ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ နောက်ဖေး လမ်းကြား အမှိုက် ရှင်းလင်းမှု၊ ခြံတွင်း အမှိုက်များ ရှင်းလင်းမှု ပြုလုပ်ပြီးပါက အဆိုပါ အမှိုက်တွေကို
သက်ဆိုင်ရာ အမှိုက်ပုံများသို့ သွားရောက် စွန့်ပစ်ပေး လျက်ရှိပြီး ဒီလို စွန့်ပစ်မှု အတွက် ယာဉ်ငှားရမ်းခ ပေးဆောင် စရာမလိုဘဲ စက်သုံးဆီခသာ ယူဆောင်ကာ အခမဲ့ စွန့်ပစ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။ နောက်ဖေး လမ်းကြားမှ အမှိုက်များ၊ ခြံအတွင်းမှ အမှိုက်များ ရှင်းလင်းရာမှာ ရှင်းလင်းမှု မပြုလုပ်မီ သက်ဆိုင်ရာ ခရိုင် စည်ပင် သာယာရေး ကော်မတီ ရုံးများသို့ ဆက်သွယ်ကာ အမှိုက်ကား ရယူဖို့ အတွက် ကြိုတင် အကြောင်း ထားရမှာ ဖြစ်ပါတယ်။
ဒီလို အကြောင်းကြားရာမှာ အရှေ့ပိုင်း ခရိုင် အတွင်းရှိ မြို့နယ်များ အတွက် ဖုန်း ၅၆၁၆၆၄ သို့ ဆက်သွယ်နိုင်ပြီး၊ အနောက်ပိုင်း ခရိုင် အတွင်းရှိ မြို့နယ်များ အတွက် ဖုန်း ၂၁၅၂၈၆ သို့ ဆက်သွယ် နိုင်ပါတယ်။ ဒါ့အပြင် မြောက်ပိုင်း ခရိုင် အတွင်းရှိ မြို့နယ်များ အတွက် ဖုန်း ၆၄၂၂၅၈ သို့ ဆက်သွယ်နိုင်ပြီး တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များ အတွက် ဖုန်း ၃၇၄၈၂၀ သို့ ဆက်သွယ်ပြီး ရှင်းလင်းနိုင် တယ်လို့ သိရပါတယ်။ အမှိုက်များ ရှင်းလင်းရာတွင် မိမိ အစီအစဉ်နဲ့ ဆောင်ရွက် ရမှာဖြစ်ပြီး အဆိုပါ အမှိုက်များကို နီးစပ်ရာ အမှိုက်ပုံ တည်ရှိရာ နေရာ အနီးမှာ အမှိုက်ကား ရပ်နားပေးထားမှာ ဖြစ်ပါတယ်။
စက်သုံးဆီ ခပေးဆောင် ရာမှာ အနောက်ပိုင်း ခရိုင်နဲ့ မြောက်ပိုင်း ခရိုင် အတွင်းရှိ မြို့နယ်များ အနေနဲ့ ထိန်ပင် အမှိုက်ပုံသို့ အမှိုက်များ စွန့်ပစ်ရမှာ ဖြစ်ပြီး အဆိုပါ ခရီးအတွက် အသွားအပြန် စက်သုံးဆီခကို မိမိမြို့နယ် တည်ရှိရာ နေရာနဲ့ တွက်ချက်ပြီး ကျသင့်ငွေ ပေးဆောင် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အရှေ့ပိုင်း ခရိုင်နဲ့ တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များ အနေနဲ့ မြောက်ဒဂုံ မြိုနယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံသို့ အမှိုက်များ စွန့်ပစ်ရမှာဖြစ်ပြီး အဆိုပါ ခရီးအတွက် မိမိမြို့နယ် တည်ရှိရာ နေရာနဲ့ တွက်ချက်ပြီး အသွားအပြန် စက်သုံးဆီခကို ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment