ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ဖို့ ကုမ္ပဏီ ၁၂ ခုကို အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့မှ ရွေးချယ် သတ်မှတ်ထားရာ အဆိုပါ ကုမ္ပဏီများ အနေနဲ့
၂၀၁၃ ခုနှစ် ၆ လပိုင်း နောက်ဆုံးထားပြီး လုပ်ငန်း လည်ပတ်ရမှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့က မြန်မာ့ အာမခံ လုပ်ငန်းမှာ ပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိန်းနဲ့ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့နဲ့ တွေ့ဆုံပွဲမှ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက အာမခံ လုပ်ငန်း ကုမ္ပဏီများ အနေနဲ့ ၂၀၁၃ ခုနှစ်၊ ၆ လပိုင်းမှာ လုပ်ငန်း စတင် လည်ပတ်မှု မရှိပါက လုပ်ငန်း လိုင်စင်ပြန်လည် သိမ်းယူမှာ ဖြစ်တယ်လို့ ဘဏ္ဍာရေး နှင့်အခွန် ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း ပြောကြားချက် အရ သိရပါတယ်။
ဒါ့အပြင် သတ်မှတ် ထားတဲ့ စည်းကမ်းချက် များနဲ့ မကိုက်ညီ ပါကလည်း လုပ်ငန်း လိုင်စင် ပြန်လည် သိမ်းမှာ ဖြစ်ပြီး အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီ အသီးသီးကို ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကို စက်တင်ဘာလ ၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ မှတ်ပုံတင် ဆောင်ရွက်မှုကို ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာမခံ လုပ်ငန်း အမျိုးအစား အလိုက် သတ်မှတ်ထားတဲ့ မတည် ရင်းနှီးငွေ များကို အောက်တိုဘာလ ၄ ရက်နေ့မှာ နောက်ဆုံး တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုဂ္ဂလိက အာမခံ လုပ်ငန်းရှင်များကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ၁ လ ၁ ကြိမ် တွေ့ဆုံသွားမှာ ဖြစ်ပြီး ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲ များကို တတ်နိုင် သလောက် ဖြေရှင်းပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပုဂ္ဂလိက အာမခံ လုပ်ငန်းများကို လုပ်ကိုင်ခွင့် ပေးရတာဟာ မြန်မာနိုင်ငံမှာ အာမခံဈေးကွက် ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment