Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 11 September 2012

သတင်းတိုများ


ထိုင်း-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ AEC အသေးစိတ်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်မည်

ထိုင်းနိုင်ငံ Kasikorn Bank ရဲ့ ဦးဆောင်မှုနဲ့ ထိုင်းနိုင်ငံရှိ အသေးစားနှင့် အလတ်စား ကုမ္ပဏီ ၆၅ ခုမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ
AEC အသေးစိတ် စီမံချက် ဆွေးနွေးခြင်း များကို လာရောက် ဆွေးနွေးမှုများ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေးမှုကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ UMFCCI မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ လာရောက် ဆွေးနွေးမယ့် ထိုင်းကိုယ်စားလှယ် အဖွဲ့မှာ လျှပ်စစ်နဲ့ လျှပ်စစ် အပိုပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး အကြီးစား စက်ပစ္စည်း လုပ်ငန်းများ၊ လယ်ယာ စိုက်ပျိုးရေး ထွက်ကုန် လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း၊ ဓါတုဗေဒ ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းနဲ့ စက္ကူထုတ်လုပ်မှု လုပ်ငန်းမှ လုပ်ငန်းရှင်များ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျင်းနဲ့ အ၀တ်အထည် အမျိုးမျိုး၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ ကွန်ပျူတာနှင့် အပိုပစ္စည်း လုပ်ငန်း၊ မော်တော်ကား အပိုပစ္စည်းများ လုပ်ငန်း၊ အလူမီနီယံ လုပ်ငန်း၊ စက်ရုံ၊ ကုန်သိုလှောင်ရုံနဲ့ သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်း၊ စတီး လုပ်ငန်း၊ လေအားသုံး ကွန်ပရက်ဆာ စက်ပစ္စည်း လုပ်ငန်း၊ သစ်နှင့်သစ် အချောထည် ပရိဘောဂ လုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ ပလပ်စတစ် လုပ်ငန်း၊ ဆေးနှင့်ဆေး ပစ္စည်း လုပ်ငန်းရှင်များ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စီးပွားရေး လုပ်ငန်းရှင် များဟာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ အတွက် သက်ဆိုင်ရာ လုပ်ငန်းများ အလိုက် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

ပြည်တွင်းရှိ အာမခံ ထားရှိမှုများ ၂၀ ရာခိုင်နှုန်း ၀န်းကျင် တိုးတက်လာ

မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဖြစ်ပြီး နောက်ပိုင်းမှာ ပြည်တွင်းမှာ လုပ်ငန်းအလိုက် အာမခံ
ထားရှိမှု များဟာ ယခင်ကထက် ၂၀ ရာခိုင်နှုန်း ၀န်းကျင် တိုးတက် လာတယ်လို့ သိရပါတယ်။ အဲ့ဒီလို အာမခံထားရှိမှုများမှာ မီးအာမခံနဲ့ ရေကြောင်း ပို့ကုန်ပစ္စည်း အာမခံ စတဲ့ အာမခံခြင်း တွေပိုမိုများပြား လာတာဖြစ်ပြီး ပို့ဆောင်ရေး လုပ်ငန်းများမှာ အာမခံ ထားရှိမှု ပိုမို များပြားလာ တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ် အတွင်း မတော်တဆ တိမ်းမှောက်ခဲ့တဲ့သင်္ဘော နှစ်စီး နစ်မြုပ်မှု မှာလည်း အာမခံ ထားရှိထားတဲ့ အတွက် မြန်မာ့အာမခံ လုပ်ငန်းမှ အာမခံကြေးများ ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိမှာ မြန်မာ့ အာမခံ လုပ်ငန်းမှ အာမခံ လုပ်ငန်း ၄၁ မျိုး လုပ်ကိုင်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင်မြန်မာ့ အာမခံ လုပ်ငန်းဟာ ပုဂ္ဂလိက အာမခံ လုပ်ငန်းများလည်း လုပ်ကိုင်ခွင့် ပေးအပ်တော့မှာ ဖြစ်သဖြင့် အခုလက်ရှိမှာ ကုမ္ပဏီ ၁၂ ခုကို ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ ရွေးချယ် သတ်မှတ် ထားတယ်လို့ သိရပါတယ်။ အဆိုပါ ကုမ္ပဏီ ၁၂ ခုဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ မှတ်ပုံတင် ရုံးမှာ စက်တင်ဘာလ ၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ မှတ်ပုံတင်မှုများ ဆောင်ရွက်လျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။

ပြည်တွင်းမှာ MOMSEI စီမံကိန်း၏ ဆဋ္ဌမအကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးမှု ပထမဆုံး အကြိမ် ပြုလုပ်

ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနနဲ့ အစိုးရ အချင်းချင်း ဆိုင်ရာ ပင်လယ်သမုဒ္ဒရာ ကော်မရှင် အနောက်
ပစိဖိတ်ဒေသ Inter Governmental Ocean graphic Commission-IOC/ WESTPAC တို့ ပူးပေါင်း ပြုလုပ်တဲ့ ဆဌမ ကြိမ်မြောက် MOMSEI စီမံကိန်း အလုပ်ရုံ ဆွေးနွေးမှုကို စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ ချက်ထရီယံ ဟိုတယ်မှာ ကျင်းပပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ MOMSEI စီမံကိန်းဟာ အာရှဒေသ မုတ်သုံရာသီ လေ၀င်ရောက်ခြင်းနဲ့ အဆိုပါ ရာသီရဲ့ လူမှုပတ်ဝန်းကျင် ဆိုင်ရာ အကျိုးဆက်များကို စောင့်ကြည့် လေ့လာတဲ့ စီမံကိန်းပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဆဋ္ဌမကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးမှု မှာတော့ MOMSEI စီမံကိန်းရဲ့ လုပ်ငန်း တိုးတက်မှု အခြေအနေများ၊ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း ဆောင်ရွက်ချက်များ၊ အာရှဒေသ မုတ်သုံနဲ့ ပင်လယ် သမုဒ္ဒရာဆိုင်ရာ သုတေသန လုပ်ငန်း ဆောင်ရွက်ချက်များနဲ့ MOMSEI စီမံကိန်းရဲ့ ရှေ့လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးမှုကို စက်တင်ဘာလ ၁၂ ရက်နေ့ အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး MOMSEI စီမံကိန်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ ပညာရှင်များ အပြင် UNESCO မှ တာဝန်ရှိသူများပါ တက်ရာက် ဆွေးနွေး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။



ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ ဓါတ်လှေကား ၂ စင်းအား ၆ လကြာ ဆောက်လုပ် သွားမည်

ရွှေတိဂုံဘုရား တောင်ဘက် မုခ်မှာ ထပ်မံတိုးချဲ့ ဆောက်လုပ် သွားမယ့် ဓါတ်လှေကား ၂ စင်းကို ၆ လကြာ ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ ရွှေတိဂုံ
စေတီတော် ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို တောင်ဘက် မုခ်မှာ ဓါတ်လှေကား ၂ စင်း တိုးချဲ့ ဆောက်လုပ်ရာ မှာတော့ အခုလက်ရှိမှာ Foundation ချပြီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဓါတ်လှေကား ၂ စင်းကို ပြည်သူများရဲ့ အလှူငွေများနဲ့ ဆောက်လုပ် သွားမှာဖြစ်ပြီး ဓါတ်လှေကား ၂ စင်းရဲ့ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ သိန်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဓါတ်လှေကား ဆောက်လုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းများကို တရုတ်နိုင်ငံမှ မှာယူထားပြီး ဓါတ်လှေကား အဆောက်အဦး ဆောက်လုပ်ရာတော့  မြန်မာငွေ ကျပ်သိန်း ၁၈၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဓါတ်လှေကား ဆောက်လုပ်ဖို့ အတွက် လိုအပ်တဲ့ အလှူငွေ များကို လှူဒါန်း လိုပါက အလှူရှင်များ အနေနဲ့လည်း အပိုင်းလိုက် လှူဒါန်း နိုင်တယ်လို့ သိရပါတယ်။ အခုလက်ရှိ ရွှေတိဂုံ စေတီတော် တောင်ဘက် မုခ်မှာ ဓါတ်လှေကား ၂ စင်း ရှိပါတယ်။ ဒီလို ထပ်မံ ဆောက်လုပ်မယ့် ဓါတ်လှေကား ၂ စင်း ထပ်မံ ဆောက်လုပ်ရ တာကလည်း တောင်ဘက်မုခ်မှ ဘုရားဖူး ခရီးသွား ဧည့်သည်များ ပိုမိုဝင်ထွက် သွားလာ တာကြောင့် ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

