မြစ်ကြီးနား မြို့နယ် အတွင်းမှာ အဝေးပြေး ခရီးသွား ယာဉ်နဲ့ ကုန်တင်ယာဉ် ရပ်နား စခန်းတစ်ခု ဆောက်လုပ် သွားဖို့စီစဉ်လျက် ရှိတယ်လို့
ကချင်ပြည်နယ် စည်ပင် သာယာရေး အဖွဲ့မှ သိရပါတယ်။ အဆိုပါ အဝေးပြေး ခရီးသွား ယာဉ်နဲ့ ကုန်တင်ယာဉ် ရပ်နား စခန်း ဆောက်လုပ်မှုကို မြစ်ကြီးနား တပ်ကုန်း ရပ်ကွက် ရွှေလမ်းမကြီး အနီးမှာ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။
အဲ့ဒီအတွက် ဆောက်လုပ် လိုတဲ့ ကုမ္ပဏီတွေ ကိုလည်း လက်ရှိမှာ တင်ဒါများ ခေါ်ယူထားပြီး တင်ဒါအောင်လို့ဆောက်လုပ်ပြီး တဲ့အခါ ယာဉ်ဝင်းကို စည်ပင် သာယာရေး အဖွဲ့သို့ လွှဲပြောင်း အပ်နှံရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆောက်လုပ် လိုတဲ့ ကုမ္ပဏီတွေဟာ အဝေးပြေး ခရီးသည်နဲ့ ကုန်တင်ယာဉ် ရပ်နားစခန်း တစ်ခုမှာ ပါဝင်ရမယ့် လိုအပ်ချက် ဖြစ်တဲ့ ခရီးသွား ယာဉ်များ ရပ်နားဖို့နေရာ၊ ခရီးသည် တည်းခိုဖို့ နေရာ အပါအ၀င် ပစ္စည်း အရောင်းဆိုင်များနဲ့ အခြား လိုအပ်ချက်တွေကို အဆင့်မီအောင် ပါဝင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပြုလွှာ ပေးပို့ရာမှာ တည်ဆောက်မယ့် အဆောက်အအုံ အကွက်ချ ပုံစံနဲ့ ယာဉ်ဝင်း အတွင်း လိုအပ်တဲ့ အုတ်တံ တိုင်းကာရံခြင်း၊ လုံခြုံရေးစနစ်၊ လျှပ်စစ်မီးစနစ်၊ ဆက်သွယ်ရေးစနစ်၊ ရေနဲ့ မိလ္လာစနစ်၊ မီးဘေး လုံခြုံရေး စနစ်စတာတွေ ကိုလည်း ထည့်သွင်း တင်ပြရမှာ ဖြစ်ပါတယ်။
အဲ့ဒီလို တင်ဒါသွင်းတဲ့ အခါမှာ သက်ဆိုင်ရာ ကုမ္ပဏီ တွေဟာ မိမိတို့ တည်ဆောက်မှု အတွက် ကုန်ကျ နိုင်မယ့် စရိတ် ကိုလည်း ထည့်သွင်း ဖော်ပြရမယ့် အပြင် တင်ဒါနဲ့အတူ ကုန်ကျစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးသွင်းထားရမှာ ဖြစ်ပါတယ်။ ဒီလိုပေးသွင်း ထားပြီး ပုံစံရွေးချယ် မခံရရင်တော့ တင်ဒါ အတည်ပြု ရွေးချယ်ပြီးတဲ့ နောက်တစ်ရက်မှာ ပြန်လည် ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တင်ဒါ လျှောက်လွှာတွေ ကိုတော့ စက်တင်ဘာလ ၁၅ ရက်နေ့ ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့ အတွင်း အဝေးပြေး ခရီးသွား ယာဉ်နဲ့ ကုန်တင်ယာဉ် ရပ်နားစခန်း တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီသို့ တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment