Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 10 January 2013

၁၇ နှစ်ကြာမှ ပြန်ကျင်းပဖြစ်တဲ့ ပန်းဆယ်မျိုးပြပွဲ

လာရောက် ကြည့်ရှု လေ့လာ သူများနဲ့ စည်ကားခဲ့တဲ့ တပ်မတော် ခန်းမက ပန်းဆယ်မျိုး ပြပွဲ။ သီရိလု/ မြန်မာတိုင်း(မ်)လာရောက် ကြည့်ရှု လေ့လာ သူများနဲ့ စည်ကားခဲ့တဲ့ တပ်မတော် ခန်းမက ပန်းဆယ်မျိုးပြပွဲ။ သီရိလု/ မြန်မာတိုင်း(မ်)

ငြိမ့်ညောင်း လှတဲ့ စောင်းသံ ပျံ့လွင့်နေ တဲ့ အခန်းထဲမှာ မြန်မာ့ ရိုးရာ တူရိယာ စောင်းတွေ ကိုယ်စီ
ပိုက်ပြီး ရှေးခေတ် မင်းသမီးလေးတွေရဲ့ဟန်ပန်နဲ့ ဣနြေ္ဒရရ ထိုင်နေတဲ့ မိန်းမ ပျိုလေးနှစ်ဦး။ အဲဒီ
မိန်းမ ပျိုလေးတွေရဲ့ အလှ ပုံရိပ်တွေကို  သွက်လက် မြန်ဆန်တဲ့ စုတ်ချက်တွေနဲ့ အမိအရ ပုံဖော်
နေတဲ့ အသက်ကြီးကြီး ပန်းချီဆရာ ၁၂ ဦး။

ဒါကတော့ "Art 13 Myanmar" လို့ အမည်ပေးထားတဲ့ မြန်မာ့ရိုးရာလက်မှု အနုပညာပန်း
ဆယ်မျိုးပြပွဲရဲ့ ပုံရိပ်တစ်ခု ဖြစ်ပြီး ပြပွဲကိုတော့ ဇန်န၀ါရီလ ၄ ရက် နေ့ကနေ ၇ ရက်နေ့အထိ
ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့တာပါ။

ပန်းဆယ်မျိုးထဲက အထင်ကရအဖြစ် ဆုံးပန်းချီနဲ့ ပန်းပုရုပ်တုတွေ ခြံရံထားတဲ့ ပွဲကျင်းပရာ
ခန်းမရဲ့အလယ်ဗဟိုမှာ ပန်းထိမ်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းတော့၊
ပန်းတမော့နဲ့ ပန်းရန်တို့ရဲ့ အနုပညာတစ်မျိုးချင်းစီရဲ့ အခြေခံကအစ အဓိပ္ပာယ်၊ ထုတ်ကုန်နဲ့
သမိုင်းကြောင်းတွေကို သက်ဆိုင်ရာ ပြခန်းအသီးသီးနဲ့ ပြသထားပါတယ်။

ယွန်းထည်ပစ္စည်းပေါ်မှာ ပန်းချီ ကနုတ်ပန်းယွန်းပြခန်းကို တာဝန်ယူရတဲ့ ရေးရာမှူး ဦးရဲစိုးက
ကိုယ်တိုင်ပန်းယွန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေ တဲ့အတွက် ပန်းရိုးရာပညာရှင်များ
အစည်းအရုံးရဲ့ ပန်းယွန်းရေးရာမှူး တာဝန်ပေးအပ်ခံရတဲ့အပေါ် ကျေနပ် တယ်လို့ ပြောပါတယ်။

"ပန်းယွန်းနဲ့ပတ်သက်ပြီး အရင် န၀တလက်ထက် ၁၉၉၆ ခုနှစ်တုန်းက တစ်ကြိမ်ပြိုင်ပွဲတွေ
လုပ်ခဲ့ဖူးတယ်။ ယွန်း ပေါ်မှာ ကညစ်နဲ့ရေးတဲ့ ရွှေဇ၀ါပြိုင်ပွဲမှာ တစ်နိုင်ငံလုံးအနေနဲ့ ဒုတိယဆု
ရခဲ့တယ်။ အဲဒီတုန်းက ပန်းဆယ်မျိုးစလုံးအတွက် ပြိုင်ပွဲလုပ်ခဲ့တာလေ။ အခုမှ ပြန်ကျင်းပ
တာဆိုတော့ ၁၇ နှစ်နီးပါး ဖြစ်နေပြီ"လို့ ပြောပါတယ်။

ပန်းယွန်းပြခန်းက ပစ္စည်းတချို့ကို ရောင်းချပေမယ့် အများစုကတော့ မြင် ဖူးအောင် လုပ်ငန်းခွင်
ကနေ ငှားလာတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ရောင်းချဖို့ မဟုတ်ဘူးလို့ သိရပါတယ်။

"မြန်မာနိုင်ငံကို လာတဲ့ ကမ္ဘာလှည့် ခရီးသွားအများစုကလည်း အမှတ်တရ ပစ္စည်းဆိုရင်
ယွန်းထည်ပဲ ၀ယ်သွားလေ့ ရှိတာဆိုတော့ ယွန်းထည်တွေပေါ်မှာ အလှဆင်တဲ့ ပန်းယွန်းက
လည်း တန်ဖိုး ဖြတ်လို့မရတဲ့ ပန်း ၁၀ မျိုးလက်ရာတစ်ခု အဖြစ် သိစေချင်ပါတယ်" လို့ ဦးရဲစိုးက
ပြောပါတယ်။

ဘိလပ်မြေမပေါ်ခင် ရှေးမြန်မာ့ပန်းရန် လုပ်ငန်းမှာ ဘိလပ်မြေအစားထိုး သရိုး (အုံတုံခေါက်၊
တင်လဲရည်၊ ကျွဲကော်ရည်၊ ဥသျှစ်သီးအနှစ်၊ လဲမှို့နဲ့ နှမ်းဆီတို့ ရောနယ်ထားသောအရာ)
ကိုသာ အသုံး ပြုခဲ့ကြပြီး ရှေးခေတ်ပန်းရန်လက်ရာနဲ့ ခိုင်ခံ့မှုတွေကို ပုဂံလို ရှေးဟောင်းမြို့တွေ
ရဲ့ ဘုရားပုထိုးတွေမှာ ဒီနေ့ထိတိုင် တွေ့ရပါတယ်။

"ပန်းရန်နဲ့ပတ်သက်တဲ့ ပြခန်းကို ပြရမယ်ဆိုတော့ သံလက်နဲ့ ဒယ်အိုးပဲ ရှိပါ တယ်။ ဒါပေမယ့်
ရှေးခေတ်ပန်းရန် လုပ်ငန်းက စိတ်ဝင်စားစရာကောင်းတာ မို့ ဦးစားပေး တင်ဆက်ထားပါတယ်။
ရေချိန်ပိုက်တွေ မပေါ်ခင်က ၀ါးရေတံ လျှောက်တွေနဲ့ ရေအမြင့်ချိန်ခဲ့တာတွေ၊ ရှေးရိုးအုတ်တွေ၊
ချိန်သီးနဲ့ ပန်းရန်လုပ် ငန်းသုံးပစ္စည်းဟောင်းတွေ ပြဖြစ်ပါ တယ်"လို့ ပန်းရန်ရေးရာမှူး
ဦးကျော်မြင့် ဦးက ပြောပါတယ်။

ပန်းရန်လက်မှုပညာမှာ ပန်းတော့ ငယ်လို့ခေါ်တဲ့ ကနုတ်ဖောင်းကြွလို လက်ရာတွေ ပါဝင်ပြီး
ပြခန်းတစ်ခုလုံးကို တော့ ဖော့တုံးကို အသုံးပြပြီး တင်ဆက် ပုံဖော်ထားပါတယ်။ ပန်းပဲ၊ ပန်းထိမ်
နဲ့ ကျောက်ဆစ်ပညာ ဟာ ပန်းတမော့ဆိုတာကို မသိကြသူတွေ များတာကြောင့် လူထုသိ
လာအောင် ပန်းတမော့အနုပညာကို ပြသခဲ့တယ်လို့ ပြောလာသူကတော့ ပန်းတမော့ရေးရာမှူး
ဦးအောင်နိုင်သက် ပါ။

"ပန်းတမော့မှာ ကျောက်ကို ထွင်းထုတဲ့နည်းနဲ့ တိုက်စားတဲ့နည်းဆိုပြီး အလှ ဆင်တာနှစ်မျိုး
ရှိတယ်။ စကျင်ကျောက်၊ မာဘယ်အလှဆင်ကျောက်နဲ့ သဲကျောက် တွေကို စို့နဲ့ထွင်းတဲ့ ရိုးရာ
လက်မှုလုပ် နိုင်ပေမယ့် မာသတ္တိနှုန်းမြင့်တဲ့ ကျောက် စိမ်းကိုတော့ စက်နဲ့ပုံဖော်မှ ရတယ်။
ကျောက်အနုစိတ်အလှဆင်လေ စက် အကူအညီလိုလာလေပဲ" လို့ ဦးအောင် နိုင်သက်က
ပြောပါတယ်။

သစ်သားတွေကို လုံးချောနေအောင် ပြုလုပ်တဲ့ ပန်းပွတ်ပညာရှင် ကိုရဲထွန်း အောင်ကလည်း
ပန်းပွတ်ပြခန်းရဲ့ ထုတ် လုပ်ရေးပိုင်းကို တာဝန်ယူထားပြီး လူသိ နည်းတဲ့ အနုပညာတစ်ခု
ဖော်ထုတ်ခွင့် ရတဲ့အတွက် ၀မ်းသာတယ်လို့ ပြောပါ တယ်။

ပန်းချီ၊ ပန်းပုကို အခြေခံထားတဲ့ ပန်း တော့အနုပညာကတော့ ပန်-ဖန်တီး ခြင်းလက်မှုပညာ၊
တော့-တေ(ရောနှော ကြိတ်နယ်ခြင်း)က ဆင်းသက်လာပြီး ဘိလပ်မြေ၊ သဲ၊ ကော်ရည်တို့နဲ့
ရောနှော ရာကရလာတဲ့ သရွတ်ကို ပုံဖော် အလှဆင်တဲ့ အနုပညာတစ်မျိုးပဲ ဖြစ် ပါတယ်။

"စေတီဘုရားကျောင်းကန်တွေနဲ့ ခု နောက်ပိုင်း လူနေတိုက်တာအဆောက် အအုံတွေမှာ
ပန်းတော့လက်ရာတွေ သုံးလာတယ်။ ဘိလပ်မြေပေါ်လာပြီး နောက်မှာ ကော်ရည်ကို မသုံးကြ
တော့ ဘူး။ ပြသထားတဲ့ အင်းဝခေတ်၊ ပုဂံ ခေတ်လက်ရာတွေကိုတော့ ဆရာကြီး ဦးအေးမြင့် ဒီဇိုင်းလက်ရာစာအုပ်ထဲက ကောက်နုတ်ဖော်ပြထားပါတယ်" လို့ ရွှေတိဂုံစေတီတော်ရဲ့ မြန်မာ
မှုတာဝန်ခံ၊ ပန်းတော့ရေးရာမှူး ဦးကြည်စိုးက ပြောပါတယ်။

ပြပွဲမှာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပန်းဆယ်မျိုးပညာရှင် ၇၀၂ ဦးရဲ့ ပန်းချီ ကား ၉၉၂ ကားနဲ့
ပန်းပု ၁၅၄ ရုပ်ကို ပြသထားပြီး လက်တွေ့ပန်းချီရေးဆွဲ ခြင်း၊ ရုပ်ပြောင်ပန်းချီရေးဆွဲခြင်းနဲ့
ကလေးပန်းချီကဏ္ဍတွေကိုလည်း စုံစုံ လင်လင် တွေ့ရပါတယ်။

"ပန်းဆယ်မျိုးပညာရှင်တွေကို မြို့ နယ်အလိုက် စာရင်းတွေကနေ ဆက် သွယ်ခဲ့ပေမယ့် တချို့
လည်း သတင်း ကြားရာက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ မျှော်လင့်ထားတဲ့အရာတွေထက် ပို
အံ့ဩရတဲ့ လက်ရာကောင်းတွေကို စိတ် ၀င်တစားနဲ့ ပြသကြတဲ့အတွက်လည်း ပညာရှင်
တွေကို ကျေးဇူးတင်ပါတယ်။ပွဲမလုပ်ခင် ခြောက်လအလိုကတည်းက အမျိုးမျိုး စဉ်းစားပြင်ဆင်
လာခဲ့ရတာ အခုလိုအောင်မြင်တဲ့အတွက် အလွန်ပီတိဖြစ်ရပါတယ်"လို့ မြန်မာနိုင်ငံပန်း ရိုးရာ
ပညာရှင်များအစည်းအရုံးဗဟိုမှ အတွင်းရေးမှူး ဦးနီပိုဦးက ပြောပါ တယ်။

ပြသထားတဲ့ ပန်းချီလက်ရာတွေမှာ လည်း ကြေးကို အခြေခံပုံဖော်ရတဲ့ ပန်း တဉ်းနဲ့ဆင်တူတဲ့
သရုပ်ဖော်ပန်းချီတွေ၊ တိုင်းရင်းသားဓလေ့တွေ၊ ရှုမျှော်ခင်းနဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ပုံတူပန်းချီ
တွေ ကိုပါ စုံလင်စွာ တွေ့ရပါတယ်။  

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့