မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းမှ ဦးစီး ပြုလုပ်တဲ့ မသန်စွမ်းသူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် အနေနဲ့
one stop treatment နဲ့ကုသပေးမှုကို စက်တင်ဘာလ ၁၃ ရက်နေ့က ရွှေပြည်သာ ၁၃ ရပ်ကွက်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို ကိုယ်အင်္ဂါ မသန်စွမ်းသူများ အတွက် one stop treatment နဲ့ကုသပေးမှု ပြုလုပ် ပေးတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီလိုကုသပေးရာ မှာတော့ ဆီးချို၊ သွေးချို ရှိမရှိ စစ်ဆေးခြင်း၊ ECG ရိုက်ဖို့ လိုအပ်ပါက ရိုက်ပေးခြင်း၊ အာထရာဆောင်း ရိုက်ဖို့လိုအပ်ပါက ရိုက်ပေးခြင်း၊ ရောဂါ အတွက် လိုအပ်သော ဆေးဝါးများ ပေးခြင်းစတဲ့ ဆေးကုသမှုများကို ပြုလုပ်ခဲ့ ပါတယ်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်မှာ ကိုယ်အင်္ဂါ မသန်စွမ်းသူ တစ်မျိုးတည်းသာ ဆေးကုသမှု ပြုလုပ်ပေးခြင်း မဟုတ်ဘဲ မျက်မမြင်များ၊ ဆွံအ နားမကြား သူများ၊ ဥာဏ်ရည်နိမ့် ကလေးငယ်များ အပါအ၀င် စုစုပေါင်း အယောက် ၅၀ ခန့်ကို ဆေးကုသမှု ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။ ကိုယ်အင်္ဂါ မသန်စွမ်း သူများအား ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်မှာ တစ်ကြိမ်ထက် ပိုပြီး ဆေးကုသခံဖို့လိုအပ်ပါက မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်း ရုံးချုပ် တည်ရှိရာ မြို့နယ်သို့ ထပ်မံ လာရောက်ကာ ဆေးကုသမှု ခံယူရမှာ ဖြစ်ပါတယ်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်မှာ ဓာတ်ခွဲခန်းမှူး အပါအ၀င် အထူးကု ဆရာဝန်များနဲ့ အခြား ကိုယ်အင်္ဂါ မသန်စွမ်း သူများ အသင်းမှ အသင်းဝင်များ ပါဝင်ကူညီ ခဲ့တယ်လို့ သိရပါတယ်။ အခုလိုမျိုး ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို မှော်ဘီ၊ သင်္ဃန်းကျွန်း၊ ကွမ်းခြံကုန်း စတဲ့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်း ရုံးခွဲ တည်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြို့နယ်များ အပြင် အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီး ၆ ခုသို့ သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ ထပ်မံပြုလုပ် သွားမယ် လို့လည်း သိရပါတယ်။
No comments:
Post a Comment