လူမှုဖူလုံရေး နည်းဥပဒေများ မူကြမ်း အလုပ်ရုံ ဆွေးနွေးမှု ကျင်းပပြုလုပ်မည်

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး နည်းဥပဒေများ မူကြမ်း အလုပ်ရုံ ဆွေးနွေးမှုကို လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်
မြို့နယ်ရှိ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးမှု မှာတော့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး နည်းဥပဒေကို အကောင်အထည် ဖော်နိုင်ရေး အတွက် လူမှုဖူလုံရေး နည်းဥပဒေများ မူကြမ်းကို ဆွေးနွေး ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေသစ် မှာတော့ မ၀င်မနေရ အာမခံစနစ် အပြင် မိမိဆန္ဒ အလျောက် ပါဝင်နိုင်တဲ့ စနစ်ကိုပါ ထည့်သွင်း ရေးဆွဲ ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ ကျင့်သုံးနေတဲ့ ၁၉၅၄ ခုနှစ် လူမှုဖူလုံရေး ဥပဒေနဲ့ နှိုင်းယှဉ်လျှင် အာမခံ စနစ်များ တိုးချဲ့ ပါဝင်လာရုံ သာမက ထည့်ဝင်ကြေး နှုန်းထားများလည်း အသစ်ပြင်ဆင် ထားပြီး အမှန်တကယ် ၀င်ငွေ အပေါ်မှာ မူတည်ပြီး ကောက်ခံကာ အကျိုးခံ စားခွင့် များလည်း တိုးတက် ဆောင်ရွက် ပေးနိုင်ဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ ဒါတင် မကသေးဘဲ အာမခံ ထားသူများ အားလုံး ကိုလည်း လုံခြုံ စိတ်ချရတဲ့ Smart Card များ ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေသစ်ပါ အကျိုး ခံစားခွင့်များကို မြန်မာနိုင်ငံသား အားလုံး သိရှိနားလည်နိုင် ဖို့နဲ့ ကွန်ပျူတာစနစ် အသုံးပြုနိုင်ရေး အတွက် အချိန်ယူ ဆောင်ရွက် ရမှာဖြစ်တဲ့ အတွက် တစ်နှစ်ခန့်ကြာမှ စတင် အကောင်အထည် ဖော်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဥပဒေသစ် စတင် အာဏာ တည်မယ့် နေ့ရက် ကိုတော့ နိုင်ငံတော် သမ္မတက အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီး သတ်မှတ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမည့် ဘဏ္ဍာရေးနှစ်တွင် Weather Rader များ တပ်ဆင် သွားမည်

