Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 3 December 2012

မေးခွန်းထုတ်စရာဖြစ်နေသော လက်ပံတောင်းတောင် ပဋိပက္ခ ဖြေရှင်းမှု

လက်ပံ တောင်းတောင် ကိစ္စ ကြားရ ၊မြင်ရတာ တွေကတော့ ၀မ်းနည်း ရမှာလား ၊ ရင်နင့် ရမှာလား ၊ ရင်နာ ရမှာလား ၊ ဒေါသဖြစ်ရ မှာလား မသိတော့ ။ လူတစ် ဦး တစ်ယောက် အနေဖြင့် ခံစားချက် ပေါင်းစုံကို တစ်ပြိုင်နက် ခံစားလိုက် ရသည်မှာ မည်သို့မည်ပုံ မည်သည့် စကားလုံးဖြင့် ဖော်ပြရ မည်မှန်း ပင်မသိတော့ ။ ၀မ်းနည်းမှုများကို ရင်နင့်စွာ ခံစားရပြီး ရင်နာနာဖြင့် ဒေါသ ဖြစ်ရပါသည် ဟုပင် ဆိုရချေ တော့မည် ။ ဒီလိုဖြစ်လာနိုင်သည် တို့ကို ဒီလိုမဖြစ်လာစေလို ၍ ပြည်သူတစ်ဦး တစ်ယောက်အနေဖြင့် စတုတ္ထ မဏ္ဍိုင်မှ ကြိုတင် တင်ပြ ရေးသားပြောဆို ခဲ့ပါလျက်တည့်တည့် ဆိုက်ဆိုက် ၀င်တိုက်လာ သည်ကား ဆိုးလွန်း လှပါသည် ။

၂၇.၁၁.၂၀၁၂(အင်္ဂါနေ့)ထုတ် ကြေးမုံ သတင်းစာတွင် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည် ။ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ICG (နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့)၏ ငြိမ်းချမ်းရေးဆုကို ဘရာဇီး သမ္မတဟောင်း လူးဝစ်-လူစီယို-လူလာ-ဒါ-ဆေးလ်ဗား နှင့်အတူလက်ခံရရှိကြောင်း ၊ ထိုဆုပေးအပ်ချီးမြှင့်ပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဧပြီလ(၂၂)ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပ၍ ဆုပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည့် သတင်းဖြစ် ပါသည် ။ “ ထိုဆုသည် နိုင်ငံတကာအဖွဲ့ပေါင်းစုံက ထောက်ခံ ထားသော ICG ကပေးအပ်သည့်ဆုဖြစ်၍ ကမ္ဘာတွင် နိုဗဲလ်ဆုပြီးလျှင် သြဇာအကြီးဆုံးဆုတစ်ခု ဖြစ်ကြောင်း ၊အဆိုပါဆုအား သိန်းပေါင်းများစွာသော လူ့ဘ၀များကိုအသွင်ပြောင်းစေသော အမြင်ကျယ်သည့် ခေါင်းဆောင်မှုနှင့် ပဋိပက္ခများကိုပြီးဆုံးရေးအတွက် လုပ်ဆောင်ပေးသောအစိုးရနှင့် ပြည်သူ့ရေးရာမူဝါဒတို့မှ အဓိကပုဂ္ဂိုလ်များကိုဂုဏ်ပြု သည့် ဆုဖြစ်ကြောင်း” ကိုလည်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ပြောကြားချက်အရ ဗဟုဿုတဖြစ်ဖွယ် သိရှိမှတ်သားလိုက်ရ ပါသည် ။ “


ထိုနေ့ည(၈)နာရီသတင်းတွင်ပင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ ဖွင့်လှစ်ထားသည့် သပိတ်စခန်းများ ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် နှင့် ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာသွားသည်။ အကြောင်းပြချက်မှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ လူနေမှု ဘ၀၊ နိုင်ငံအကျိုးစီးပွားတို့ ရေတိုရေရှည်ထိခိုက်မှု အကျိုးရှိခြင်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းစစ်ဆေးမည်ဟုဖေါ်ပြပြီး ယင်းသို့စစ်ဆေးနိုင်ရန်အလို့ငှာ စီမံကိန်းပုံမှန်လည်ပတ်နေမှသာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း နှင့် သပိတ်စခန်းများဖွင့်လှစ်ထားပါက စစ်ဆေးခြင်း မပြုနိုင်ဟုအကြောင်းပြလျက် ကြေငြာချက်ထုတ်ပြန်ခြင်းဖြစ်သည်။ “ဘယ်လိုဖြစ် တာပါလိမ့် ၊ သည်လိုမဖြစ်ရဘူးလေ ”ဟူသော အတွေးများ ၀င်လာပါသည် ။ သို့နှင့်ပင် လက်ပံတောင်းတောင် သတင်းများကို မျက်ခြည် မပြတ်လေ့လာကြည့်နေမိခဲ့ပါသည် ။ Weekly Eleven , The Voice news journal ,  စသည့် ပြည်တွင်းထုတ်သတင်းဂျာနယ်တို့၏ အင်တာနက် စာမျက်နှာများကိုသာမက နိုင်ငံတကာ အင်တာနက် စာမျက်နှာများပေါ်မှ မထတမ်း လေ့လာစောင့်ကြည့်နေခဲ့ပါသည် ။

စာရေးသူကိုယ်တိုင် ၂၀၁၂ အောက်တိုဘာလ ၂၁ရက် (တနင်္ဂနွေနေ့)ထုတ် Messenger News  Journal တွင် “ အစိုးရ စီမံကိန်းတွေကို ပြည်သူတွေက သဘောမတူဘူး ဆိုရင် ” ဟူသော ဆောင်းပါးဖြင့် လက်ပံတောင်း တောင် ကြေးနီစီမံကိန်းနှင့် ပတ်သက် သော ပြဿနာများသည် မည်သည့်အတွက်ကြောင့် ပေါ်ပေါက်လာရသည် ဆိုသည့်အချက်များကို တင်ပြလျက် ၊ မည်သို့လုပ်ဆောင် မည် ဆိုသည်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မေးခွန်းများထုတ်ခဲ့ပြီးဖြစ်ပါသည် ၊ အခြေအနေဆိုးတစ်ရပ်ကို မဖြစ်လာပါစေနှင့် ဟု ဆန္ဒပြုဆုတောင်းရင်း နေ့ရက်များကို ဖြတ်သန်းခဲ့ရာ စာရေးသူ စိုးရိမ်ပူပန်ခဲ့သည့် အကြောင်းခြင်းရာများကတော့ မလွဲမရှောင်သာ ဖြစ် လာခဲ့ပြီဖြစ်ပါသည် ။

စာရေးသူသည် အစိုးရ၏ လုပ်ဆောင်ချက်မှန်သမျှ မျက်စေ့စုံမှတ်၍ မကောင်းပြောကြ ၊ ဆန့်ကျင်ကြ ဟူသော သဘောထား ကို လက်ကိုင်ထားသူတစ်ယောက် မဟုတ်ကြောင်းကို စာရေးသူ၏ ဆောင်းပါးကို ဖတ်မိကြသူတိုင်း သိနိုင်ကြမည်ဖြစ်ပါသည် ။ သို့သော် ယခုဖြစ်ရပ်တွင်မူ အစိုးရ၏ လုပ်ဆောင်ချက် များစွာမှားယွင်းသည် ဟု ပြတ်ပြတ်သားသားပြောလိုပါသည် ။ ကြေးနီတောင်စီမံကိန်း အား ဆက်လုပ်မည်၊ မလုပ်မည် ဆိုသည့်ကိစ္စကို ပြောခြင်းမဟုတ်ပါ ။ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံ မှားယွင်းခြင်းကို ပြောခြင်းဖြစ်ပါသည် ။ လောလောလတ်လတ်တွင်ပင် ICG (နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့)၏ ငြိမ်းချမ်းရေးဆုကို ပူပူနွေးနွေးပေးအပ်ခြင်းခံထားရသည့် သမ္မတတစ်ဦး အနေဖြင့် ဤသို့သောနည်းဖြင့် ဖြေရှင်းသည်ဆိုခြင်းမှာ (ရွှေဖော့ရိုးဖြင့် ဆုံးမပါ ဟု ခိုင်းသည်ကို ၀ါးရင်းတုတ်ဖြင့် လည်မျို ကိုရိုက်၍ ဆုံးမလိုက်ကြခြင်းသာ ဖြစ်ပါသည်ဟု ထမင်းရည်ပူလာ လျှာလွှဲသည့် စကားမျိုးပြောရန် မရှိခဲ့လျှင်) အလွန်ဆိုးရွားလှသော ပဋိပက္ခဖြေရှင်းနည်းဖြစ်သည် ဟု ပြောလိုပါသည် ။ အကြံပေးပုဂ္ဂိုလ်များ များစွာရှိသော သမ္မတကြီးတစ်ဦး ၊ သမ္မတရုံးဝန်ကြီး (၆)ဦးထား ရှိ၍ နိုင်ငံတာဝန်များကို ထမ်းဆောင်နေ သော သမ္မတကြီးတစ်ဦးအနေဖြင့် အဘယ့်ကြောင့် ဤသို့ လက်လွတ်စပယ် လုပ်ဆောင်ခဲ့ ရသည် ဆိုသည်ကို နားမလည်နိုင်အောင်ဖြစ်ရပါသည် ။


စာရေးသူသည် ယခင်ဆောင်းပါးတွင် “လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက စနေပြီ။ လက်ပံတောင်းတောင်ကြီး မကြာမီ ကွယ်ပျောက်သွားတော့မည်၊ တောင် များပျောက်လျှင် ရာသီဥတုဖောက်ပြန်မည့် အန္တရာယ်ကိုကြုံတွေ့ရမည်။ လက်ပံတောင်း တောင် သည် မြန်မာတွင်မက ကမ္ဘာတွင်ပါ ကျော်ကြားသော (D.litt) ဘွဲ့ရ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံး ကျမ်းပြုခဲ့သည့် နေရာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သာသနာ့သမိုင်းဝင်နေရာတစ်နေရာ ကွယ်ပျောက်သွားတော့မည်။ ဤစီမံကိန်းများကြောင့်ပတ်ဝန်း ကျင် လယ်ယာမြေများ မြေဆီလွှာ ပျက်စီးမှုများဖြစ်ပေါ်လာလိမ့်မည်၊ အနီးဝန်းကျင်ရွာများမှ မြေအောက်ရေများသည် သောက်သုံးရန် မသင့်တော့သည့် အန္တရာယ် ရှိလာနေသည်။ ချင်းတွင်းမြစ်ရေစတင် ပျက်စီးနေပြီ ထိုမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့စီးဝင်ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်ပြားမှုကို ရင်ဆိုင်ရနိုင်သည်။ ယခု လောလောဆယ်တွင် ဒေသခံတောင်သူလယ်သမား များ၏ဘဝများ များစွာထိခိုက် နစ်နာနေရပါသည် ဆိုသော အသံတွေ ပွက်ထွက်လာပြန်ပါသည်။ ပြည်သူကို ကိုယ်စားမပြုတဲ့ အစိုးရအဖွဲ့တစ်ဖွဲ့ လုပ်ခဲ့သမျှ ပြည်သူ တွေ ခေါင်းငုံ့ခံနေရတာတန်ရဲ့လား ဟူသော မေးခွန်းများ ကလည်း ပွက်ထနေပါပြီ။ ဤသို့သော အကြောင်းတရားများ အဘယ်ကြောင့် ပေါ်ပေါက်လာရပါသနည်း။ အဘယ်ကြောင့်ပြည်သူတို့က ဆန္ဒထုတ်ဖော်နေကြရပါသနည်း။ ”ဟုတင်ပြရေးသားခဲ့ပါသည်။


စီမံကိန်းတစ်ခု၏ သဘောသဘာဝတွင် ဒေသခံ များမှာ အနည်းနှင့်အများ ထိခိုက်နစ်နာကြရပါသည်။ မိမိတို့ နေထိုင်ကျက်စား ရာ အသားကျပြီးဖြစ်နေသည့် အိုးအိမ်များအားစွန့်ခွာပေးကြရပါသည်။မိဘဘိုးဘေးတို့ ခေါင်းချရာ ဇာတိရပ်ရွာကို စွန့်ခွာပေးကြရပါသည် ။  မိမိတို့ဓားမဦးချ လုပ်ကိုင်စားသောက်နေရသည့် လယ်ယာမြေများအား စွန့်လွှတ်ပေးကြရပါသည်။ ထိုသို့ အနစ်နာခံပေးဆပ်ကြ  ရသူများအား“လျော်ကြေးပေးပြီး ဖြစ်ပါသည်”ဟူသော စကားတစ်ရပ်ဖြင့်မျက်နှာလွှဲခဲပစ်လုပ်သည့် သဘောထားများမှာ မည်သို့မျှလက်ခံ နိုင်ဖွယ်မရှိပါ။ ထိုသူများအား လူနေမှုအဖွဲ့အစည်းအသစ် (ကျေးရွာ၊ အိုးအိမ်၊ စာသင်ခန်း၊ လမ်းပန်းဆက်သွယ်မှု၊သောက်သုံးရေ ဖြည့် ဆည်း ပေးမှု၊ စွမ်းအင်ဖြည့်ဆည်းပေးမှု စသည်) ကို အပြည့်အဝ တာဝန်ယူ ဖန်တီးပေးရပါမည်။ ထိုသို့ ဒေသခံပြည်သူများအား လူနေမှု ဘဝပြန်လည် တည်ဆောက်ပေးရာတွင် ငွေကြေးမည်မျှ ကျခံသုံးစွဲပေးမည်၊ မူလကထက် ပိုမိုကောင်းမွန်သော ဘဝကိုရရှိစေ မည်ဟူ သော တာဝန်ခံမှုများကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်း ကြရပါမည်။ ထို့အပြင် သတ္တုတူးဖော်ခြင်းကဲ့သို့သော စီမံကိန်း နယ်မြေတွင် ကျန်းမာ ရေးစစ်ဆေးစောင့်ရှောက်မှုအတွက် ပစ္စည်းကိရိယာဆေးဝါး အပြည့်အစုံနှင့် ကျန်းမာရေး စီမံချက်များ ရေးဆွဲထားပြီး ပြည်သူ့ဆေးရုံ ဆေးပေးခန်းများကိုလည်း တည်ဆောက်ပေးရပါမည်။ ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကိုလည်း အနည်းဆုံး ဖြစ်စေရန်နှင့် မည်သို့ပြန်လည် ဖြည့်ဆည်းဆောင်ရွက်မည်ဆိုသော စီမံချက်များကို သဘာဝပတ်ဝန်းကျင်ပညာရှင်များနှင့် ပွင့်လင်း စွာ ညှိနှိုင်းဆွေးနွေးလျက် စီမံကိန်းချလုပ်ဆောင်ရပါမည်။ ထို့ပြင် ထိုစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ နှစ်အလိုက်ရရှိနိုင်သည့်အကျိုး  အမြတ်ခန့်မှန်းချက်တို့ကို ထုတ်ပြန်ကြေညာပြီး၊ ထိုသို့ရရှိလာသည့် အကျိုးအမြတ်များအား ထိုဒေသဖွံ့ဖြိုးရေးအတွက် မည်မျှ ခွဲဝေသုံးစွဲ မည်ဆိုသည်ကိုပါ ပွင့်လင်းစွာ ထုတ်ပြန်ပေးသင့်ပါသည်” ဟူ၍လည်း တင်ပြခဲ့ပါသည်။


