Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 10 January 2013

၃၈-ဖြာမင်္ဂလာ ၀တ္တုတိုများ


၁။ အသေ၀နာ စ ဗာလာန မင်္ဂလာ
၂။ ပဏ္ဍိတာနဉ္စ သေ၀နမင်္ဂလာ
ရှေးအခါက လက်ပံပင်ကြီးတပင်၌ ကျေးငှက်မကြီး တကောင်ကကျေးသားငယ် ၂-ကောင် မွေးဖွားထားရာ လေပြင်းမုန်တိုင်းတိုက်ခတ်၍ တကွဲတပြားစီ လွင့်ပါသွားကြ၏၊ ရသေ့သူတော်စင်များ ၏ နေရာသို့ ကျရောက်သောကျေးသားမှာ ယဉ်ကျေးလိမ္မာ၍ သွားလေသည်။
(သတ္တိရမ္ဗဇာတ်ကြည့်)
အောက်ပါကဗျာများကို ကျက်ထားပါ။
တမိဝမ်းအောင်း၊ ရသေ့ကျောင်းနှင့်၊
ဆိုးကောင်းယုတ်မာ၊ ခိုးသူရွာသို့၊
ရှောက်ရှားကုန်ကြ၊ သူဝနှစ်ကောင်၊
ကျေးညီနောင်တို့၊ တကောင်မှာသော်၊
သူတော်ဓလေ့၊ သိမ်မွေ့လိမ္မာ
တကောင်မှာမှု၊ ၀ါစာဖရုသ်၊
ကြမ်းကြုတ်စရိုက်၊ ရုန့်ရင်းမိုက်ရှင့်။
(မဃဒေ၀၊ ပုဒ်ရေ၊ ၂၃၇)
၃။ ပူဇာစ ပူဇနေယျာနမင်္ဂလာ
ရှေးအခါက လယ်တောသူမလေးတယောက်သည် ဈာန်သမားပတ်မှထလောသော ရှင်မဟာကဿပ ကိုယ်တော်ကြီးအား သလေးစပါး ပေါက်ပေါက်တို့ဖြင့် ပူဇော်လှူဒါန်းပြီး အိမ်သို့အပြန် မြွေခဲ၍သေရာ တာဝတိံသာ နတ်ပြည်၌ ဇာကွန်ယက်တို့ဖြင့် ဆန်းကြယ်သောေ၇ွှဗိမ္မာန်ငယ် နတ်သမီးဖြစ်ရလေ၏။
(ဗမ္မပဒ၊ ဋ္ဌ၊ ဒု၊ နှာ၊ ၅)
၎။မတီရူပဒေသ၀ါသမင်္ဂလာ
ရှေးအခါက အခက်အခွနှင့် ပြည့်စုံသော သစ်ပင်ကြီးတပင်တွင် ငှက်များစွာ မှီခို၍နေကြရာ လေတိုက် ရာမှ သစ်ကိုင်းချင်းပွတ်ပြိး အခိုးထ၍လာ၏။ ဘုရားလောင်းငှက်မင်းက အန္တရာယ်မြင်၍ ဤအရပ်ကို စွန့်ခွာရန် ပြောရာ ဘုရားလောင်းငှက်မင်း၏ စကားကို နားထောင်သောရက်တို့က ဘေးလွတ်ရာသို့ ပျံသွား၍ အသက်ချမ်းသာရာရလေ၏၊ နားမထောင်သောငှက်တို့မှာ မီးလောင်သေဆုံးကြရလေ၏။
(ဇာ၊ ဋ္ဌ၊ ၁၊ နှာ၊ ၂၃၁)
၅။ ပုဗ္ဗေ စ ကတပုညတာမင်္ဂလာ
ဤမင်္ဂလာအတွက် ဇောတိက၊ ဇဋိလ၊ မေဏ္ဍက၊ အနာထပိဏ်၊ ၀ိသာခါ စသော ပုဂ္ဂိုလ်များကို သာဓ ကထုတ်ပါလေ။
၆။ အတ္တသမာပဏိဓိမင်္ဂလာ
