဖို့ အခုကျင်းပနေတဲ့ လွှတ်တော်ထဲ ပုသိမ် အန်အယ်လ်ဒီအမတ် ဦးဝင်းမြင့်က အဆိုတင်ထားပြီး၊ လက်ခံဆွေးနွေးဖို့ လွှတ်တော်က သဘောတူထားပါတယ်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့