ပြည်သူ့အသံကို နားထောင်မည်ဟု အစဉ်တစိုက်ပြောဆိုနေခဲ့ကြသော ပုဂ္ဂိုလ်ကြီးများသည် အဘယ်ကြောင့် ထိုပြည်သူများထံ အရောက်သွား၍ ဆွေးနွေးမေးမြန်း ညှိနှိုင်းဆောင်ရွက်ခြင်း မရှိသည်ဆိုသည်ကို နားမလည်နိုင်အောင်ဖြစ်မိရသည် ။ ဤစီမံကိန်းကိုမဖြစ် မနေ ဆက်လက်လုပ်မှ ဖြစ်ပါမည်ဟုဆိုလျှင် ကာယကံရှင်များနှင့် မဖြစ်မနေတွေ့ဆုံညှိနှိုင်းရမည် မဟုတ်ပါလော ။ပြေလည်အောင်ညှိနှိုင်း ရမည် မဟုတ်ပါလော ။ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၏ လွှတ်တော်တွင် ဖြေရှင်းပြောကြားချက်များကိုလည်းနားထောင် မှတ်သားလိုက်ရ ပါသည်။လက်ပံ တောင်းတောင်စီမံကိန်းကို မည်သည့်ကုမ္ပဏီများနှင့်မည်သို့အကျိုးတူလုပ်ဆောင်ထားသည်၊ပြည်သူများကိုမည်သို့နစ်နာ ကြေးပေး ထားသည် ၊ ထိုစီမံကိန်းရပ်စဲထားရ၍ ကုမ္ပဏီများ မည်မျှ နစ်နာဆုံးရှုံးနေရသဖြင့် စီမံကိန်းကို ဆက်လုပ်မည်ဆိုသည် အချက် များကိုသာ ဇောင်းပေးပြောသွားသည် ။ ပြည်သူများနှင့် မည်ကဲ့သို့ညှိနှိုင်းဆွေးနွေး၍ ဆက်လက်လုပ်ဆောင်သွားမည်ဟူသောအချက် တစ်ချက်မျှ ပါမလာပါ ။ စာရေးသူသည် မည်သည့်အစိုးရတက်လာလာ တိုင်းပြည်၏ ဘဏ္ဍာရေး တောင့်တင်းခိုင်မာရေးအတွက် စီမံ ကိန်းများကို မလွဲမသွေချမှတ်ဆောင်ရွက်ရမည်သာ ဖြစ်သည် ဆိုသည်ကို အပြည့်အ၀လက်ခံထားပါသည် ။ယခုလည်း ဤစီမံကိန်းကို ဆက်မလုပ်ရန် ပြောဆိုတင်ပြ ကန့်ကွက်နေသည်မဟုတ်ပါ ။ ပြည်သူများ၏ လိုအပ်ချက်ကို ကြည့်၍ ထိုလိုအပ်ချက်များအား ညှိနှိုင်း ဖြည့်ဆည်းရန် ပြောနေခြင်းသာဖြစ်ပါသည် ။


၂၂..၁၁.၂၀၁၂တွင် Mirror သတင်းစာမှ သတင်းတစ်ပုဒ်ကို အလျဉ်းသင့်၍ ဖော်ပြလိုပါသည် ။ ယခုကြေးနီတောင်စီမံကိန်းကို မဖြစ်မနေဆက်လက်လုပ်ကိုင်မည့် Wan Bao ကုမ္ပဏီကြီး၏ မိခင်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ အရှေ့ပိုင်း ဇီဂျောင်ပြည်နယ်တွင် ဘူတာ ရုံသို့ဖောက်လုပ်ထားသည့်ကားလမ်းမကြီးအလည်မှအိမ်အိုဟောင်းကြီးကိုဖယ်ရှားပေးရန်လမ်းတံတားနှင့်ဆောက်လုပ်ရေးဌာနမှတောင်း ဆိုခဲ့ရာအိမ်ရှင်က ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ကြောင်း ယင်းအိမ်ဖယ်ရှားပေးရန် ပေးအပ်သောလျော်ကြေးသည် မြေနေရာအသစ် ၀ယ်ယူ ပြီး အိမ်သစ်တစ်လုံးဆောက်လုပ်ရန် လုံလောက်မှုမရှိသောကြောင့် ဤကဲ့သို့ငြင်းဆိုရခြင်းဖြစ်ကြောင်း အိမ်ပိုင်ရှင် ဇောင်လင်းက Mirror သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်ကို ဖတ်လိုက်ရပါသည်။ ဤသတင်းကို ဖတ်မိကာမှ“သြော် -ဖြစ်မှဖြစ်ရလေ၊ သူတို့ နေရာ သူတို့ဌာနမှာတော့ ဒီလို ၊ ဒို့တိုင်းပြည် ဒို့ဌာနမှာတော့ဒီပုံပါလားဟု တွေး၍ စိတ်ထဲတစ်နုံ့နုံ့ဖြစ်လာရပါသည် ။


ဤနေရာတွင်ပြောစရာအချက်ရှိလာပါသည် ။ ၀န်ကြီး ဦးအောင်မင်း ထိုပဋိပက္ခဖြစ်ရာနေရာသို့ သွားရောက်ခဲ့ရာမှ ထွက်ပေါ် လာသည့် သတင်းဖြစ်ပါသည် ။ “မြန်မာအစိုးရသည် တရုတ်အစိုးရအား ကြောက်နေရပါသည် ”ဟု ဦးအောင်မင်း ကပြောခဲ့သည်ဆိုသည် နှင့်ပတ်သက် ၍ အတော်ပင် ပွက်လောရိုက်သွားခဲ့ပါသည် ။ စာရေးသူ အနေဖြင့်လည်း အတော်ပင် စိတ်ဆင်းရဲသွားမိပါသည် ။ အဘယ် ကြောင့်ဆိုသော် ၀န်ကြီးဦးအောင်မင်းအား အတော်ပင် “ထင်”ထားမိသောကြောင့်ဖြစ်ပါသည် ။ ကချင်ပြည်နယ်ပဋိပက္ခပြေလည်စေရေး အတွက် KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ရွှေလီသို့သွားသော ပြည်တွင်ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ၏ ခေါင်းဆောင် တစ်ဦး၊ နောက်ထပ်တစ်ဖန် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဆွေးနွေးသွားမည်ဟုပြောဆိုထားသည့်သံတမန်တစ်ဦးအနေဖြင့် ၀ါစာလင်္ကာရ ၀ါစာသိလိဌ အရည်အချင်းပြည့်ဝလိမ့်မည်ဟု ထင်ထားမိခဲ့ရာ “ ထင်သာထင် မ၀င်ဘူး ကျောင်းအမ” ဟူသကဲ့သို့ လူထူကာမှ အရှက်ခွဲ တော့သောကြောင့်သည်။ “သွားတမန် ၊ ပြန်ရှေ့နေ” ဟူသော ထုံးတမ်းဓလေ့ကိုပင် မကျင့်သုံးနိုင်သော ဤသို့သောပုဂ္ဂိုလ်က ဦးဆောင် ၍ ကချင်ပြည်နယ်အတွက် ငြိမ်းချမ်းရေးထပ်မံဆွေးနွေးဦးမည်ဆိုသည်မှာ တွေးပင်မတွေးရဲတော့ပေ ။


သမ္မတကြီး၏ အစိုးရအဖွဲ့သည်ကား သူ့ထက်သူ လူစွမ်းကောင်းတွေများလှစွာ၏ ။ လျပ်စစ်စွမ်းအားတွေ မြန်မာပြည်မှာ ပိုလျှံ နေ၍ နိုင်ငံခြားသို့ရောင်းစားနေရပါသည် ဟုပြောခဲ့သော လျပ်စစ်စွမ်းအားဝန်ကြီး ။ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးတာ ပြည်သူတွေ ရူးနေလို့ပေါ့ ဟု ပြောသော ပါတီဗဟိုအလုပ်အမှုဆောင် ၊ လွှတ်တော်ကိုယ်စားလှယ် နှင့် မြို့တော်ဝန်ဟောင်း ၊ ပြန်ကြားရေးဝန်ကြီးဌာန ကို ကမ္ဘာကလေးစားစရာ ဖြစ်အောင် လုပ်ခဲ့တယ် ဟု ဆိုခဲ့သော ပြန်ကြားရေး ၀န်ကြီး ၊ လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်းပြိး ဆန္ဒ ထွက်ပြမယ့်အစား အိမ်မှာ အဲဒီဖယောင်းတိုင်ထွန်းပြီးနေရင် အလင်းရောင် ရတာပေါ့ ဟု အကြံပြုခဲ့သော နိုင်ငံတော်သမ္မတ၏ အကြံပေး ပုဂ္ဂိုလ် ၊ “ကျွန်တော်တို့ကလည်း တရုတ်ကိုကြောက်နေ ရတာပါ” ဟု ရင်ဖွင့်ခဲ့သော ၀န်ကြီး တို့ဖြင့် ၀န်းရံဖွဲ့စည်းထသော သမ္မတ ၏ အစိုးရအဖွဲ့အစည်းအသိုင်းအ၀ိုင်းသည်ကား အတော်ပင် သိုက်မြိုက် စည်ကားလှပါချေသည် ။


ယခုလည်းလာပြန်ပါချေပြီ ။ လက်ပံတောင်းတောင် သပိတ်စခန်းများမှ သပိတ်မှောက်သူတွေကို ရေပိုက်နှင့်ထိုး၍ လူစုခွဲသည် ဟုဆို၏ ၊ လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးပစ်၍ လူစုခွဲပါသည် ဟုဆို၏။ မျက်ရည်ယိုဗုံးအပစ်ခံရသည့် သံဃာတော်များ နှင့် လူပုဂ္ဂိုလ်များ သည် မျက်နှာနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းတို့တွင် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံရောက်သွားကြသည်ဟု သတင်းများကဆို၏ ။ မိမိ ကိုယ်တိုင်၏ မျက်မြင်တွင် မျက်နှာ ၊ ကိုယ်လက်အင်္ဂါတို့တွင် လောင်ကျွမ်းဒဏ်ရာများဆိုးဆိုးရွားရွားရထားသော ရဟန်းသံဃာမျာကို အင်တာနက်သတင်း ဓါတ်ပုံများတွင်မြင်ရ၏ ၊ ဓါတုဗေဒဌာန အငြိမ်းစာပါမောက္ခ ဒေါက်တာခင်မောင်ညိုက အသုံးပြုခဲ့သောဗုံးများတွင် ဓါတု ပစ္စည်းပါ၍ ဖြစ်နိုင်သည် ဟု သုံးသပ်၏ ၊ မုံရွာဆေးရုံမှ တာဝန်ကျဆရာဝန်က ဖော့စဖရပ်ပါဝင်သည် ဟု ထင်မြင်ချက်ပေးခဲ့သည် ။ တာဝန်ရှိသူတို့က မည်သည့်ဓါတုပစ္စည်းမှ မပါပါဟု ငြင်းဆိုကြကြောင်းသတင်းများတွင်ဖတ်ရ၏။ သက်ဆိုင် ရာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တို့ ၏စကား(မျက်ရည်ယိုဗုံးကိုသာအသုံးပြုခဲ့သည်ဆိုခြင်းမှာ) အမှန်ဟုဆိုပါက ၊ ထိုသို့ ဆေးရုံရောက်လာကြ သော ရဟန်းရှင်လူတို့၏ ရရှိ ထားသော ဒဏ်ရာတို့သည် “ အတုပြုလုပ်ထားချက်များ (make up )” ဖြစ်ရပေလိမ့်မည် ။ သို့တည်းမဟုတ် ထိုရဟန်းရှင်လူတို့သည် ကမ္ဘာ့ အလည်တွင် နိုင်ငံတော် အစိုးရအား မျက်နှာမပျက် ပျက်အောင် ၊ အရှက်မရ ရစေအောင် ၊ အပြစ်မတင် တင်ရအောင် မိမိတို့၏ မျက်နှာနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း တို့ ကို မိမိတို့ကိုယ်တိုင် လောင်မီးချ၍ ဆေးရုံသို့လာကြဟန်တူပေသည် ။


နိုင်ငံတော်စီမံကိန်းများဟူသည်မှာ အစိုးရ၏ အဓိကအသက်သွေးကြောဖြစ်ပါသည် ။ ဤအချက်ကိုအငြင်းမထွက်ပါ ။ သို့သော် ဒီမိုကရေစီနိုင်ငံတွင် အစိုးရဟူသည် ပြည်သူ၏ အစိုးရဖြစ်ပါသည် ။ ဦးပိုင်ကုမ္ပဏီ၏ အစိုးရမဟုတ်ပါ ။ ၀မ်ပေါင်ကုမ္ပဏီ၏ အစိုးရ မဟုတ် ပါ ။ တစ်စု တစ်ဖွဲ့၏ အစိုးရမဟုတ်ပါ ။ သို့ဖြစ်ပါလျက် ပြည်သူကို မငဲ့သော အစိုးရသည် မည်ကဲ့သို့သောအစိုးရမျိုးဖြစ်ပါသနည်း၊ပြည်သူ နှင့်ညှိနှိုင်း ဆောင်ရွက်ခြင်းမပြုဘဲ တစ်ဆိတ်ရှိ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနေတတ်သော အစိုးရသည် မည်သို့သော အစိုးရမျိုးနည်း ။ ရခိုင် ပြည်နယ်တွင် မီးရှို့ခြင်းများပြုလုပ်ခြင်း ၊ တိုက်ခိုက်သတ်ဖြတ်ကြခြင်းတို့ကြောင့်  ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်ကိုလိုလိုလားလားထောက်ခံ ခဲ့ပါ၏ ။ ဤလက်ပံတောင်းတောင်အရေးကိစ္စတွင် သပိတ်မှောက်သူတို့က မည်သည့်ပစ္စည်းကိရိယာတို့ကိုဖျက်ဆီးခဲ့ပါသနည်း။မည်သည့် တာဝန်ရှိသူတို့အားတိုက်ခိုက်ပါသနည်း ။ ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အဘယ်ကြောင့် ဤသို့ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာစေရပါ သနည်း ။ ၀မ်ပေါင်ကုမ္ပဏီ ထိခိုက်နစ်နာနေ၍ ဖိအားပေးလာသောကြောင့် ပြည်သူများအား လက်ရဲဇက်ရဲ လုပ်ဆောင်ခြင်းပေလော ။ ဦးပိုင် ကုမ္ပဏီ၏ ဦးစီးဦးကိုင်ပုဂ္ဂိုလ် (God father) ကြီးများက ၀က်အူတင်းလာသောကြောင့် ပြည်သူတို့အား အင်အားသုံးခြင်းလော ။ ဆွေမျိုးပေါက်ဖော်တရုတ်နိုင်ငံကြီးနဖူးကြောတင်းမည်ကိုစိုးရိမ်၍ပြည်သူကိုဖိထောင်းခြင်းပင်လော။


Good Government , Clean Government ဖြစ်ရမည်ဟုကြွေးကြော်ထားသော အစိုးရသည် ဤသို့သောပဋိပက္ခကို ဤသို့ ဖြေရှင်းခြင်းမှာ လွန်စွာမှားယွင်းလှပါသည် ။  နိုင်ငံတကာတွင်လည်း ဤသို့ပင်ဖြစ်ပါသည်ဟုတော့ ဆင်ခြေမပေးကြစေလိုပါ ။ နိုင်ငံတ ကာ လုပ်ထုံးလုပ်နည်းများအရ ရှေးဦးစွာ ငြိမ်းချမ်းစွာလူစုခွဲရန် ကြိုတင်ကြေငြာရမည် ၊ ထို့နောက်တွင် လူစုကွဲစေရန်အတွက် လူစုနည်း လျှင် လုံခြုံရေးအင်အားသုံး၍ လူစုခွဲရမည် ၊ လူစုများလျှင် မီးသတ်ပိုက်ဖြင့် ရေအားသုံး၍ လူစုခွဲရပါမည် ။ ထိုသို့နည်းဖြင့်မှ လူစုမကွဲခဲ့ ပါလျှင် မျက်ရည်ယိုဗုံးသုံးတန်က သုံးရပါမည် ။ ထိုသို့သုံးစွဲသောကြောင့် မူးဝေသောသူ မျက်စေ့ထိခိုက်သူများကို ဆေးရုံဆေးခန်းသို့ ပို့ပေးရန်စီစဉ်ထားရပါမည် ။နေရာတွင်အတင်းအဓမ္မတွယ်ကပ်နေပါကတစ်ဘက်တစ်ချက်စီမှချုပ်ကိုင်ဆွဲယူလျှက် ဝေးရာသို့ ဖယ်ရှားရ ပါမည် ။ ထိုကဲ့သို့သော အဓိကရုဏ်းဖြိုခွဲမှုဆိုင်ရာအချက်အလက်များကို တာဝန်ရှိသူများကကြေကြေညက် ညက် နားလည်သိရှိထားရန် လိုအပ်ပါသည် ။ ထိုသို့ အဓိကရုဏ်းဖြိုခွဲရာတွင်လူများအပြင်းအထန်ထိခိုက်ဒဏ်ရာရခြင်း၊အသက်သေဆုံးခြင်းများဖြစ်ပွားခဲ့ပါက တာဝန် ရှိသူ အဆင့်ဆင့်တို့သည် တာဝန်ယူဖြေရှင်းရပါမည် ၊ မိမိတို့ကိုယ်မိမိတို့တာဝန်ခံရမည် ဖြစ်ပါသည်။