ဗာရာဏသီပြည် ဒိသာပါမောက္ခဆရာကြီးက တပည့်များ၏ ကိုယ်ကျင့်တရားကို စုံစမ်းလို၍ သူ့သမီး ချောကလေးကို ရလိုပါက အိမ်သို့ပြန်၍ ပစ္စည်းများကို ယူခဲ့ကြဟု မှာလိုက်၏၊ ကျောင်းသားအားလုံးက ဆရာကြီးမှာလိုက်သည့်အတိုင်း ပစ္စည်းများကို ယူဆောင်လာသော်လည်း ကျောင်းသားတဦးကမှု ကိုယ်ကျင့်တရားပျက်မည်စိုး၍ ဘာပစ္စည်းမှ ယူ၍မလာချေ၊ ဆရာကြိးက ရိုးသားဖြောင့်မတ်သော ထိုတပည့်နှင့် သူ၏သမီးကို ထမ်းမြားပေးလိုက်၏။
(စတုက္ကနိပါတ်၊ သီလ၀ီမံသနဇာတ်၊ ဋ္ဌ၊ နှာ၊ ၁၇)

ရ။ ဗာဟုသစ္စဉ္စ မင်္ဂလာ
အင်းဝခေတ်က ၀န်ဇင်းရွာမှ ကျေးတောသားကလေးတဦးသည် လေ့လာဆည်းပူးခဲ့သော ဗဟုသုတ ကြောင့် အင်းဝနေပြည်တော်တွင် အမတ်ကြီးဖိုးရာဇာအဖြစ် ကျော်ကြားခဲ့ရသည်မှာ ဗာဟုသစ္စဉ္စမင်္ဂ လာ၏ သာဓကပင် ဖြစ်သည်၊ မဟောသဓာ၊ ကာလီဒါသနှင့် ၀ိရဗလတို့ကိုလည်း သာဓက ထုတ်နိုင်၏။
၈။ သိပ္ပဉ္စမင်္ဂလာ
ဗာရာဏသီပြည်အနီး အိမ်ခြေတထောင်ရှိသော ရွာကြီး၌ ပန်းပဲသူကြီး၏ သမီးကလေးမှာ အလွန်လှပ ချောမော၏၊ ဂေါတမဘုရားအလောင်းသည် အလွန်သေးငယ်သော သံမဏီအပ်ကလေးကို ၇-ထပ် ရ-လွှာ ဗူးဖြင့်ထည့်၍ ပန်ပဲဆရာကြိးထံ သွားရောက်၍ ပညာစွမ်းပြရာ ဆရာကြီးက ပညာတန်ဘိုးထား သောအားဖြင့် သူ၏သမီးချောကလေးနှင့် ပေးစားလိုက်၏။
(ဆက္ကနိပါတ်၊ သူစိဇာတ်)
၉။ ၀ိနယောစ သုသိက္ဓိတမင်္ဂလာ
ရှေးအခါက ကုရုတိုင်းမှ ပြည်တန်ဆာမတဦးသည် ကုရုဓမ္မခေါ်သော ငါးပါးသီလကို စောင့်ထိန်း၍နေ ၏၊ သိကြားမင်းက စုံစမ်းလို၍ လုလင်အသွင်ဖန်ဆင်းပြီး ငွေတထောင်စရံပေး၍ သူမလာမီ လူသစ်တဦးကိုမျှ လက်မခံရန် မှာထားခဲ့၏။ သုံးနှစ်ကြာအောင် စောင့်သော်လည်းမလာမှ နောက်ထပ်လူသစ် တဦးထံမှ ငွေကိုလက်ခံမည်အပြုတွင် သိကြားမင်းပေါ်လာ၏၊ ထိုအခါ ပြည့်တန်ဆာမက နောက် လူသစ်၏ ငွေကိုလက်မခံတော့ပဲ ပြန်လွှတ်လိုက်၏။ သိကြားမင်းက ပြန်တန်ဆာမ၏ ကျင့်ဝတ်ကို သဘောကျ၍ ရတနာများချီးမြှင့်ထားခဲ့၏။
(တိကနိပါတ်၊ ကုရုဓမ္မဇာတ်)
၁၀။ သုဘာသိတာ စ ယာဝါစာမင်္ဂလာ
ရှေးအခါက ဗာရာဏသီပြည်သား သူဌေးသား လေးယောက်တို့သည် ခရီးလမ်းဆုံတခု၌ စကားပြော ဆိုနေကြ၏၊ ထိုအခိုက် မုဆိုးတယောက်သည် သားကောင်များကို တင်ဆောင်၍ အမဲလှည်းကြီးကို မောင်းနှင်လာရာ ပထမသဌေးသားက "ဟယ်မုဆိုး ငါ့ကို အမဲသားပေးလော့" ဟု မောက်မာစွာ တောင်းဆိုသောကြောင့် သူ၏စကားနှင့် တန်ရုံ မကောင်းမကန်းအသားများကို ပေးလိုက်၏။
ဒုတယသူဌေးသားက "အကို" ဟူ၍ တောင်းသောကြောင့် ပေါင်သားကိုပေးလိုက်၏၊ တတိယသူဌေး သားက " မိတ်ဆွေ " ဟူ၍ တောင်းသောကြောင့် လှည်းပေါ်ရှိအသားအားလုံးကို ပေးလိုက်လေ၏။ အထွေးဆုံးသူဌေးသားကလည်း ကျေးဇူးကိုသိသောအားဖြင့် မုဆိုးကြီး၏ သားမယားကိုပါခေါ်ယူစေ ကာ စည်းစိမ်တ၀က်ကိုပေးပြီးလျှင် အေးအတူပူအမျှ နေထိုင်သွားလေ၏။
(စတုက္ကနိပါတ်၊ သဗ္ဗမံသလာဘဇာတ်၊ အဋ္ဌကထာ၊ နှာ-၄၆) တိကနိပါတ် သုဇာတာဇာတ်နှင့် ဧကနိ ပါတ် နန္ဒိဝိသာလဇာတ်တို့ကိုလည်း သာဓကထုတ်နိုင်၏။
၁၁။ မာတာပိတုဥပဌာနမင်္ဂလာ
ဂေါတမဘုရားအလောင်းတော်သည် ဝေပူရကိတ္ထိမင်းဖြစ်စဉ်အခါကမယ်တော်ကံကုန်၍ သဂြိုလ်ရာ ထို မင်းသားက "ငါ့ကိုထင်းပြု၍ သဂြိုလ်ပါ" ဟုဆိုလျှင် မင်းသားကိုထင်းပြု၍ သဂြိုလ်သည်။ မယ်တော် အလောင်း မီးကျွမ်းသော်လည်း မင်းသားကိုယ်မှာ အမွှေးတချောင်းမျှ မီးမလောင် အသက်ထက်ဆုံး တရားနှင့်အညီ မင်းပြုရသည်။
(မဏိရတနာပုံကျမ်း၊ နှာ-၁၄၀) သုဝဏ္ဏသာမဇာတ်၊ စူဠနန္ဒိယဇာတ်၊ သုတနုဇာတ်၊ ကေဒါရဇာတ်၊ မာတုပေါသကဇာတ်တို့ကိုလည်း သာဓက ထုတ်အပ်၏။
၁၂။ ပုတ္တဒါရဿ သင်္ဂဟမင်္ဂလာ
အခါတပါး သိကြားမင်းသည် မာတလိနတ်သားနှင့်အတူ ဝေဇယန္တာ နတ်ရထားကြီးကိုစီး၍ နန္ဒ၀ံ ဥယျာဉ်သို့ သွားကြ၏၊ ဥယျာဉ်သို့ရောက်သောအခါ ရထားပေါ်မှဆင်း၍ သိကြားမင်းက အရပ်လေး မျက်နှာကို လှည့်လည်ပြီး ရှိခိုးလေ၏၊ မာတလိက အဘယ်ကြောင့် ရှိခိုးပါသလဲဟု မေးသောအခါ သီလ၀န္တရဟန်းတော်များ၊ ကုသိုလ်ပြုသူများ၊ သီလစောင့်ထိန်းသူများ၊ ရတနာသုံးပါးဆည်းကပ်သူများ နှင့် သားမယားကို တရားသဖြင့် ရှာဖွေကျွေးမွေးသူများကို ရည်ရွယ်ပြီး ရှိခိုးကြောင်း ပြန်လည် ဖြေကြားလေသည်။
(သက္ကသံယုတ်၊ ဂဟဋ္ဌ၀န္ဒနာသုတ်)
၁၃။ အနာကုသာစ ကမ္မန္တမင်္ဂလာ