Weather Rader များကို လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်မှာ ဂျပန် အစိုးရမှ တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန၊
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ  တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ Weather Rader များကို ဂျပန်အစိုးရရဲ့ အကူအညီနဲ့ Jica မှ တာဝန်ယူ ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Weather Rader ကို ၂ လုံး တပ်ဆင်ပေး သွားမှာဖြစ်ပြီး အဆိုပါ Weather Rader များကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ တောင်ဘက် ၁၃ မိုင် အကွာရှိ မင်းပြင် ကျေးရွာနဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ ကမ္ဘာအေး မိုးလေ၀သရုံးမှာ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို Weather Rader များ တပ်ဆင်ဖို့ အတွက် တာဝါ အဆောက်အဦးများ၊ နည်းပညာ သင်တန်းများကို ဂျပန် အစိုးရမှ အထောက်အပံ့ ပေးသွားမှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၀-၄၀ ကြား ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Weather Rader များဟာ မိုင် ၂၄၀ ပတ်ဝန်းကျင်က ဖြစ်ပေါ်နေတဲ့ လေထုအတွင်း သိပ်သည်းဆများ၊ ဘင်္ဂလား ပင်လယ်အော်ရှိ မုန်တိုင်းများ၊ မိုးရွာသွန်းမှု မိုးရေချိန် လက်မများ ခန့်မှန်းခြင်းနဲ့ သဘာဝ ဘေးအန္တရာယ်များ ကိုလည်း ခန့်မှန်း နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း ဒေသကြီး မှာလည်း Weather Rader ၁ လုံး တပ်ဆင်ဖို့ လျာထားပြီး တပ်ဆင်ဖြစ်မယ် ဆိုရင်တော့ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြေ့သာစည် လေဆိပ်ဟောင်းမှာ တပ်ဆင်ဖို့ ရှိတယ်လို့ သတင်း ရရှိပါတယ်။



ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဆောင်ရွက်ရန် လျာထား

ပြည်တွင်းသို့ ပြည်ပ နိုင်ငံများမှ ကုန်တင် သင်္ဘောကြီးများ ပိုမိုဆိုက်ကပ် နိုင်ဖို့အတွက် ကုလားဂုတ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို ဆောင်ရွက်ဖို့ လျာထား
လျက်ရှိတယ်လို့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ကုလားဂုတ် ရေနက် ဆိပ်ကမ်းဟာ မွန်ပြည်နယ်၊ ရေးမြို့နဲ့ မော်လမြိုင် ကြားမှာ တည်ရှိ ပါတယ်။ အဲ့ဒီ ကုလားဂုတ် ရေနက် ဆိပ်ကမ်းဟာ တည်ဆောက်ခဲ့ပါက မြန်မာနိုင်ငံ အပါအ၀င် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ တရုတ်နိုင်ငံ များပါ အကျိုးအမြတ် ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေနက်ဆိပ်ကမ်း စီမံကိန်းများ အနေနဲ့ ရခိုင် ကမ်းရိုးတန်းမှာ ကျောက်ဖြူ၊ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ တနင်္သာရီ ကမ်းရိုးတန်းမှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဆောင်ရွက် နေတာဖြစ်ပြီး လက်ရှိ ကျင့်သုံး နေတဲ့ ဆိပ်ကမ်း ဥပဒေများက ခေတ်ကာလနဲ့ လိုက်လျော ညီထွေ ဖြစ်စေဖို့ ပြင်ဆင် ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းသို့ ၀င်ထွက် သွားလာတဲ့ ပင်လယ်ကူး သင်္ဘောကြီးများ အနေနဲ့ Outer Bar နဲ့ Inner Bar တို့အား ဖြတ်သန်း ရသဖြင့် ရန်ကုန် ဆိပ်ကမ်းရဲ့ လက်ရှိ အခြေအနေမှာ အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာ၊ တန်ချိန် ၁၅၀၀၀ ရှိ သင်္ဘောကြီး များသာ ဆိုက်ကပ်နိုင်ပြီး သီလ၀ါ ဆိပ်ကမ်းသို့ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်တဲ့ အဆင့်မှ ပိုမို အရွယ်အစား ကြီးမားတဲ့ သင်္ဘောကြီးများ ဆိုက်ကပ် နိုင်ဖို့ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ နှစ်စဉ် ပြည်တွင်းမှာ ပြည်ပနိုင်ငံ ပင်လယ်ရေကြောင်း မှတစ်ဆင့် ၀င်ရောက်တဲ့ ကုန်တန်ချိန် သန်း ၂၀ ကျော်ကို လက်ခံ ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။

လာမည့် နိုဝင်ဘာလမှ စတင်ကာ အမှိုက်ခွဲခြား စွန့်ပစ်မှုအား အရေးယူမှုများ ပြုလုပ်သွားမည်

