Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 13 September 2012

သတင်းတိုများ


How to Finance Your Business ခေါင်းစဉ်ဖြင့် စတော့ ဈေးကွက်ဆိုင်ရာ ဆွေးနွေးခဲ့

ပြည်တွင်းမှာ ပေါ်ပေါက် လာနိုင်တော့မယ့် စတော့ ဈေးကွက် အကောင်အထည် ဖော်နိုင်ဖို့နဲ့ စီးပွားရေး ပလန် ရေးဆွဲပုံ အကြောင်းနဲ့ ပတ်သက်ပြီး
ဆွေးနွေး ဟောပြောမှု တစ်ခုကို စက်တင်ဘာလ ၁၁ ရက်နေ့က UMFCCI မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေး ဟောပြောမှုမှာ How to Finance Your Business ခေါင်းစဉ်နဲ့ ဟောပြော ခဲ့တာ ဖြစ်ပြီး ဂျပန်နိုင်ငံ ဒိုင်ဝါ ကုမ္ပဏီ တာဝန်ရှိသူတွေက ဆွေးနွေးပေး ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာ မှာတော့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူတွေ အတွက် Business Plan ရေးဆွဲ နိုင်အောင်နဲ့ ရေးဆွဲတဲ့ အခါမှာ ပါဝင်သင့်တဲ့ အချက်အလက် တွေကို ပြောပြပေး ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Business Plan တစ်ခုကို မရေးဆွဲမီ ကြိုတင် ပြင်ဆင်သင့်တဲ့ ဈေးကွက် ဆိုင်ရာများ၊ ထုတ်ကုန်များနဲ့ ၀န်ဆောင်မှုပိုင်း စတာတွေကို သိရှိရမယ့် အပြင် စီးပွားရေး အရင်းအမြစ် တွေကိုလည်း လေ့လာ ထားဖို့ လိုအပ်တဲ့ အကြောင်း ကိုပါ ဆွေးနွေး ပြောကြားပေး ခဲ့ပါတယ်။ လက်ရှိမှာ ပြည်တွင်းရဲ့ စီးပွားရေး အခွင့်အလမ်း တွေဟာ ယခင်ကထက် ပိုမိုမြင်သာ လာပြီ ဖြစ်လို့ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင်များ သာမက ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင် များကပါ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ရှိတဲ့အတွက် အခုလို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တွေကို ပြုလုပ်တာ ဖြစ်တယ်လို့ UMFCCI မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အတွက် Pre-qualification ပြုလုပ်ရန် ကုမ္ပဏီ အခု ၃၀ မှ တင်ပြထား

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းရဲ့ ပြောကြားချက် အရ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်
စီမံကိန်းမှာ ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်နိုင်ဖို့ အတွက် လုပ်ကိုင် ဆောင်ရွက် လိုတဲ့ ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီ လုပ်ငန်းရှင်များ ကြိုတင် အရည်အချင်း စစ်မှု Pre-qualification များ ပြုလုပ်ဖို့ ခေါ်ယူ ထားရာ ကုမ္ပဏီ အခု ၃၀ လာရောက် တင်ပြထား တယ်လို့ သိရပါတယ်။

အဲ့ဒီလို လာရောက် တင်ပြထားတဲ့ ကုမ္ပဏီများ ကတော့ တရုတ် နိုင်ငံမှ ကုမ္ပဏီ ၆ ခု၊ မလေးရှား၊ စင်္ကာပူ နိုင်ငံတို့မှ ကုမ္ပဏီ ၃ ခုစီ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံ တို့မှ ကုမ္ပဏီ ၂ ခုစီ တင်ပြ ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယား၊ နော်ဝေ၊ ဆွစ်ဇာလန်၊ တောင်အာဖရိက၊ သြစတြေးလျ၊ အင်္ဂလန်၊ အိန္ဒိယ နိုင်ငံနဲ့ တရုတ်တိုင်ပေ တို့မှ ကုမ္ပဏီ ၁ ခုစီ စတဲ့ ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ အခု ၃၀ မှ တင်ပြထားတာ ဖြစ်ပါတယ်။ ယခုလို Pre-qualification များ ပြုလုပ်ဖို့ တင်ပြထားတဲ့ ကုမ္ပဏီ အခု ၃၀ ကို လေဆိပ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး ပြည့်စုံမှု ရှိ၊ မရှိနဲ့ နည်းပညာ ပြည့်စုံမှု ရှိ၊ မရှိ စတဲ့ အချက်တွေကို ကြိုတင် အရည်အချင်း စစ်ရေး အဖွဲ့မှ စစ်ဆေး သွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီများ ထဲမှ သတ်မှတ်ချက် အရည်အချင်များနဲ့ ပြည့်စုံတဲ့ ကုမ္ပဏီ တစ်ခု ကိုတော့ ပို့ဆောင်ရေး ၀န်ကြီး ဦးဆောင်တဲ့ တင်ဒါ ရွေးချယ်ရေး အဖွဲ့က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီကို တင်ပြပြီး ဟံသာဝတီ ဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင် ဆောင်ရွက် ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လုပ်ကိုင် ဆောင်ရွက် ခွင့်ရတဲ့ ကုမ္ပဏီဟာ လာမယ့် ၂၀၁၃ ခုနှစ်၊ မေလမှ စတင်ပြီး လေဆိပ် ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းတွေကို စတင် ဆောင်ရွက် ရမှာ ဖြစ်ကာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှာ အပြီးသတ် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

