* ဆည်းဆာက တဒင်္ဂရပ်တန့်.....။
ပြီးတော့ မင်းမျက်ဝန်းတစ်ချက်အ၀င့်မှာပေါ့..၊
ဖြတ်ပြေးသွားတဲ့ လေပြေလေးတောင် ငိုသံတွေ ရှိုက်ရှိုက်ဆန်..၊
ချစ်သူရယ်
ဘာကြောင့် သောကြာထောင့်ကနေမှ ပြုစားရက်ရတာလဲ..၊
ဘာကြောင့် ငါ့နှလုံးသားကိုမှ အကြမ်းဖက်ရက်ရတာလဲ..၊
ခုတော့ ငါ့လက်ချောင်းတွေ ရူးသွပ်နေရ.
လရောင်ဝါတောင် အရင်လို မလန်းဆန်းရှာ.
သစ်ရိပ်တွေ ဘယ်ညာ လူးလွန့်လို့..၊
အို........
အိပ်မက်ထဲမှာ မင်းအနမ်းက ကြမ်းလွန်းလှပါလား......။
* မိုးစက်တစ်ပွင့် မြေမခခင် ငေးမော.....။
ပြီးတော့ မင်းဆံနွယ် အလွင့်မှာပေါ့..၊
အိပ်တန်းတက် ငှက်ကလေးတွေတောင် လမ်းပျောက်လုနိုးနိုး..၊
ချစ်သူရယ်
ဘာကြောင့် ငါ့အချစ်ကိုမှ ပူဇော်ခိုင်းရက်ရတာလဲ..၊
ဘာကြောင့် ငါ့မျက်ရည်ကို ချိုမှိန်စွာ ခံယူရက်ရတာလဲ..၊
ခုတော့ ငါ့နှလုံးသွေး အေးခဲ.
တေးသီငှက်တောင် အရင်လို မတက်ကြွရှာ.
နေမင်းက ၀င်မလို ထွက်မလို ဝေခွဲမရ..၊
အို.......
အိပ်မက်ထဲမှာ မင်းရင်ခွင်က လှိုက်လှဲလွန်းလှပါလား........။
* ဥသြငှက် ဆောက်တည်ရာမရ ဆွံ့အ....။
ပြီးတော့ မင်းမျက်နှာ သမင်လည်ပြန် အလှည့်မှာပေါ့..၊
ပွင့်ချပ်တွေ မျက်လွှာချရက် ခိုက်ခိုက်တုန်..၊
ကောင်ကလေးရယ်
ဘာကြောင့် ငါ့အတ္တကိုမှ ကျေမွစေချင်ရက်တာလဲ..၊
ဘာကြောင့် ငါ့ဝိဥာဉ်ကိုမှ ညှင်းဆဲရက်ရတာလဲ..၊
ခုတော့ ငါ့ရင်ဘက် မီးကျွမ်း.
အသည်းစိုင် ဖြေဆည်ရာ မဲ့.
ငါ့နာရီ လုံးဝ ရပ်တန့်လို့..၊
အို......
အိပ်မက်ထဲမှာ...............................................
ကျွန်မချစ်ရတဲ့ ချစ်သူလေး သိပါစေရှင်.......
No comments:
Post a Comment