သြဂုတ်လအတွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူများ ယခင်လများထက် လျော့ကျလာ
Tuesday 4th September 2012
ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူများကို သက်ဆိုင်ရာ ကနေ အရေးယူ ဆောင်ရွက် လျက်ရှိရာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း ဖမ်းဆီးမှုမှာ လျော့ကျ
ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖမ်းဆီးရာ မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း လူဦးရေ နှစ်ထောင့် လေးရာ သုံးဆယ့် ရှစ်ဦးကို ဒဏ်ရိုက် အရေးယူ ခဲ့တယ်လို့ သိရပါတယ်။ အခုလို လမ်းဖြတ်ကူးမှု တွေကိုတော့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့က စတင် အရေးယူ ခဲ့တာ ဖြစ်ပါတယ်။
ဒီလို အရေးယူ ဆောင်ရွက်ရာ မှာတော့ ဇန်န၀ါရီလ အတွင်း တစ်ထောင့် ကိုးရာ ရှစ်ဆယ့်ငါးဦး၊ ဖေဖော်ဝါရီလမှာ သုံးထာင့် သုံးရာ ကိုးဆယ့်သုံးဦး မတ်လမှာ သုံးထောင့် နှစ်ရာ ငါးခြောက်ဦး၊ ဧပြီလမှာ နှစ်ထောင့် တစ်ရာ ငါးဆယ့်ကိုးဦး၊ မေလမှာ သုံးထောင့် ခုနှစ်ရာ တစ်ဆယ့်ခြောက်ဦး၊ ဇွန်လမှာ နှစ်ထောင့် ငါးရာ နှစ်ဆယ့်ရှစ်ဦးနဲ့ ဇူလိုင်လ အတွင်းမှာ နှစ်ထောင့် ငါးရာ သုံးဆယ့်လေးဦးကို ဒဏ်ရိုက် အရေးယူ ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သြဂုတ်လ အတွင်း မှာတော့ နှစ်ထောင့် လေးရာ သုံးဆယ့်ရှစ်ဦးကို ဒဏ်ရိုက် အရးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် သြဂုတ်လ အတွင်းမှာ ယခင်လများထက် စာရင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ ဖမ်းဆီးရမှု လျော့ကျ သွားလို့ လမ်းဖြတ်ကူး သူများဟာ ယခင်လ များထက် စည်းကမ်းပိုမို လိုက်နာကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူများကို ဖမ်းဆီး အရေးယူရာမှာ ယာဉ်သွား လာမှု များပြား ရှုပ်ထွေးတဲ့ ကမ္ဘာအေး ဘုရားလမ်းမ၊ ပြည်လမ်းမနဲ့ အခြား မြို့နယ် ၆ မြို့နယ်မှာ ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိနေတာ ဖြစ်ပါတယ်။ အရေးယူမှု အနေနဲ့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ တစ်ဦးကို ဒဏ်ငွေ နှစ်ထောင့် နှစ်ရာကျပ် ဒဏ်ရိုက်ကာ အရေးယူ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
ဟိုတယ်ဇုန်များ ဆောက်လုပ် ပြီးစီးပါက ဗူးဘုရား အနီးရှိ ဈေးဆိုင်ခန်းများ ရွှေ့ပြောင်းရမည်
Tuesday 4th September 2012
ဗူးဘုရား အနီးမှာရှိတဲ့ ဈေးဆိုင်ခန်း များကို ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန ဌာန အနေနဲ့ ယခင်က ဖျက်သိမ်းခိုင်းမှု များရှိခဲ့ပေမယ့်လည်း
ယခုအခါမှာတော့ ဟိုတယ်ဇုန်များ ဆောက်လုပ် ပြီးစီးမှသာ ရွှေ့ပြောင်းကြဖို့ သတ်မှတ် ထားခဲ့တာ ဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို သတ်မှတ်ရာ မှာလည်း သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့တဲ့ ပုဂံဒေသ၊ မန္တလေးဒေသ ဟိုတယ်၊ ခရီးသွား ဖွံ့ဖြိုးတိုးတက်စေရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ အဆိုပါ ဗူးဘုရား အနီးရှိ ဈေးဆိုင် ခန်းတွေကို လက်ရှိမှာ ယာယီ ခဏထား ထားပြီး ဟိုတယ်ဇုန် စီမံကိန်းတွေ ဆောင်ရွက် ပြီးမှသာ အဆိုပါ နေရာမှာ ပြန်လည် ဆောက်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အဆိုပါ ဈေးဆိုင်ခန်းတွေ အနေနဲ့ စားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်း အရောင်ဆိုင်များ ရောင်းချလျက် ရှိတာ ဖြစ်ပါတယ်။ အခုလို ရောင်းချ လျက်ရှိတဲ့ ဈေးဆိုင်ခန်း တွေဟာ ဆိုရင် ပြီးခဲ့တဲ့ ၂၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်း အစည်းအဝေး နဲ့အတူ ညဈေးနဲ့ ယဉ်ကျေးမှု ကပွဲကို အဆိုပါ ပုဂံဘူရား အနီးမှာ ယာယီခွင့်ပြု ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ အင်တာနက် အသုံးပြုသူ ၃ သန်း ထိရှိလာနိုင်
Tuesday 4th September 2012
ရန်ကုန်တိုင်း ဒေသကြီးမှာ လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်းမှာ အင်တာနက် အသုံးပြုသူ ၃ သန်းအထိ ရှိလာ နိုင်တာ ဖြစ်တယ်လို့ မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အနေနဲ့ ယခု ဘဏ္ဍာနှစ်မှာ အင်တာနက် အသုံးပြုသူဟာ တစ်သိန်း ခြောက်သောင်း ငါးထောင်သာ ရှိသေးတာ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် မှာတော့ အင်တာနက် အသုံးပြုသူ ၃ သန်းထိ ရှိလာနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တိုးလာ နိုင်ဖို့အတွက် တိုးချဲ့ဖို့ လိုအပ်မှု အနေနဲ့ ၂.၈၃၅ သန်းရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယခု ဘဏ္ဍာနှစ်မှာ မိုဘိုင်းဖုန်း အသုံးပြုသူ ၁.၃၃ သန်းရှိပြီး လာမယ့် ၂၀၁၅-၂၀၁၆ ခုနှစ် မှာတော့ ၅.၁ သန်းထိ ရှိလာနိုင်တာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ကြိုးဖုန်း အသုံးပြုသူ အနေနဲ့ ယခု ဘဏ္ဍာနှစ်မှာ ၂.၁၆ သိန်းရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မှာတော့ ၄.၅ သိန်းထိ ရှိလာ နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေသစ် မူကြမ်း ရေးဆွဲ ထားပြီးဖြစ်
Tuesday 4th September 2012
အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပေဒသစ် မူကြမ်းကို ရေးဆွဲထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဥပဒေသစ် မူကြမ်းကို
အမျိုးသား လွှတ်တော်မှာ တင်ပြ ထားပြီးဖြစ်ပြီး အခုလက်ရှိ မှာတော့ ပြည်သူ့ လွှတ်တော်ကို တင်ပြထား တယ်လို့ စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်သမား စွမ်းရည် မြှင့်တင်ရေးနဲ့ ကျွမ်းကျင်မှု အဆင့်များ ခွဲခြား နိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး ဟောပြောခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ရဲ့ ပြောကြားချက် အရ သိရပါတယ်။
အဆိုပါ ဥပဒေသစ်ကို ပြဋ္ဌာန်းရ တာတော့ လုပ်သားထုရဲ့ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးတို့ကို တိုးမြှင့်ဖို့ အလုပ်အကိုင် ရရှိရေး ၀န်ဆောင်မှုကို အားဖြည့် ဆောင်ရွက် နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမား များရဲ့ ကျွမ်းကျင်မှုကို နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး စနစ် တစ်ရပ် ထူထောင်ဖို့၊ နိုင်ငံအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု စံများ အပေါ် အခြေခံပြီး ကျွမ်းကျင်မှု လေ့ကျင် သင်ကြားရေးကို တိုးမြှင့် လုပ်ဆောင် နိုင်ဖို့နဲ့ အလုပ်သမား များကို လေ့ကျင့် သင်ကြားပေးရေး အတွက် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ ထူထောင်ဖို့ အတွက် အခု ဥပဒေကို ရေးဆွဲရတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့ မှစ၍ သင်္ဘောသား CDC စာအုပ်အား ပုံစံ အသစ်ဖြင့် လဲလှယ် ထုတ်ပေး သွားမည်
Tuesday 4th September 2012
ပို့ဆောင်ရေး ၀န်ကြီးဌာန ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ ကုန်သည် သင်္ဘောများ အက်ဥပဒေ
ပုဒ်မ ၄၃ နှင့် ၄၃ (က)အရ ထုတ်ပေး လျက်ရှိတဲ့ Continuous Cotificate of Dischorge (CDC) စာအုပ်များကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စပြီး ပုံစံအသစ်နဲ့ လဲလှယ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အသစ် ထုတ်ပေးမယ့် စာအုပ်ဟာ နိုင်ငံတကာ စံနှုန်း နဲ့အညီ ၅ နှစ် သက်တမ်း ခွင့်ပြုတာ ဖြစ်ပြီး သက်တမ်း ကုန်းဆုံးမယ့် ရက်ကိုလည်း စာအုပ်မှာ ထည့်သွင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ စာအုပ်အသစ် လဲလှယ် ပြီးပါက ယခင်မူလ စာအုပ် အဟောင်းကို ဌာနမှ သိမ်းဆည်း ထားမှာ မဟုတ်ဘဲ ပင်လယ်ပြင် လုပ်သက် မှတ်တမ်း အတွက် ဆက်လက် အသုံးပြုနိုင်ဖို့ ပြန်လည်ထုတ် ပေးထားမှာ ဖြစ်တယ်လို့ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒါ့အပြင် ယခင် ထုတ်ပေး ထားတဲ့ မူလ စာအုပ်များကို ကိုင်ဆောင် ထားတဲ့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အနေနဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန် အထိ ဆက်လက် ကိုင်ဆောင် အသုံး ပြုခွင့်ရရှိမှာ ဖြစ်ပြီး သတ်မှတ် ရက်အထိ အဆိုပါ စာအုပ် အဟောင်း များကို နောက်ဆုံး ထားပြီး အပြီး လဲလှယ် သွားရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
လုပ်ငန်း ၄ ခုတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း လုပ်ဆောင်ရန် အမှတ် ၃ သတ္တုတွင်း လုပ်ငန်းမှ ဖိတ်ခေါ်
Tuesday 4th September 2012
သတ္တုတွင်း ၀န်ကြီးဌာန အမှတ် ၃ သတ္တုတွင်း လုပ်ငန်း လက်အောက်ရှိ ထုတ်လုပ်ရေး လုပ်ငန်း များအား ပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္ပဏီများနဲ့ နေရာလေး နေရာမှာ
အကျိုးတူ ပူးပေါင်း ဆောင်ရွက် သွားဖို့ ဖိတ်ခေါ် လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရာ မှာလည်း ထုတ်လုပ်မှု အပေါ် ခွဲဝေ ခံစားတဲ့ စနစ်နဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် လိုတဲ့ ထုတ်လုပ်ရေး လုပ်ငန်းများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ မြို့နယ်ရှိ ဂေါဒန် ကျောက်သတ္တုတွင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးမြို့နယ် ဘရိုက်တီ ကျောက်သတ္တုတွင်း၊ မန္တလေးတိုင်း ဒေသကြီး သာစည် မြို့နယ်ရှိ ဘရိုက်တီ ကျောက်အမှုန့်ကြိတ် စက်ရုံ၊ ရှမ်းပြည်နယ် တောင်ပိုင်း ကလော မြို့နယ်ရှိ ဒိုလိုမိုဒ် ထုတ်လုပ်ရေး လုပ်ငန်းတို့ ဖြစ်ပါတယ်။
အဆိုပါ ထုတ်လုပ်ရေး လုပ်ငန်း ၄ ခုနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် အိတ်ဖွင့် တင်ဒါ တင်သွင်းမှု ကိုတော့ စက်တင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံး ထားပြီး နေပြည်တော်ရှိ သတ္တုတွင်း ၀န်ကြီးဌာန၊ အမှတ် ၃ သတ္တုတွင်း လုပ်ငန်း၊ ထုတ်လုပ်ရေး ဌာနခွဲရုံး အမှတ် ၁၉ ကို လိပ်မှုပြီး ပေးပို့နိုင်တယ်လို့ သိရပါတယ်။ ဒီလို အိတ်ဖွင့် တင်ဒါ တင်သွင်းမှု ကိုတော့ ဈေးပြိုင် စနစ်နဲ့ ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးကို သင်တန်း ရက် ၂၀ ကြာ ဖွင့်လှစ် သင်ကြားမည်
Tuesday 4th September 2012
ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ရန်ကုန် အနောက်ပိုင်း ခရိုင် မိခင်နဲ့ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်တဲ့
ရှေးဦးကလေး သူငယ်ပြုစု ပျိုးထောင်ရေး အခြေခံ သင်တန်းကို အလုံ ခန်းမမှာ ရက် ၂၀ ကြာ ဖွင့်လှစ် သင်ကြား ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ဖွင့်လှစ် သင်ကြားမှုကို စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ကာ ၂၈ ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ ဖွင့်လှစ် နေတာ ဖြစ်ပါတယ်။
အဆိုပါ သင်ကြားမှု မှာတော့ ရန်ကုန် အနောက်ပိုင်း ခရိုင် အတွင်းရှိ သင်တန်းသား ၆၀ကို လူမှုဝန်ထမ်း ဦးစီးဌာနမှ သင်တန်းဆရာ ၂၅ ဦးတို့က သင်ကြား ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကလေးသူငယ် ပြုစုပျိုးထောင်ရေး သင်တန်းပေး ရာမှာတော့ ကလေး သူငယ်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက် စေဖို့၊ မြို့နယ်များ အတွင်း ပုဂ္ဂလိက မူလတန်းကြို ကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများမှာ တက်ရောက် သင်ကြားမှုရှိနေတဲ့ ကလေးများရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ် ပေးတာ ဖြစ်ပါတယ်။
ကလေးသူငယ် တွေဟာ အဓိကအား ဖြင့်အသက် ၃ နှစ်မှ ၅ နှစ်အရွယ် ကလေးများ အတွက် အရေးကြီးတဲ့ အသက်အရွယ်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲ့ဒီ အသက်အရွယ်မှာ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ ကိုက်ညီတဲ့ နည်းစနစ်များကို သင်ကြား ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အတွက် အခု ဖွင့်လှစ်ပေးတဲ့ သင်တန်းမှာ တက်ရောက် သူတွေဟာ သင်တန်းဆရာတွေရဲ့ သင်ကြား ပို့ချပေးမှုတွေမှ တစ်ဆင့် မိမိတို့ရဲ့ သက်ဆိုင်ရာ မြို့နယ်တွေရှိ ကလေးတွေကို ပြန်လည် လေ့ကျင့်ပေးပြီး ကလေး သူငယ်များရဲ့ ဘ၀ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေဖို့ ဆောင်ရွက် နိုင်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ ရွှေဈေးမြင့်တက်လာသောကြောင့် ပြည်တွင်း ရွှေဈေးကွက် အနည်းငယ် မြင့်တက်လာ
Tuesday 4th September 2012
ပြည်တွင်းရဲ့ ရွှေဈေးကွက် အတွင်း အခု ရက်ပိုင်းမှာ ဈေးနှုန်းတွေ အနည်းငယ် မြင့်တက် လာခဲ့ပြီး ဒီလိုမြင့်တက် တာဟာ ကမ္ဘာ့ရွှေဈေးမြင့်တက်
လာမှုကြောင့် ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ စုံစမ်း သိရှိရပါတယ်။ ဒီလို မြင့်တက် လာမှုဟာ အခုလ အစပိုင်းမှ စတင်ကာ ယခင်လကထက် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်တစ်သောင်းကျော် မြင့်တက် လာရတာ ဖြစ်ပါတယ်။
