Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 15 September 2012

ပြည်တွင်း ရွှေဈေး ငွေကျပ် ရှစ်သိန်း နီးပါးအထိ ဈေးနှုန်း မြင့်တက်လာ


မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပြည်တွင်း ရွှေဈေးကွက်ရဲ့ အခေါက် ရွှေတစ်ကျပ်သား ဈေးနှုန်းဟာ
ငွေကျပ် ရှစ်သိန်း နီးပါးအထိ ဈေးနှုန်း မြင့်တက် လာတယ်လို့ သိရပါတယ်။ ရန်ကုန် ရွှေဈေးကွက်မှာ အခေါက် ရွှေတစ်ကျပ်သား ဈေးနှုန်းဟာ ယခုတစ်ပတ် ပြီးခဲ့တဲ့ တနင်္လာနေ့က ကျပ် ခုနှစ်သိန်း ရှစ်သောင်း သုံးထောင့် ငါးရာ ဈေးဝန်းကျင် ရှိခဲ့ရာမှ မနေ့က စက်တင်ဘာလ ၁၄ ရက်နေ့ သောကြာနေ့ မှာတော့ အခေါက်ရွှေ တစ်ကျပ်သားမှာ ကျပ် ခုနှစ်သိန်း ကိုးသောင်း ကျော်အထိ ဈေးနှုန်း မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။

ယခုလို ရွှေဈေး မြင့်တက်မှုဟာ ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုနဲ့ သက်ဆိုင်နေပြီး ကမ္ဘာ့ရွှေဈေး တက်လာမှု ကတော့ အမေရိကန် ဒေါ်လာ ဈေးနှုန်းများ ကျဆင်း လာခြင်းကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် ထုတ်ပြန်တဲ့ အမေရိကန် ဒေါ်လာ ဈေးနှုန်းတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း အမေရိကန် တစ်ဒေါ်လာမှာ ကျပ် ၈၇၀ ကျော်ရှိခဲ့ရာမှ စက်တင်ဘာလ ပထမပတ် မှာတော့ငွေကျပ် ၈၇၀ သာရှိခဲ့ပြီး ယခုလက်ရှိ မှာတော့ ကျပ် ၈၆၀ ကျော် အထိ ဈေးကျဆင်း မှုရှိလာ ပါတယ်။ ယခုလို အမေရိကန် ဒေါ်လာဈေး ကျဆင်းမှုကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက် လာသလို ရေနံဈေးများ၊ ယူရို ငွေကြေးများနဲ့ စတော့ အိတ်ချိန်း ဈေးကွက်တွေ မှာလည်း ငွေကြေး မြင့်တက်မှုများ ရှိနေတယ်လို့ သိရပါတယ်။ ယခုလက်ရှိ ပြည်တွင်းမှာ ရွှေဈေးနှုန်းများ မြင့်တက်လာမှု တွေကြောင့် ရန်ကုန်မြို့ရှိ ရွှေဆိုင်တွေမှာ ရွှေဝယ်ယူ သူတွေထက် ရွှေရောင်းချ သူများသာ ပိုမိုများပြား နေတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့