Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 12 December 2012

အုပ်ချုပ်ရေးမှူးသစ်ရွေးပွဲများ အလုပ်ဖြစ်ပါ့မလား

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး သစ်များ ရွေးချယ် တင်မြှောက်ခြင်းနှင့် ပတ်သက်၍ အများပြည်သူ များအကြား စိတ်ဝင်စားမှု အလွန်နည်းပါး နေသော်လည်း အုပ်ချုပ်ရေးမှူး ဟောင်းနှင့် ရပ်မိရပ်ဖ အသိုင်းအ၀ိုင်း အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ် နေကြောင်း နိုင်ငံ အနှံ့ရှိမြို့နယ် ရပ်ကွက်များသို့ ကြုံရာကျပန်း မေးမြန်း ချက်များအရ သိရသည်။


အစိုးရသစ် လက်ထက်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများအား ဥပဒေ၊ နည်းဥပဒေ ထုတ်ပြီး ပထမဆုံးအကြိမ် ရွေးချယ်ရန် စီစဉ်ခြင်းဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလ အတွင်း အပြီးသတ် ရွေးချယ်ရန် ပြည်ထဲရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေးမှူးများကို ဥပဒေနှင့်အညီ တင်မြှောက်သော်လည်း အုပ်ချုပ်ရေးမှူးအဟောင်းများက အကြောင်းရှာ၍ ဖယ်ရှားမပေးလိုသော သဘောဖြင့် ဆောင်ရွက်မှုများ ပြုလုပ်နေသောကြောင့် ရပ်မိရပ်ဖများနှင့် အငြင်းပွားမှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရမည့် အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့၏ လုပ်ဆာင်မှုများသည် အစိုးရအဖွဲ့၏ ပုံရိပ်များ ထင်ဟပ်နေမည်ဖြစ်သည့်အတွက် အရေးကြီးကြောင်း မြစ်သားမြို့တွင် နေထိုင်သူ အငြိမ်းစားကျောင်းဆရာတစ်ဦးက သုံးသပ်သည်။

ပုဂံ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကလည်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မည့်ကိစ္စရပ်ကို မိမိတို့အနေဖြင့် သိရှိခြင်းမရှိကြောင်း ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးသည် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၂၈ အရ လစဉ် ချီးမြှင့်ထောက်ပံ့ငွေနှင့် သက်တမ်းကာလအပြည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါက တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေများရရှိမည်ဖြစ်ပြီး ရုံးအသုံးစရိတ်ရန်ပုံငွေကို နိုင်ငံတော်မှ ကျခံပေးမည် ဖြစ်ကြောင်း နည်းဥပဒေတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေ၊ နည်းဥပဒေများတွင် ခံစားခွင့်ရှိသည့် လစာနှုန်းထားများကို သတ်မှတ်ထားခြင်းမရှိသော်လည်း ရန်ပုံငွေရရှိမှု အနေအထားအရ တစ်လလျှင် လစာ ခုနစ်သောင်းကျပ်နှင့် ရုံးအသုံးစရိတ်အဖြစ် တစ်လလျှင် ငါးသောင်းကျပ် ရရှိမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အများပြည်သူဆိုင်ရာနေရာတွင် လောင်းကစားခြင်းကို ဖမ်းဆီးခြင်း၊ အရေးယူနိုင်ရန် အကြောင်းကြားခြင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် စစ်ဆေးရန်လိုအပ်သော နေရာများကို အခါအားလျော်စွာစစ်ဆေးခြင်းစသည့် အချက်များအပါအ၀င် လုပ်ငန်းတာဝန် ၃၂ ချက်ကို ထမ်းဆောင်ရမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် အခြားမြို့ နယ်များရှိ ပြည်သူများကို ဆက်သွယ်မေးမြန်းရာတွင် လက်ရှိလုပ်
ကိုင်နေသော အုပ်ချုပ်ရေးမှူး အများစုသည် ရာထူးအရှိန်အ၀ါကို အသုံးချ၍ ကိုယ်ကျိုးရှာမှုများ၊ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများ ရှိနေပြီး ပြည်သူက ရွေးချယ်မည့် အုပ်ချုပ်ရေးမှူးများ တက်လာမည်ကို ၎င်းတို့က လိုလားမှုမရှိကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးရွေးပြီးပေမယ့် အရင်အုပ်ချုပ်ရေးမှူးဟောင်းရဲ့ ငွေကြေးအလွဲသုံးစားမှုတွေ ရှိနေတဲ့အတွက် လွှဲပြောင်းမှုမှာ ကြန့်ကြာနေတယ်။ ငွေဆယ့်ခုနစ်သိန်းစာရင်း ပျောက်နေတာကို မရှင်းနိုင်လို့ ကြန့်ကြာနေတာ” ဟု ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။

ထို့အတူ ကျေးရွာအုပ်ချုပ်ရေးမှူးအာဏာကို အလွဲသုံးစားပြု၍ အထက်ဌာနများ၏ ခွင့်ပြုမိန့် တစ်စုံတစ်ရာမရဘဲ တိုးချဲ့ကွက်သစ်အား မိမိသဘောဆန္ဒဖြင့် အကွက်ရိုက်ရောင်းချမှုများရှိခဲ့ကြောင်း၊ အဆိုပါ အုပ်ချုပ်ရေးမှူးသည် စက်တင်ဘာ ၂၁ ရက်တွင် တာဝန်မှ ရပ်စဲခံရသော်လည်း ယခုအချိန်အထိ ရုံးတံဆိပ်များ၊ ယခင်လုပ်ပိုင်ခွင့်များကို အသုံးချ၍ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း ပဲခူးမြို့နယ် သာယာအေးကျေးရွာ အုပ်စုမှ ရပ်မိ/ရပ်ဖတစ်ဦးဖြစ်သူ ဦးထွန်းထွန်းက ပြောသည်။

အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ ပြုလုပ်ရာတွင် အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်မှုအားနည်းခြင်း၊ အများပြည်သူ အားလပ်သည့်အချိန်တွင် ကျင်းပမှုမရှိခြင်း စသည့်ချို့ယွင်းအားနည်းမှုများ ရှိနေသည်။

ဟင်္သာတမြို့ ပျဉ်းမချောင်း ရပ်ကွက်တွင် နေထိုင်သူ ကိုအောင်မင်းက “လက်ရှိဥက္ကဋ္ဌက မဲပေးဖို့ တစ်အိမ်တစ်ယောက် ခေါ်တဲ့နေရာမှာ ဘယ်အချိန်ဆိုတာ ပြောမသွားဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက လူတွေက နံနက် ၈ နာရီခွဲ လောက်လာတော့ အများစုက လယ်ထဲကိုင်းထဲ ဆင်းတဲ့အချိန် ဖြစ်နေတယ်” ဟု ပြောသည်။

အုပ်ချုပ်ရေးမှူးများကို ဥပဒေအတိုင်း အသစ်ပြန်လည်ရွေးချယ်ရာတွင်လည်း ကြီးကြပ်ရေးကော်မရှင်ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ တိုက်ရိုက်ခန့်အပ်ပိုင်ခွင့် ရှိသော်လည်း အချို့ဒေသများတွင် အများပြည်သူက ရွေးချယ်တင်မြှောက်သည့်စနစ်ကို ကျင့်သုံးခြင်းများရှိသည်။

“ကျွန်တော်ကတော့ ကြီးကြပ်ရေးအဖွဲ့တွေကို ရပ်ကွက်နေ ပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရွေးချယ်ချင်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ မရွေးဘဲ မဲစနစ်နဲ့ ရွေးချယ်ခဲ့တာပါ။ သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်ကို ကျွန်တော်တို့ထက် ရပ်ကွက်ထဲက ပြည်သူတွေ ပိုသိပါတယ်” ဟု ဟင်္သာတ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက ပြောသည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူး ဥပဒေ၊ နည်းဥပဒေများကို ပြည်သူအများစုက သိရှိခြင်း မရှိပေ။
“ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေမသိရလို့ ဘယ်လို ဥပဒေနဲ့ တင်မြှောက်သလဲဆိုတာ ရွာသူရွာသားတွေ မသိကြပါဘူး။ အခု ရွေးမယ့်အုပ်ချုပ်ရေးမှူးက ပြည်သူ့ဆန္ဒနဲ့အညီ တင်မြှောက်မယ်တော့ကြားတယ်။ စောင့်ကြည့်ရဦးမယ်” ဟု မုံရွာမြို့ လယ်တီရပ်ကွက်မှဦးစန်းက ပြောသည်။

အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ပြည်သူလူထုက ဥပဒေနှင့် နည်းဥပဒေများကို မသိရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥပဒေများကို ပြည်သူလူထုထံ ဖြန့်ဝေထားပြီး ဥပဒေချိုးဖောက်မှုများကို မိမိတို့ပါတီက စောင့်ကြည့်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကပြောသည်။

မန္တလေးမြို့တွင် နေထိုင်သူတစ်ဦးက “ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမျိုးသားပဲလုပ်လုပ်၊ အမျိုးသမီးပဲလုပ်လုပ် ဘာမှမကွာပါဘူး။
အရေးကြီးတာ စေတနာပါဖို့ပဲ။ အထက်ကိုလည်း ပြောရဲဆိုရဲ ရှိရမယ်။ ရပ်ကွက်ကလူတွေရဲ့ အကျိုးကိုကြည့်ရမယ်” ဟု ဆိုသည်။

“ရပ်ကွက်ထဲမှာ မူးဆူနေတာတို့ ညကြီး အချိန်မတော် ဆောင်းဘောက်နဲ့ သီချင်းတွေဖွင့်နေတာတို့ကိုပါ လာပြောပေးတဲ့သူ ဖြစ်စေချင်တယ်။ အိမ်အရောင်းအ၀ယ် စာချုပ်ချုပ်မှာသက်သေလက်မှတ်ထိုးပေးပြီး အလှူခံတာမျိုး ပိုက်ဆံရှိတဲ့ သူဌေးတွေ မျက်နှာကြည့်ပြီး အကြွေးတောင်း ပေးတာမျိုးတွေပဲ လုပ်တတ်တဲ့ အုပ်ချုပ်ရေးမှူးတွေ မလိုချင်ဘူး” ဟု အမရပူရမြို့မှ ရက်ကန်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အစိုးရသစ်လက်ထက်တွင် ယခင်က ပြုလုပ်ခဲ့ဖူးခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို အများပြည်သူမှ တင်မြှောက်သည့် စနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်လိုက်သည့် အုပ်ချုပ်ရေးမှူးများသည် ပြည်သူအကျိုးကို ဆောင်ရွက်လိုသူများသာ ဖြစ်စေလိုကြောင်း ပြည်သူများက ဆိုသည်။

ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာအုပ်စု တစ်ခုတွင် အများကြည်ညိုလေးစားသူငါးဦးကို ကြီးကြပ်ရေးအဖွဲ့ အဖြစ် တာဝန်ပေးအပ်ရသည်။

ကြီးကြပ်ရေးအဖွဲ့မှ ပြုစုထားသော အိမ်ခြေစာရင်းအလိုက် ဆယ်အိမ်စုတစ်စုလျှင် ကိုယ်စားလှယ်တစ်ဦးစီကို ရပ်ကွက်နေ ၁၈ နှစ် ပြည့်ပြီးသူအားလုံးက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ပေးရမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ဆယ်အိမ်စု ကိုယ်စားလှယ်များထဲမှ တစ်ဦးကို အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။

ရွေးချယ်ခံရသူအား မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူးသို့ တင်ပြပြီး ၎င်း၏ အတည်ပြုမှုဖြင့် ခန့်အပ်ရမည် ဖြစ်သည်။
အဆိုပါ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အမျိုးသမီးများ ပါဝင်ရွေးချယ်ခံခွင့် ရှိသော်လည်း ၀င်ရောက်အရွေးခံမှု မရှိသလောက်
ဖြစ်နေပြီး နယ်မြို့အချို့တွင် ဒေသခံများက အမျိုးသမီးများဝင် ရောက်အရွေးခံမှုကို မလိုလားကြောင်း သိရသည်။

“တကယ်လို့ အမျိုးသမီးတစ်ယောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ရင် ညအချိန်မတော် အမှုအခင်းတွေအတွက် လိုက်ရရင် အမျိုးသားတွေကြားမှာဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းမှာ အမျိုးသားတွေပဲ တာဝန်ယူတာများတယ်လေ” ဟု
ဟင်္သာတမြို့နယ် ပျဉ်းမချောင်းရပ်ကွက်တွင် နေထိုင်သူ ဦးမန်းရွှေက ဆိုသည်။

အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ “နည်းဥပဒေ၊ ဥပဒေတွေက မည်သို့ဆိုစေကာမူ ကိုယ်ခန့်ချင်တဲ့သူကို မခန့်ခန့်ဖြစ်အောင်လို့ အကြံအဖန်တွေလုပ်ကြမယ်ဆိုရင် ဘယ်လိုမှ တကယ့်စစ်မှန်တဲ့ ပြည်သူလူထုကို အကျိုးပြုတဲ့ အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ ပြည်သူလူထု အကျိုးပေါ်မှာ တကယ်ပြောင်းလဲ တိုးတက်လာမှာ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်” ဟု ဦးအုန်းကြိုင်ကဆိုသည်။

လက်ရှိကာလတွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုများ ထင်ရှားစွာ ဖြစ်ပေါ်နေသော်လည်း အောက်ခြေအုပ်ချုပ်ရေးအဖွဲ့များအတွင်း ခေါက်ရိုးကျိုးအလေ့အထများကို ပြုပြင်ရန်အတွက် အခြေခံအကျဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းများကို လူထုဆန္ဒဖြင့် ရွေးချယ်ခန့်အပ်ရန် စီစဉ်လာခြင်းသည် အမှန်တကယ်ပင် ပြောင်းလဲခြင်း၏ ခြေလှမ်းအစ ဖြစ်၊ မဖြစ်ကို ပြည်သူလူထုကပင် စောင့်ကြည့်ရမည်ဖြစ်သည်။

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အရည်အချင်းများ
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း။
(ခ) အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ခြင်း။
(ဂ) သင့်တင့်သော ပညာအရည်အချင်းရှိသူဖြစ်ခြင်း။
(ဃ) စားဝတ်နေရေး ဖူလုံမှုရှိသူဖြစ်ခြင်း။
(င) သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး ဆယ်နှစ်နေထိုင်လျက်ရှိသူဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုတွင် အမှန်တကယ် နေထိုင်မည့်သူဖြစ်ခြင်း။
(စ) ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း။
(ဆ) ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့်တာဝန်ကို ထမ်းဆောင် နိုင်စွမ်းရှိသူဖြစ်ခြင်း။
(ဇ) နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏ အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း။
(ဈ) အတူနေမိသားစုဝင်များသည်လည်း အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်ခြင်း။
(ည) တာဝန်ထမ်းဆောင်ဆဲ အစိုးရ၀န်ထမ်းမဟုတ်ခြင်း။
(ဋ) လက်နက်ကိုင်အဖွဲ့အစည်းဝင် မဟုတ်ခြင်း၊ မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူမဟုတ်ခြင်း။

7 Day News သတင်းအဖွဲ့  - 7Day News Journal

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့