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းမှု ဌာနမှ သတ်မှတ် ထားတဲ့ အမှိုက်အိတ် များနဲ့ မစွန့်ပစ်ပါက
အရေးယူ သွားတော့မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အရေးယူ ဆောင်ရွက်မှု ကိုတော့ လာမယ့် နိုဝင်ဘာလမှ စတင်ပြီး အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ အခုလို အမှိုက်ခွဲခြား စွန့်ပစ်ဖို့ အတွက် ကိုတော့ သက်ဆိုင်ရာ ဌာနကနေ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပလက်စတစ် လုပ်ငန်းရှင်များနဲ့ ညှိနှိုင်းကာ ၁၂ လက်မနဲ့ လက်မ ၂၀ အရွယ်ရှိ အိတ်များ ကိုတော့ အဖြူရောင် သတ်မှတ် ထားပြီး ၁၂ လက်မနဲ့ လက်မ ၂၀ အရွယ်နဲ့ အထက် အိတ်များ ကိုတော့ အစိမ်းရောင်နဲ့ အပြာရောင် ကိုသာ သတ်မှတ် ပေးထားတာ ဖြစ်ပါတယ်။ ယခု လက်ရှိ မှာတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းမှု ဌာန အနေနဲ့ မိမိတို့ သတ်မှတ် ထားတဲ့ အမှိုက်အိတ် များနဲ့သာ စွန့်ပစ်ဖို့ ပြောကြား ထားပေမယ့်လည်း လာမယ့် နိုဝင်ဘာလမှ စတင်ပြီး သတ်မှတ် ထားတဲ့ အမှိုက်အိတ် များနဲ့ မစွန့်ပစ်ပါက အရေးယူ ဆောင်ရွက်မှု အနေနဲ့ ဒဏ်ရိုက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၉ ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကြီးသို့ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင် ၃၅၀ နီးပါး သွားရောက်မည်

၉ကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည် ပြပွဲကို မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် အယောက် ၃၀၀ မှ ၃၅၀ အထိ
သွားရောက် ပြသမှုများ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်စည် ပြပွဲကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ကွမ်းရှိးကျွမ်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ နန့်နင်းမြို့မှာ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

အဆိုပါ ကုန်စည်ပြပွဲ မှာတော့ အဖွဲ့ဝင် နိုင်ငံများ အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ပိုမိုခိုင်မာစွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံ တစ်ခုကို ဂုဏ်ထူးဆောင် တိုင်းပြည် အဖြစ် ရွေးချယ် သတ်မှတ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ကိုယ်စား ဦးဆောင်နိုင်ငံ အဖြစ် ရွေးချယ် သတ်မှတ်ခြင်းကို အာဆီယံ နိုင်ငံများထဲမှ အင်္ဂလိပ် အက္ခရာ အစီအစဉ်အရ ဆောင်ရွက် လျက်ရှိရာ အခုနှစ်မှာ မြန်မာနိုင်ငံမှ ဂုဏ်ထူးဆောင် တိုင်းပြည် အဖြစ် ရွေးချယ် ခံရတာ ဖြစ်ပါတယ်။

အဆိုပါ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မှာတော့ အဓိက ခန်းမဆောင်များ အဖြစ် နှစ်လိုဖွယ်ရာ မြို့တော်များ၊ ခန်းမဆောင်၊ ကုန်စည်ဆိုင်ရာ ခန်းမဆောင်၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ခန်းမဆောင်၊ အဆင့်မြင့် နည်းပညာ ဆိုင်ရာ ခန်းမဆောင်နဲ့ ကုန်သွယ်ရေး ၀န်ဆောင်မှု ဆိုင်ရာ ခန်းမဆောင်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် အခုနှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံနိုင်ငံများ အားလုံးရဲ့ ကိုယ်စားပြု ဦးဆောင်နိုင်ငံ အဖြစ် မြန်မာ အမျိုးသား ပြခန်းဆောင်ကို မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ များနဲ့အညီ ခေတ်မီ ခမ်းနား ထည်ဝါစွာ ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်စည်ပြပွဲ မှာတော့ မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြသသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့