အချိန်ကိုလေးစားသူ၊ အလုပ်ကိစ္စတို့ကို သင့်လျော်အောင်ဆောင်ရွက်စီမံတတ်သူ၊ မပျင်းမရိဆောင် ရွက်သူ၊ မည်သည့်ကိစ္စမဆို လုံ့လ၀ီရိယရှီိသူ၊ မိမိပစ္စည်း ၊ သူတပါးပစ္စည်း၊ နိုင်ငံပိုင်ပစစည်းများကို မလေမလွင့်စေသူတို့မှာ အနာကုလာစကမ္မန္တမင်္ဂလာတွင် အကျုံးဝင်သူများ ဖြစ်လေသည်။ ယခုခေတ်တွင် နိုင်ငံတော်အစိုးရက ဂုဏ်ပြုခြင်းခံရသော စံပြလုပ်သားများမှာ အနာကုလာ စကမ္မန္တ မင်္ဂလာ၏ သာဏကများပင် ဖြစ်ပေသည်။
၁၄။ ဒါနဉ္စမင်္ဂလာ
ဥဇ္ဇေနီပြည် တေလနာလိနိဂုံးရွာ၌ ကံပြိုင်ဥာဏ်ပြိုင် သူဌေးသမီး ၂-ယောက် နေထိုင်ကြရာ တဦးက ပစ္စည်းချမ်းသာသော်လည်း ဆံပင်ညံ့၍ အလှဂုဏ်ချို့တဲ့၏။ တဦးမှာ ဆံပင်ကောင်း၍ မိန်းမအင်္ဂါပြည် စုံသော်လည်း ပစ္စည်းချို့တဲ့ရှာ၏။ ဆံပင်ညံ့သူက ဆံပင်ကောင်းသူထံ ငွေပေးဝယ်ရာ ဆံပင်ကို မြတ်နိုးသောကြောင့် ငွေတထောင်ပေးသောလည်း မရောင်းပဲနေ၏။ တနေ့တွင် ရှင်မဟာကစ္စည်းနှင့် ရဟန်းတော်ရှစ်ပါး ဆွမ်းခံကြွလာရာ ဒီဃကေသီအမျိုးသမီးက မိမိ၏ဆံပင်ကိုဖြတ်၍ ယခင်ဝယ်ဖူး သော သူဌေးသမီးထံရောင်းချသည်တွင် နှိမ်လိုသော သဘောဖြင့် ငွေ(၈)သပြာမျှသာ ပေးလိုက်၏။ ဒီဃကေသီသည် ထိုငွေဖြင့် သံဃာတော်များကို ဆွမ်းကပ်လိုက်၏။ ဆံပင်လည်း ရှေးကအတိုင်းပြန် ပေါက်လာ၏၊ ရဟန်းတော်များသည် ဥဇ္ဇေနီမင်း၏ နန်းတော်သို့ ကြွသွားရာ အကျိုးအကြောင်း ပြောပြသောကြောင့် ဦဇ္ဇေဘုရင်က ဒီဃကေသီ၏ဒါနစေတနာကို တန်ဖိုးထားသော ကြောင့် ဥဇ္ဇေနီဘုရင်က ဒီဃကေသီ၏ဒါနစေတနာကို တန်ဖိုးထားသောအားဖြင့် မိဖုရားကြီး မြှောက်လိုက်လေ ၏။
(အံ၊ ဋ္ဌ၊ ၁၊ ၁၆၂)
၁၅။ ဓမ္မစရိယမင်္ဂလာ
တက္ကသိုလ်ပြည် ဒိသာပါမောက္ခကြီးထံတါင် တပည့်ငါးရာပညာသင်ကြားလျက်ရှိရာ ဆရာကြီး၏ သားဖြစ်သူ သေဆုံ၍ တကျောင်းလုံး ငိုကြွေးကြလေသည်။ ဓမ္မပါလလုလင်တဦးသာ မငိုပဲနေ၍ ဆရာကြီးက ဘာကြောင့်မငိုသလဲ မေးသည်တွင် " ကျွန်တော်တို့ ဓမ္မပါလတမျိုးလုံး ကိုယ်ကျင့်တရား မြဲ၍ ငယ်ငယ်ရွယ်ရွယ် သေရိုးမရှိသောကြောင့် မငိုပါ" ဟု ပြန်လည်ဖြေကြား၏။ ဆရာကြီးသည် အကျိုးအကြောင်းကို သိလို၍ ဓမ္မပါလရွာသို့ ကိုယ်တိုင်သွားရောက် စုံစမ်းသောအခါ ပြောသည့်အတိုင်း မှန်၍နေလေ၏။
(ဒသကနိပါတ်၊ မဟာဓမ္မပါလဇာတ်)
၁၆။ ဥာတကာနဉ္စသင်္ဂသမင်္ဂလာ
တခါက ဗာရာဏသီပြည်၌ ညတညတွင် မိုးသည်းထန်စွာရွာသွန်းရာ ဘုရင်၏စီးတော်ရထားမှ သားရေများကို စိုစွတ်သည်တွင် အညှီနံ့ထွက်လာသောကြောင့် နန်းတော်တွင်း၇ှိခွေးများက စားပစ် သောကြောင့် ဘုရင့်ရထားကြိးပျက်စီးလေ၏။ မိုးလင်းသောအခါ ဘုရင်ကြီးကသိ၍ နန်းတွင်းမှခွေးများ ကိုသာ ချမ်းသာပေးပြီး တခြားခွေးများကို လိုက်လံ၍ အသတ်ခိုင်းလေ၏။ မသေကြွင်းကျန်သော ခွေးများက သုသာန်၌နေသော ဘုရားအလောင်းခွေးမင်းကို ပြေး၍ပြောကြရာ ဘုရားအလောင်းခွေး မင်းသည် နန်းတွင်းသို့ အသေခံစွန့်ဝင်ရောက်ပြိး ဘုရင်ကြီးထံ အကျိုးအကြောင်းရှင်းပြလေသည်။ ဘုရားအလောင်းခွေးမင်း၏ အကြံပြုချက်အရ နေဇာမြက်ကိုထောင်၍ အစာဖြင့်ေ၇ာနှောတိုက်ရာ နန်းတွင်းရှိခွေးများ၏ ခံတွင်းမှ သားရေစများ အန်ထွက်လာလေသည်။ ထိုအခါမှ အဖြစ်မှန်ကိုသိရပြီး ခွေးအပေါင်းကိုဘေးမဲ့ပေး၍ ဒုက္ခမှလွတ်ကင်းရလေသည်။ အမျိုးသားများအတွက် အနစ်နာခံ အရဲစွန့်ပြောကြားသော အလောင်းတော်ခွေးမင်းကို ဘုရင်ကြီးက ထီးဖြူမိုး၍ ပူဇော်လေသည်။
(ဧကနိပါတ်၊ ကုက္ကုရဇာတ်၊ အဋ္ဌကထာ၊ နှာ၊ ၁၉၀) မဟာကပိဇာတ်ကိုလည်း သာဓကထုတ်နိုင်သည်။
၁၇။ အန၀ဇ္ဇာနိ ကမ္မာနိမင်္ဂလာ
မဂဓတိုင်း မစလရွာမှ မာဃလုလင်နှင့်ဆန္ဒတူ ရည်ရွယ်ချက်တူုကြသော လူငယ် ၃၃-ယောက်တို့သည် ရပ်ရေးရွာရေးနှင့် လူမှုရေးကိစ္စများကို တက်တက်ကြွကြွ ဆောင်ရွက်ကြ၏၊ လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ အပန်းဖြေဇရပ်ဆောက်ခြင်း၊ ရေတွင်းရေကန်တူးဖော်ခြင်းကိစ္စများကို ပြုလုပ်ခြင်း ရပ်ရွာအကျိုးပြုလုပ်ငန်းများကို ပြုလုပ်သည့်အတွက် ကျေးရွာလူထုက မာဃတို့အဖွဲ့ကို သဘောကျပြီး လူဆိုးလူပွေများ သြဇာညောင်းလာလေ၏။ ထိုဖြစ်ပုံကို သဘောမကျသော မစလရွာသူ ကြီးက ဘုရင့်ထံ သူပုန်နှင့်ဆက်သွယ်ကြောင်း လည်ဆည်ကုန်းတိုက်လေ၏၊ ဘုရင်ကြီးက ယုံကြည် ပြီး မာဃတို့အဖွဲ့ကို ဆင်နှင့်နင်းသတ်စေရာ မာဃတို့အဖွဲကသားများ၏ မေတ္တာကြောင့် ဆင်ကြီးမနင်းဝံ့ပဲ ဖြစ်နေ၏။ ထိုအခါမှ ဘုရင်ကြီးက အဖြစ်မှန်အားလုံးကိုသိပြီး ကုန်းတိုက်သူ သူကြီး ဟောင်းကို ရာထူးမှဖြုတ်` မာဃကိုရွာစား(သူကြီး)ရာထူးပေးလိုက်လေ၏။