ယခု လူစုခွဲရာတွင် မီးလောင်ဗုံးသုံးသည်ဖြစ်စေ ၊ ဓာတုလက်နက်သုံးသည်ဖြစ်စေ ၊ မျက်ရည်ယိုဗုံးသုံးသည်ဖြစ်စေ မီးသင့် လောင်ကျွမ်း စေသည်ကား အမှန်ပင်ဖြစ်ကြောင်း မုံရွာဆေးရုံရောက် လူနာများကို စစ်ဆေးကြည့်ခြင်းအားဖြင့် သိနိုင်မည် ဖြစ်ပါသည် ။ ပြည်သူများကို ဤမျှထိခိုက်နစ်နာစေသော ဖြစ်ရပ်တွင် မည်သူသည်တာဝန်ရှိသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိလိုပါသည် ။ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့က ချီးမြှင့်သော ငြိမ်းချမ်းရေးဆုကို ပူပူနွေးနွေးရရှိထားသည့် သမ္မတကြီးအနေဖြင့် ဤကိစ္စကိုမည်သို့ဆက်လက် အရေးယူ ဆောင်ရွက်မည်ကိုလည်း သိလိုပါသည် ။ သမ္မတကြီးအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် စိတ်ဇောသန်သည်ကို နိုင်ငံသား တစ်ယောက်အနေဖြင့် သိရှိနားလည်လက်ခံပါသော်လည်း ပဋိပက္ခကို ဤကဲ့သို့ဖြေရှင်းဆောင်ရွက်သည်မှာ သမ္မတကြီး ရရှိ ခဲ့သည့်ဆုနှင့် သမ္မတကြီး ထိုက်တန်ပါ၏လား ဟု မေးမြန်းစရာဖြစ်လာပါသည် ။ ဤ ဖြစ်ရပ်အတွက် သမ္မတကြီးက မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်လျှက် ပြည်သူသို့မည်သို့မြွက်ဟ စကားဆိုလာမည် ဆိုသည်ကိုစောင့်မျှော် နေပါသည်  ။ ဤစီမံကိန်းနှင့်ပတ်သက်သော အရေးယူဆောင်ရွက်မှုများသည် ဥပဒေနှင့်အညီဖြစ်ကြောင်း သတင်းထုတ်ပြန်ကျေငြာပြီး၍မှ မကြာမီ နာရီပိုင်းအတွင်း သတင်းထုတ်ပြန် ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ရသော သတင်းထုတ်ပြန်ကြေငြာရေးအဖွဲ့နှင့် မျက်နှာလွှဲထား၍ မရနိုင်ပါ။  ဤကိစ္စတွင် ပွဲလည်းမပြီး မီးလည်း မသေနိုင်သေးပါ ။လိုအပ်ချိန်တွင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ကို အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်နိုင်ခွင့်ရှိ သကဲ့သို့ပြည်သူ များတွင်လည်း ထိုအခွင့်အရေးရှိပါကြောင်းလေးစားစွာတင်ပြလိုပါသည် ။ ဤအကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ထိခိုက်ခံစားခဲ့ကြရ သော  ပြည်သူများနစ်နာမှုကို ပြည်သူတို့၏ သမ္မတကြီး ပီပီသသဖြင့် မည်သို့လုပ်ဆောင်ချက်များ လုပ်ဆောင်လာမည်ကို ပြည်သူမျုားက စောင့်ကြည့်နေကြပါမည်ဟု အသိပေး တင်ပြလိုပါသည် ။ သမ္မတကြီး၏ လုပ်ဆောင်ချက်များ လမ်းကြောင်း မှန်ကန်စွာဖြင့် ပြည်သူ့ အကျိုးကို ထမ်းဆောင်နိုင်ပါစေဟုလည်း ဆန္ဒပြု လိုက်ပါသည် ။


ဟိန်းဇာနည် ( Wisdom Villa)

by Messenger News Journal
ဓါတ်ပုံ -  Aung Nay Myo (Facebook)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့