အင်းလေး ဟိုတယ်ဇုန် အသစ်အတွက် မြေဧက ၆၂၂ ဧကတွင် ဖော်ထုတ် သွားမည်

အင်းလေး ဒေသ ပတ်ဝန်းကျင်မှာ ဟိုတယ်များ ပိုမိုလိုအပ် လာပြီဖြစ်တဲ့ အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနဲ့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့တို့မှ
ပူးပေါင်း ဆောင်ရွက်ပြီး အင်းလေး ဒေသမှာ မြေဧက ၆၂၂ အကျယ်အ၀န်းရှိ အင်းလေး ဟိုတယ်ဇုန် သစ်ကို ဖော်ထုတ် သွားဖို့  စီစဉ်ဆောင်ရွက် လျက်ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အင်းလေး ဟိုတယ်ဇုန် သစ်ဟာ အင်လေးကန်ရဲ့ အရှေ့ဘက် အခြမ်း၊ ညောင်ရွှေမြို့ရဲ့ ၁၇ မိုင် အကွာဝေး မှာရှိတဲ့ အင်းလေး အရှေ့သစ်တော ကြိုးဝိုင်းရဲ့ သစ်တောမြေ ဧရိယာမှာ ဖော်ထုတ်မှာ ဖြစ်ပါတယ်။

အဆိုပါ ဟိုတယ်ဇုန် ဧရိယာ ကိုတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ၀န်ကြီးဌာနမှ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနကို နှစ်ရှည် အငှား စာချုပ်နဲ့ ငှားရမ်းကာ ဟိုတယ်ဇုန် တည်ဆောက်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ ဟိုတယ်ဇုန် တည်ဆောက်ဖို့ အတွက် ကိုတော့ ယခု လက်ရှိမှာ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ အဆိုပါ မြေဧရိယာကို ကွင်းဆင်းတိုင်းမှုများ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အဲဒီ အင်းလေး ဟိုတယ်ဇုန် သစ်ကို လာမယ့် ပွင့်လင်းရာသီ လောက်မှာ စတင် ဆောက်လုပ် သွားမှာ ဖြစ်ပြီး လာမယ့် ၂၀၁၃ ခုနှစ်မှာ အပြီး တည်ဆောက် နိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အင်းလေး ဒေသရှိ အင်းလေးကန်ဟာ အရှေ့တောင် အာရှဒေသ အတွင်း ရှားပါးတဲ့ သဘာဝမှ ပေးအပ် ထားတဲ့ ထူးခြား အံ့သြ စိတ်ဝင်စားဖွယ်ရာ နေရာဒေသ ၆ ခု အနက် ၁ ခု အပါအ၀င် ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက်မှု များပြားတဲ့ အတွက် ယခုလို ဟိုတယ်ဇုန်သစ် တိုးချဲ့ တည်ဆောက်တာ ဖြစ်ပါတယ်။ အဆိုပါ ဟိုတယ်ဇုန်သစ် တည်ဆောက်ဖို့ အတွက် ယခု လက်ရှိမှာ စီးပွားရေး လုပ်ငန်းရှင် အယောက် ၁၂၀ ကျော်လောက် လာရောက် စာရင်း ပေးမှုများ ရှိနေတယ် လို့လည်း သိရပါတယ်။

အသေးစား ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင်ရေး အတွက် အလုပ်ရုံ ဆွေးနွေးမှုအား အောက်တိုဘာလတွင် ကျင်းပပြုလုပ် သွားမည်

မြန်မာနိုင်ငံရဲ့ အသေးစား ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင်ရေး အတွက် အလုပ်ရုံ ဆွေးနွေးမှုကို လာမယ့် အောက်တိုဘာလမှာ ကျင်းပပြုလုပ်
သွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ မှာတော့ သတ္တုတွင်း ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ သစ်တောရေးရာ ၀န်ကြီးဌာန  အစရှိတဲ့ ၀န်ကြီး ဌာန များမှ တာဝန်ရှိသူများနဲ့ ဂျပန်နိုင်ငံမှ တာဝန်ရှိ သူများနဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင်မှုဟာ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ရာသီဥတု အခြေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်များနဲ့ စိုက်ပျိုးရေး၊ သစ်တော ရေးရာနဲ့ ဓာတ်သတ္တု ရှာဖွေရေး အစရှိတဲ့ ကဏ္ဍတွေ မှာလည်း အသုံးနိုင်ရန် အတွက် လွှတ်တင်ဖို့ စီစဉ်လျက်ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ဂြိုလ်တု လွှတ်တင်ဖို့ အတွက် ကိုတော့ ဂျပန်နိုင်ငံ အစိုးရနဲ့ ဂျပန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Marubeni Aerospace Corporation မှ ကူညီကာ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုကို ယခု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ လွှတ်တင်နိုင်ဖို့ ဂျပန်နိုင်ငံမှ တာဝန်ရှိသူတွေဟာ ခန့်မှန်းထား ပေမယ့် ဒီဇင်ဘာလမှာ လွှတ်တင်ဖို့ဟာ မလွယ်ကူ သေးဘူးလို့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဂြိုလ်တု လွှတ်တင်ရာမှ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုကို အသုံးပြုမယ့် သက်ဆိုင်ရာ ၀န်ကြီး ဌာနများမှ ၀န်ထမ်းတွေကိုလည်း နည်းပညာ ဆိုင်ရာ သင်တန်းများကို ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့က ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

လွှတ်တော် ဂျာနယ် စတင်ထွက်ရှိ

လွှတ်တော်ရုံးမှ တာဝန်ယူ ထုတ်ဝေတဲ့ လွှတ်တော် ဂျာနယ် အမှတ် ၁ ကို စက်တင်ဘာလ ၁၀ ရက် တနင်္လာနေ့မှ စတင်ကာ ထုတ်ဝေ လိုက်ပြီ ဖြစ်တယ်လို့
သိရပါတယ်။ ယခု ထုတ်ဝေ လိုက်တဲ့ ဂျာနယ်မှာတော့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌရဲ့ ပြည်ပ ခရီးစဉ် မှတ်တမ်း ဓာတ်ပုံများ၊ လွှတ်တော်နဲ့ စပ်လျဉ်းတဲ့ ဆွေးနွေးချက်များ၊ ဆောင်းပါးများ၊ အကြံပြု ရေးသားချက်များနဲ့ ကာတွန်းများ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာဘုရင်များ လက်ထက်မှ လွှတ်တော် ဆိုင်ရာ အကြောင်း အရာများ၊ ပြည်သူ့ လွှတ်တော် ဆိုင်ရာ အစည်းအဝေး ကျင်းပနေမှု သတင်း ဓာတ်ပုံများ၊ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၊ ပြည့်သူ့ လွှတ်တော်ဆောင်၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပမှု သတင်း ဓာတ်ပုံများနဲ့ ခမ်းနား ထည်ဝါလှတဲ့ လွှတ်တော် အဆောက်အဦး များကိုလည်း ရောင်စုံ ဓာတ်ပုံများနဲ့ ဝေေ၀ဆာဆာ ဖော်ပြထား ပါတယ်။

ယခုလို ထုတ်ဝေတဲ့ လွှတ်တော် ဂျာနယ် ကိုတော့ ယခုတစ်ကြိမ် ပထမဆုံး စတင် ထုတ်ဝေလိုက် ပေမယ့် နောက်ပိုင်း မှာတော့ နောက်တစ်ကြိမ် ကျင်းပ ပြုလုပ်မယ့် လွှတ်တော် စတင်ချိန်မှ စတင်ကာ အပတ်စဉ် ထုတ်ဝေ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်း ထုတ်ဝေမယ့် ဂျာနယ်များ မှာလည်း လွှတ်တော် အတွင်း ဖြစ်ပျက်တဲ့ အကြောင်းအရာများ၊ လွှတ်တော် ကိုယ်စားလှယ်များမှ တင်ပြချက် များကို ဆောင်းပါးများ၊ သတင်းများ အဖြစ် ပြည်သူများ သိရှိအောင် ဖော်ပြပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဂျာနယ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက် ကတော့ လွှတ်တော် ဆိုင်ရာ သတင်းများ မှန်ကန် ခိုင်မာစွာနဲ့ အချိန်နဲ့ တပြေးညီ ထုတ်ပြန် နိုင်ဖို့အတွက် ဖြစ်ပြီး လွှတ်တော်များနဲ့ လွှတ်တော် အဖွဲ့အစည်း များရဲ့ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက် များကို စုစည်း ဖော်ပြနိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်နဲ့ ပြည်သူများ အကြား အပြန်အလှန် နားလည်မှုနဲ့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် နိုင်ဖို့နဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးနဲ့ လွှတ်တော်များရဲ့ ထမ်းဆောင် ရမယ့် အခန်း ကဏ္ဍကို မှန်ကန်စွာ ဆက်စပ် နားလည်မှု ရှိလာစေဖို့ စတဲ့ ရည်ရွယ်ချက် များဖြင့် ထုတ်ဝေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

လုပ်သက် ၁၅ နှစ်ရှိ မူလတန်းပြ များအား အလယ်တန်းပြ ရာထူးများသို့ တိုးမြှင့်ပေး လျက်ရှိ

ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ လုပ်သက် ၁၅ နှစ်ရှိ မူလတန်းပြ ဆရာ၊ ဆရာမများကို စက်တင်ဘာလ ၈ ရက်နေ့မှစပြီး
အလယ်တန်းပြ ရာထူးနဲ့လစာများသို့ ရာထူး တိုးမြှင့် ပေးလိုက်တယ်လို့ သိရပါတယ်။ ဒီလို ရာထူး တိုးမြှင့်မှုမှာ လက်ရှိ မူလတန်းပြ နေတဲ့ လုပ်သက် ၁၅ နှစ်ပြည့် ဆရာ ဆရာမတွေကို လက်ရှိ သင်ကြား ပြသနေတဲ့ မူလတန်းများမှာပဲ ဆက်လက် တာဝန် ထမ်းဆောင် စေပြီး ရာထူးနဲ့ လစာ ကိုတော့ အလယ်တန်းပြ ရာထူးနဲ့ အလယ်တန်းပြ လစာသို့ တိုးမြှင့်ပေး လိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီလို တိုးမြှင့်မှု မှာတော့ လစာအနေနဲ့ လက်ရှိ မူလတန်းပြ လစာ ငါးသောင်း နှစ်ထောင် ကျပ်နဲ့ ရရှိနေတဲ့ အစား အလယ်တန်းပြ လစာဖြစ်တဲ့ ငါးသောင်း သုံးထောင် ကျပ်မှ ငါးသောင်း ရှစ်ထောင် အထိ လစားများ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လစာများ ခံစားခွင့် ကိုတော့ ယခုလကုန်မှ စတင်ကာ ဆရာ ဆရာမများ အနေနဲ့ ခံစားခွင့် ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို တိုးမြှင့်ပေးမှုဟာ ဆရာ ဆရာမများ အတွက် ပညာ အရည်အချင်းနဲ့ ရသင့် ရထိုက်တာကို တိုးမြှင့် ပေးတာ ဖြစ်ပြီး ပညာရည် အဆင့်အတန်း မြင့်မား လာစေဖို့နဲ့ သင်ကြားရေး စနစ်များကို စနစ်ကျစွာ သင်ကြား ပေးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်သက် ၂၀ နှစ်အထက် မှုလတန်းပြ ဆရာ ဆရာမများ ကိုတော့ ပြီးခဲ့တဲ့ ဘြဂုတ်လ ၁၇ ရက်နေ့က အထက်တန်းပြ ရာထူးနဲ့ လစာများ အရင်တိုး ပေးလိုက်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

လေကြောင်းနှင့် ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် စာတမ်း ၅ စောင် ပါဝင်ဖတ်ကြား

စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေး ၀န်ကြီးရုံးမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ လေကြောင်းနဲ့ ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍများ ဖွံ့ဖြိုး
တိုးတက်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများ ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲမှာ လေကြောင်းနဲ့ ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပတ်သက်ပြီး စာတမ်း ၅ စောင် ပါဝင်ဖတ်ကြား ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဖတ်ကြားခဲ့တဲ့ စာတမ်းတွေ ကတော့ မြို့ပြလေကြောင်း ကဏ္ဍမှာ ပုဂ္ဂလိကမှ ပါဝင် ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများ၊ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနဲ့ Investments Opportunities For Myanmar Shipyards စာတမ်းတို့ ဖြစ်ပါတယ်။ အဲ့ဒီ စာတမ်း တွေကိုတော့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာ လေကြောင်းမှ တာဝန်ရှိသူများ၊ မြန်မာဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများ၊ ပြည်တွင်း ရေကြောင်းနဲ့ မြန်မာ့ င်္ဘောကျင်း လုပ်ငန်းမှ တာဝန်ရှိ သူများမှ စာတမ်းများ ပါဝင်ဖတ်ကြား ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပို့ဆောင်ရေး ကဏ္ဍ ဖွံ့တိုးတက်ရေး အတွက် ဆွေးနွေးမှုတွေ ကိုလည်း ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ကိုတော့ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉဏ်ထွန်းအောင်နဲ့ ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယ ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနဲ့ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံ လိုတဲ့ ကုမ္ပဏီများ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

Weather Rader များ တပ်ဆင်ရန် အတွက် လာမည့် ၂၀၁၃ ခုနှစ် မတ်လတွင် MoU ရေးထိုးသွားရန်ရှိ

ပြည်တွင်းမှာ Weather Rader များ တပ်ဆင်ဖို့ အတွက် လာမယ့် ၂၀၁၃ ခုနှစ် မတ်လမှာ MoU ရေးထိုးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန၊
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ ဒီလို  MoU ရေးထိုးရာမှာ ဂျပန်နိုင်ငံမှ တာဝန်ရှိသူ တွေနဲ့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနနဲ့ ရေးထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Weather Rader များကို ဂျပန် အစိုးရရဲ့ အကူအညီနဲ့ Jica မှ တာဝန်ယူ ဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Weather Rader ကို ၂ လုံး တပ်ဆင်ပေး သွားမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ ပထမ ဦးစားပေး၊ ရန်ကုန်တိုင်း ဒေသကြီးမှာ ဒုတိယ ဦးစားပေး တပ်ဆင်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို Weather Rader များ တပ်ဆင်ဖို့ အတွက် တာဝါ အဆောက်အဦးများ၊ နည်းပညာ သင်တန်းများကို ဂျပန် အစိုးရမှ အထောက်အပံ့ ပေးသွားမှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၀-၄၀ ကြား ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Weather Rader များဟာ မုန်တိုင်း ပြင်းအား၊ မုန်တိုင်း ဖြတ်သန်းမည့် လမ်းကြောင်း၊ မိုးတိမ်တောင်များရဲ့ သိပ်သည်းမှု၊ မိုးရွာသွန်း နိုင်မှုတို့ကို ၁၅ နာရီခန့် ကြိုတင် သိရှိနိုင်တယ်လို့ သတင်း ရရှိပါတယ်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ဒေါ်လာ ၃၁ သန်းကျော် အပါအ၀င် ငွေကျပ်သန်း လေးသောင်းကျော် ရင်းနှီး မြှုပ်နှံခဲ့

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက အမေရိကန် ဒေါ်လာ
၃၁ သန်းကျော် အပြင် ကျပ်ငွေ သန်းပေါင်း လေးသောင်း ရှစ်ထောင် ကျော်အထိ ရင်းနှီးမြှုပ်နှံ ခဲ့တယ်လို့ သိရပါတယ်။ ဒီလို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံရာ မှာတော့ ပြီးခဲ့တဲ့လ အတွင်းက မြင်းခြံခရိုင် ဒေသတွင်းရှိ ဆိတ်ခံ တံတားမှာ ၀န်ဆောင်မှု လုပ်ငန်းနဲ့ ပတ်သက်ပြီး ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေး လုပ်ငန်း၊ စွမ်းအင် လုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ ပို့ဆောင်ရေး လုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်းနဲ့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ မှာလည်း မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု များဟာ အများဆုံး မြှုပ်နှံလျက် ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။






No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့