(ဧကနိပါတ်၊ ကုလာဝကဇာတ်)
၁၈။ အာရတီနှင့် ၁၉။ ၀ိရတီမင်္ဂလာ
သီဟိုဠ်ကျွန်း ရွာငယ်တရွာ၌ မိခင်အိုကြီးရောဂါဖြစ်၍ ဆေးဆရာက လတ်ဆတ်သောယုန်သားကို ဓာတ်စာပေးလေ၏၊ သားနှစ်ယောက်အနက် အကိုကြီးမဟာဇက္ကတက ညီငယ် စူဠဇက္ကနကို ယုန်ဖမ်း ရန် တောသို့လွှတ်လိုက်၏၊ ညီငယ်သည် တောသို့ ယုန်ဖမ်းသွားရာ ယုန်တကောင်ကိုမိလေ၏၊ သတ်မည်ပြုပြီးမှ ကိုယ်ချင်းစာစိတ်ဝင်လာပြီး မသတ်ပဲ ပြန်လွှတ်လိုက်လေ၏၊ အိမ်သို့ရောက်သော် အကိုကြီး၏ အမန်အမဲကို ခံရလေ၏၊ ညီငယ်က မိခင်နားသို့သွား၍ “အကျွန်ုပ်သည် သိတတ်သော အ၇ွယ်မှစပြီး သူတပါး၏အသက်ကို မသတ်ခဲ့ဖူးပါ၊ ဤမှန်သောစကားကြောင့် မိခင်ရောဂါပျောက်ကင်း ပါစေ ” ဟု သစ္စာပြုရာ မိခင်၏ရောဂါ ပျောက်ကင်းသွားလေသည်။
(အဌသာလိနီ၊ နှာ၊ ၁၄၆)
ဥတ္တရ၀ဂုမာနတောင်၌နေသော ဥပါသကာတယောက်သည် အမ္ဗရိယကျောင်း၌နေသော ပိင်္ဂလဗုဒ္ဓရ က္ခိတမထေရ်၏အထံမှ သိက္ခာပုဒ်ကို ဆောက်တည်၍ လယ်ထွန်နေ၏၊ နွားပျောက်ရှာရန် တောင်ပေါ် သို့အသွား စပါးကြီးမြွေအဖမ်းခံရ၍ ပါလာသောပဲခွပ်ဖြင် ဖြတ်မည်ပြု၏၊ ထို့နောက် ဆရာသမားအထံမှ ဆောက်တည်ခဲ့သော သိက္ခာပုဒ်ပျက်မည်စိုး၍ မဖြတ်ပဲနေ၏၊ သုံးကြိမ်သုံးခါ ဖြတ်သင့်မဖြတ်သင့် စဉ်းစားပြီး “အသက်သာအသေခံမည် ဆောက်တည်ထားသော သိက္ခာပုဒ် အပျက်မခံ” ဟု ဆုံးဖြတ် ချက်ချပြီး ပဲကွပ်ကို လွှတ်ပစ်လိုက်သည်နှင့် တပြိုင်နက် စပါးကြီးမြွေလည်း လူကိုလွှတ်၍ ထိုနေရာမှ ထွက်ခွာသွားလေ၏။
(အဋ္ဌသာလိနီ)
၂၀။ မဇ္ဇပါနာစ သံယမမင်္ဂလာ
သိကြားဟောင်းရာထူးပြုတ်၍ အသူရာဖြစ်ရခြင်း၊ တပင်ရွှေထီးဘုရင် ရန်သူလက်ချက်ဖြင် သေရခြင်း၊ မင်းရဲကျော်စွာ ဆင်ပေါ်မှကျ၍ သေရခြင်း၊ ဓမ္မဓဇဇာတ်၌ ဖခင်ဘုရင်ကြီးက ရင်သွေးကို သတ်၍ စားမိခြင်း၊ အရှင်သာဂတမထေရ် ရွာတံခါးဝတွင် မှောက်ရက်လဲ၍ အရှက်ကွဲရခြင်းစသည်တို့မှာ အရက်၏ ဆိုးကျိုးများဖြစ်ပေသည်။
၁။ သိင်္ဂါလ သတို့သား၊ တို့ဘုရားဟောတာ၊
၂။ သို့တရား စောစရာ၊ သဘောမှာ မှတ်သား၊
၃။ ပြစ်ခြောက်ရပ် အထူးဆောင်သည်၊ အရူးကောင်မင်းတို့အမှား၊
၎။ သိကြားဟောင်း အသူရာကို၊ မှုပမာ တင်ထား၊
၅။ ဇမ္ဗူမှာထင်ရှားတဲ့၊ ဘုရင်များဘုရင်၊
၆။ ရွှေတောင်ငု နန်းကေတုတွင်မှ၊ သေဥဒါန်ထိုးတဲ့ ထီးအရှင်၊
ရ။ အင်းဝဆက် ရာဇ၀င်တွင်၊ ဘာမထင်ဝင်ကြွားတဲ့၊
၈။ ဘုရင့်သားရဲ ဘွဲ့တော်ပါ၊ ရဲတဲ့ကျော်စွာ။
၉။ ဒလပျက်အကျနာသလို၊ ဘ၀ပါ၇ူံးစေနှင့်လေ။
ဆရာလွန်(သခင်ကိုယ်တော်မှိုင်း)
၂၁။ အပ္ပမာဒေါစ ဓမ္မေသု မင်္ဂလာ
ဗာရာဏသီပြည်ကို ဇနသန္ဓမင်းသည် မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သောကြောင့် ထိုမင်းလက် ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ဖားရ၏၊ အမှုအခင်ဖြစ်ပွားသူ မရှိသောကြောင့် တရားရုံး များကို ပိတ်ထားရ၏၊ ထိုမင်းကြီးသည် ပန္နရသီဥပုသ်နေ့တိုင်း ဥပုသ်သီလဆောက်တည်၍ တိုင်းသူ ပြည်သားတို့အား နန်းရင်ပြင်တွင် စုရုံစေ၍ နောင်တ(၁၀)မျိုးမဖြစ်ရအောင် ကုသိုလ်တရားတို့၌ မမေ့မလျော့ကြစေရန် တိုက်ထွန်းစကား ပြောကြားဆုံးမလေ့ရှိ၏။ တလ ၂-ကြိမ် သြ၀ါဒပေးတော်မှု၏။ လူများသည် ဇနသန္ဓမင်းကြီး၏ သြ၀ါဒကြောင့် ကုသိုလ်တရားတို့၌မမေ့မလျော့ရကာ နတ်ရွာသုဂတိသို့ ရောက်ကြကုန်၏။
၂၂။ ဂါရ၀မင်္ဂလာ
ဧကနိပါတ် တိတ္ထိရဇာတ်တော်၌ ခါ၊ မျောက်၊ ဆင် သတ္တ၀ါသုံးဦးတို့ ညောင်ပင်တခုကို သက်သေပြု၍ ကြီးသူကို ငယ်သူက ရိုသေစတမ်းကျင့်ဝတ်ထား နေသွားပုံကို ဂါရ၀မင်္ဂလာအ အဖြစ် သက်သေထူအပ်၏။ အောက်ပါကဗျာကို ကျက်ထားပါ။
ရှေးဝယ်သောခါ၊ တောဟေမာ၌၊
ပညာမြော်မြင်၊ ခါမျောက်ဆင်တို့၊
ညောင်ပင်တခု၊ သက်သေပြု၍၊
ဂုဏ၀ုဠာ၊ ပစာယန၊ ကျင့်ကုန်ကြကြောင်း၊
လူမျှမထန်၊ တိရစ္ဆာန်လျက်၊
နတ်ဌာန်မုချ၊ ရောက်ကုန်ကြ၏။
(မဃဒေ၀၊ ပုဒ်ရေ ၁၇၆)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့