ပြည်တွင်း ရွှေဈေးကွက် အတွင်း ယခုနှစ်ထဲမှာ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက် လာခဲ့ရပြီး ယခင်နှစ်တွေက မဖြစ်ပေါ်ဖူးတဲ့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်ခုနှစ်သိန်း ခြောက်သောင်း ကျော်အထိ ဈေးနှုန်း တက်လာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန် ရွှေဈေးကွက်ရဲ့ အခေါက်ရွှေ တစ်ကျပ်သားကို အခုနှစ် အစပိုင်းမှာ ကျပ်ခုနှစ်သိန်း ၀န်းကျင်သာ ရှိခဲ့ပြီး ဖေဖေါ်ဝါရီ လကုန်ပိုင်း မှာတော့ ကျပ်ခုနှစ်သိန်း ငါးသောင်း ၀န်းကျင်နဲ့ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး အဲ့ဒီ နောက်ပိုင်း မေလ အတွင်းမှာ ကျပ် ခုနှစ်သိန်း နီးပါးအထိ ဈေးနှုန်းတွေ ကျဆင်း သွားခဲ့ရပါတယ်။ နောက်ပိုင်း မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်း တွေလည်း တရိပ်ရိပ် ပြန်လည် မြင့်တက် လာခဲ့ရာက ပြည်တွင်းရွှေ ဈေးကွက်မှာ ဈေးနှုန်းတွေ ထပ်မံမြင့်တက် လာရတာ ဖြစ်တယ်။
အဲ့ဒီလို ကမ္ဘာ့ရွှေဈေး မြင့်တက်လာ ရာမှာလည်း အခုနှစ် အစမှာ တစ်အောင်စကို အမေရိကန် ဒေါ်လာ တစ်ထောင့် ခြောက်ရာ ၀န်းကျင်သာ ရှိခဲ့ရာက အခုလ မှာတော့ တစ်အောင်စကို အမေရိကန် ဒေါ်လာ တစ်ထောင့် ခုနှစ်ရာ နီးပါး အထိ ဈေးနှုန်း မြင့်တက် သွားတာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် ပြည်တွင်း ရွှေဈေးကွက် မှာလည်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ခုနှစ်သိန်း ခြောက်သောင်း ငါးထောင် ကျော်အထိ ဈေးနှုန်းတွေ စံချိန်တင် မြင့်တက် ရတာ ဖြစ်ပါတယ်။ အခုလို ပြည်တွင်း ရွှေဈေးကွက် အတွင်း ဈေးနှုန်းတွေ အနည်းငယ် မြင့်တက်လာ ခဲ့ပေမယ့် ရွှေအရောင်းအ၀ယ် ကတော့ ပုံမှန် အတိုင်းသာ အရောင်းအ၀ယ် ရှိတယ်လို့ သတင်း ရရှိပါတယ်။
အီတလီ အစိုးရ၏ ငွေကြေး ထောက်ပံ့မှုနှင့် နို့စားနွား မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက် သွားရန်ရှိ
Tuesday 4th September 2012
ပြည်တွင်းရဲ့ နို့စားနွား မွေးမြူရေး လုပ်ငန်းမှာ အီတလီ အစိုးရရဲ့ငွေကြေး ထောက်ပံ့မှုနဲ့ Environmental Animal Health Management Initiative
စီမံကိန်းကို အခုနှစ် အတွင်း စတင် ဆောင်ရွက် သွားမယ်လို့ တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဌာနခွဲမှ သုတေသန အရာရှိ ဒေါက်တာ ဥက္ကာစိုးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ စီမံကိန်းကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အတွင်း အချိန်ကာလ သတ်မှတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှု အတွက် ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်း FAO မှ ပညာရပ် ဆိုင်ရာများ ထောက်ပံ့ ကူညီမှုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စီမံကိန်းဟာ ပြည်တွင်းက နို့စားနွား မွေးမြူရေး လုပ်ငန်းမှာ အကျိုး သက်ရောက် ပြောင်းလဲ စေမှုတွေ ဖြစ်ပေါ် စေနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ စီမံကိန်းအရ မွေးမြူမှု နည်းစနစ်များ၊ ကျွေးမွေးမှု နည်းစနစ်များ တိုးတက် ပြောင်းလဲဖို့ အတွက် ပတ်ဝန်းကျင် အခြေအနေနဲ့ ဆက်စပ် လေ့လာပြီး သုံးသပ် တင်ပြသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ စီမံကိန်းကို ပြည်တွင်းမှာ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ စီမံကိန်း သုံးစွဲငွေ အဖြစ် အမေရိကန် ဒေါ်လာ တစ်သိန်း ခုနှစ်သောင်း ကုန်ကျမှာ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်း ဆောင်ရွက်မှု ကိုတော့ မြန်မာနိုင်ငံရှိ FAO ဌာနေ ကိုယ်စားလှယ်၊ ထိုင်းနိုင်ငံမှ FAO ဒေသဆိုင်ရာ ကိုယ်စားလှယ်နဲ့ ပညာရှင် အဖွဲ့အစည်းတို့ ကြီးကြပ်မှုနဲ့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment