လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 25 September 2013

ထောက်ကူသူများဖြင့် ပိုမြိုင်လာသည့် ငြိမ်းချမ်းရေးခရီး

 “ဗားကရာချောက်ကြီးကို ဆိုရှယ်လစ်အရိုးနဲ့ ဖို့ပစ်မယ်”။

“အေးအေးနေချင်တဲ့ သခင်နု ကြံတောပို့ပစ်မယ်”။

“အစိုးရကို လက်နက်ကိုင်တော်လှန်ရမယ်”ဟု ရဲရဲတောက်စာသားများပါသည့် မိန့်ခွန်းတစ်ရပ်ကို သခင်သန်းထွန်းက လွတ်လပ်ရေးရပြီး သုံးလအကြာ (၁၉၄၈၊ မတ် ၂၇ ရက်)တွင် ပြောကြားခဲ့သည်။ ထို့နောက် ၀ါဒရေးရာကွဲပြားမှုများ ညှိနှိုင်းအဖြေရှာ၍မရတော့ဘဲ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုခဲ့ကာ ပြည်တွင်းစစ်မီးစတင်ခဲ့သည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံးက ကရင်ပြည်နယ်ပေးရန်၊ ပြည်ထောင်စုမှခွဲထွက်လိုက ခွဲထွက်ခွင့်ပြုရန်နှင့် နယ်မြေသတ်မှတ်ပေးရန် စသည့်အချက်သုံးချက်ကို တောင်းဆိုခဲ့သည်။

အစိုးရမှ ပထမအချက်သာ လိုက်လျောခဲ့သဖြင့် တပ်မတော်အတွင်းရှိ ကရင်သေနတ်ကိုင်တပ်ရင်းများ တောခိုသွားခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံးနှင့် ရှေ့ဆင့်နောက်ဆင့်မှာပင် မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ (MNDO) တောခိုသွားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် လွတ်လပ်ပြီးစအချိန်ကပင် ပြည်တွင်းစစ်နှင့်တိုးခဲ့ရပြီး ဒီမိုကရေစီစနစ်ဆုံးရှုံးကာ တိုင်းပြည်လည်း ဘက်စုံနိမ့်ကျခဲ့ရသည်။ စစ်တပ်အင်အားပိုကောင်းလာပြီး အဆုံးတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဖွံ့ဖြိုးမှုညွှန်းကိန်းအားလုံး အောက်စိုက်ဆင်းခဲ့သည်။ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးရရှိရန် ကြိုးစားခဲ့သော်လည်း အဖွဲ့အချို့နှင့်သာ အပစ်အခတ်ရပ်စဲရေးအဆင့်သို့ အမြင့်ဆုံးရောက်ခဲ့ပြီး နောက်ဆယ်စုနှစ်ခြောက်ခုကျော်သည့်အထိ ငြိမ်းချမ်းရေးမရဘဲ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားသော နိုင်ငံဖြစ်ခဲ့သည်။

သို့သော် လက်ရှိသမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသက်တမ်း သုံးနှစ်နီးပါးအချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေးအသံများ ပိုမိုကျယ်ကျယ်လောင်လောင်ကြားရသည်။ ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်း၊ နိုင်ငံရေးအင်အားစုများကြား ပိုပြီးလှုပ်လှုပ်ရှားရှားမြင်တွေ့လာရချိန်မှာပင် ငြိမ်းချမ်းရေးအတွက် ပုံစံမျိုးစုံဖြင့်ကူညီမည့် နိုင်ငံတကာအသိုက်အ၀န်းကလည်း အားကောင်းလာပြီဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် အချိန်တန်ပါပြီလားဟုပင် ဆိုရမည့်အချိန်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ကျန်နှစ်ဖွဲ့ဖြစ်သော ကေအိုင်အေနှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) နှင့် ဆွေးနွေးလျက်ရှိပြီး ကေအိုင်အေနှင့် အောက်တိုဘာလတွင် ဆွေးနွေးရန် သဘောတူညီမှုရရှိထားပြီဖြစ်သည်။

ထို့ကြောင့် အစိုးရအဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလကုန်တွင် လက်မှတ်ထိုးနိုင်ရန်ပြင်ဆင်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နောက်ဆုံးအဆင့်ဖြစ်သော နိုင်ငံရေးဆွေးနွေးမှုများ စတင်နိုင်ရန်အတွက် ပြင်ဆင်မှုများပင် စတင်ပြုလုပ်လျက်ရှိသည်။

“နောက်တစ်ဆင့်တက်ဖို့ဖြစ်နေပြီ။ နိုင်ငံရေးဆွေးနွေးကြတော့မယ်။ ဆွေးနွေးနိုင်ဖို့အတွက် အဆင့်ငယ်လေးနှစ်ဆင့်လုပ်ရမယ်”ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

သို့သော် အချို့သောအဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် ယုံကြည်မှုတည်ဆောက်ရေးအပါအ၀င် အခြားသော စိန်ခေါ်မှုများစွာရှိနေသေးသည်ဟု ဦးလှမောင်ရွှေကဆိုသည်။

ယခုအခြေအနေထိရောက်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆောင်ရွက်နိုင်ခြင်းသည် လက်ရှိအစိုးရအပါအ၀င် အဖွဲ့အစည်းခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စဉ်းစားတွေးခေါ်ပုံများ ပြောင်းလဲလာခဲ့ခြင်းကြောင့်လည်းပါဝင်သည်။

လက်ရှိအင်အားစုများတွင်ရှိသော ခေါင်းဆောင်များသည်ပင် ယခင်ကကဲ့သို့ လက်ဝဲလက်ယာဝါဒရေးရာအားပြိုင်မှုများ မရှိသလောက်ဖြစ်သွားပြီး နှစ် ၅၀ ကျော်ကြာ ကျင်လည်ခဲ့သည့် အဆိုးသံသရာထဲတွင် ထပ်မံမကျင်လည်ချင်တော့သည့် စိတ်ထားများရှိနေကြကြောင်း ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ငြိမ်းချမ်းရေးတာဝန်ခံဦးမြအေးက သူ၏အမြင်ကိုပြောသည်။

“သမ္မတဦးသိန်းစိန်က ဘယ်လိုစဉ်းစားသလဲဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းတဲ့နည်းက စကားဝိုင်းမှာဆွေးနွေးတဲ့နည်းပဲရှိတယ်လို့ ခံယူထားတယ်”ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကပြောသည်။

“နှစ်ပေါင်း ၅၀ ကျော် စစ်တိုက်ပြီးပြီ။ ကရင်လည်းသေတယ်။ ဗမာလည်းသေတယ်။ ဘာမှအကျိုးမရှိဘူး။ ဒါကိုပြန်စဉ်းစားရမယ်။ နောက်လူငယ်တွေအတွက် ကောင်းအောင်လုပ်ရတော့မယ်”ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)မှ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ဂျော်နီက ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၂ ရက် ဘားအံမြို့နယ်၌ တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှ စတင်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို ပြန်လည်သုံးသပ်လျှင် ပထမဇစ်မြစ်မှာ အိုင်ဒီယိုလိုဂျီပြဿနာဖြစ်ပြီး ဒုတိယဇစ်မြစ်မှာ လူမျိုးစုပြဿနာနှင့် ပင်လုံသဘောတူညီချက်တို့ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများကပြောသည်။

ထို့အချိန်က ကမ္ဘာကြီး၌လည်း ဆိုဗီယက်အုပ်စုနှင့် အမေရိကန်အုပ်စုတို့၏ လက်ဝဲလက်ယာအားပြိုင်မှု အိုင်ဒီယိုလိုဂျီမှာ မြင့်မားနေပြီး အပြန်လှန်ထောက်ပံ့မှုများ ရှိခဲ့သည်။

ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၈ ခုနှစ် ဇူလိုင် ၃၀ ရက်၌ သင်ပုန်းချေလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ခဲ့သည်။ အစိုးရဘက်မှ လက်နက်စွန့်ပါက ဥပဒေဘောင်အတွင်း တရားဝင်ခွင့်ပြုမည်ဟု ကြေညာခဲ့သည်။ ကွန်မြူနစ်များဘက်ကမူ ပထမတွေ့ဆုံဆွေးနွေးပြီး ပြေလည်မှ လက်နက်စွန့်မည်ဟု ကြေညာခဲ့သည်။ လက်နက်ချရေး၊ တွေ့ဆုံဆွေးနွေးရေး အပြန်အလှန်ငြင်းခုံနေကြပြီး ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့ရသည်။

၁၉၆၃ ခုနှစ်တွင်တစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန်ကြိုးစားခဲ့သော်လည်း အပြန်လှန်မယုံကြည်မှုများကြောင့် အပစ်အခတ်ရပ်စဲရေးအဆင့်ပင် မရောက်ခဲ့ပါ။ ထိုစဉ်က တော်လှန်ရေးကောင်စီအစိုးရမှာ အမှန်တကယ်ငြိမ်းချမ်ရေးရလို၍မဟုတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်လို၍ လက်နက်ကိုင်အဖွဲ့များနှင့် အယောင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးသမားများကသုံးသပ်သည်။ အလားတူ န၀တအစိုးရလက်ထက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရှိခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးမှုများ မလုပ်နိုင်သဖြင့် သေနတ်သံပြန်ကြားခဲ့ရသည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိရရှိထားသော အခြေအနေသည် ယခင်အစိုးရအဆက်ဆက် မရရှိထားသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ပြည်တွင်းအင်အားစုများအပြင် နိုင်ငံတကာ၏ထောက်ခံမှုမှာလည်း ယခင်အစိုးရများထက် သာလွန်နေသည့် အနေအထားတွင်ရှိနေသည်။

နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ဂျပန်၊ နော်ဝေးနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ငွေကြေးနှင့် နည်းပညာအရပါပေးမည်ဟု ကတိက၀တ်များ ရရှိထားသည်။

ကုလသမဂ္ဂမှ ဒေါ်လာငါးသန်း၊ ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း ဥရောပသမဂ္ဂ၊ အင်္ဂလန်နှင့် ဂျပန်နိုင်ငံများအပါအ၀င် အလှူရှင်များမှ အမေရိကန်ဒေါ်လာ ၂၁ သန်းနှင့် ယူရိုငွေ ၁၅၀၀၀၀၀ ခန့် ထောက်ပံ့ရန် သဘောတူထားပြီး ဖြစ်သည်။

အဆိုပါငွေကြေးများဖြင့် တိုင်းရင်းသားဒေသများအတွက် လူသားချင်းစာနာမှုအထောက်အပံ့များ၊ စာနပ်ရိက္ခာများနှင့် မိုင်းရှင်းလင်းရေးများ ဆောင်ရွက်နေပြီဖြစ်သည်။ အစိုးရအနေဖြင့်လည်း ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေးစင်တာတစ်ခု ဖွင့်လှစ်၍ ပညာရှင်များ ခန့်အပ်ဆောင်ရွက်လျက်ရှိသည်။

“အကုန်လုံးက ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် လုပ်နိုင်မယ့်အခြေနေကောင်းလို့ ပြောချင်တယ်။ ဒီအခြေအနေကို လက်လွှတ်တာ၊ မလွှတ်တာကလည်း လက်ရှိအစိုးရနှင့်ပဲ သက်ဆိုင်လိမ့်မယ်”ဟု လူ့ဘောင်သစ်ပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်မိုးဇော်ကပြောကြားသည်။

နိုင်ငံတကာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အဆင့် ၃ ဆင့် သတ်မှတ်ထားသည်။ ပထမအဆင့် အပစ်အခတ်ရပ်စဲရန်၊ ဒုတိယအဆင့်အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ တတိယအဆင့်တွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်တို့ဖြစ်သည်။

လက်ရှိအခြေအနေတွင် အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ လက်နက်ကိုင်တပ်ဖွဲ့ ၁၆ ခုရှိသည့်အနက် ၁၄ ခုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီး ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိပြီး တချိန်တည်းမှာပင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး၊ မိုင်းရှင်းလင်းရေးနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိသည်။ ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် စက်မှုဇုန်တစ်ခုတည်ဆောက်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ စီးပွားရေးလုပ်ငန်းများ တရားဝင်လုပ်ကိုင်လျက်ရှိသည်။

အစိုးရ၏ တရားဝင်စာရင်းအရ လူလေးဦးလျှင်တစ်ဦး ဆင်းရဲနေသော မြန်မာနိုင်ငံ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်ပင် ငြိမ်းချမ်းရေးကို များစွာအထောက်အကူပြုနိုင်လိမ့်မည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများ၏ ဆင်းရဲမှုမှာ ပျမ်းမျှလူနှစ်ဦးတွင်တစ်ဦးခန့် ဆင်းရဲနေပြီး ရှမ်းပြည်နယ်၌ ၃၃ ရာခိုင်နှုန်း ဆင်းရဲလျက်ရှိသည်။ လက်ရှိ လက်နက်ကိုင်အင်အားမှာ နှစ်သိန်းခန့်ရှိပြီး ဒုက္ခသည်အနေဖြင့် သုံးသိန်းကျော်ခန့်ရှိနေသည်။

ငြိမ်းချမ်းရေးမရပါက ဒီမိုကရေစီစနစ်ရှင်သန်ရန်နှင့် နိုင်ငံဖွံ့ဖြိုးရန်မှာ မဖြစ်နိုင်ပေ။ ဆယ်စုနှစ်ငါးခုကျော်ကြာ မျှော်လင့်ခဲ့ရသော ငြိမ်းချမ်းရေးအိပ်မက်မှာ လက်တွေ့အကောင်အထည်ဖော်ရန် လက်ရှိအခြေအနေမှာ အချိန်အခါကောင်းဖြစ်သည်။ အချိန်တော့ သိပ်ရှိလှသည်မဟုတ်ပေ။ အစိုးရက ၂၀၁၃ ခုနှစ်ဆန်းပိုင်းတွင် နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန်စီစဉ်ထားသည်။

လာမည့်ဒီဇင်ဘာလတွင် စတင်မည့် ဆီးဂိမ်းနှင့် လပိုင်းအတွင်း တာဝန်ယူရမည့် အာဆီယံဥက္ကဋ္ဌရာထူးစသည်တို့ကလည်း အစိုးရကို ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် တွန်းအားများ ဖြစ်နေပါသည်။ နိုင်ငံရေးဆွေးနွေးမှုများသည် လက်ရှိအပစ်အခတ်ရပ်စဲရေးထက် များစွာနက်နဲပြီး တပ်မတော်နှင့်လွှတ်တော်အပါအ၀င် အဖွဲ့အစည်းအသီးသီးက ပါဝင်လာတော့မည်ဖြစ်သည်။ နိုင်ငံရေးလေ့လာသူအချို့က လက်ရှိအခြေခံဥပဒေဖြင့် ထာဝရငြိမ်းချမ်းရေးမရနိုင်သောကြောင့် ဥပဒေကိုပြင်ရန်လိုကြောင်း ထောက်ပြထားသည်။

ပြည်ထောင်စုကြီးမှခွဲထွက်မှု၊ အချုပ်အခြာအာဏာကို ထိပါးသည့်ကိစ္စမှလွဲ၍ ကျန်ကိစ္စများ ဆွေးနွေးကြတော့မည်ဖြစ်သည်။ အထူးသဖြင့် ဖက်ဒရယ်ကိစ္စ၊ အရင်းအမြစ်ခွဲဝေခြင်း၊အာဏာခွဲဝေခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှကိစ္စများ ဆွေးနွေးကြတော့မည့်အချိန်လည်း ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ရိုးသားပွင့်လင်းမှု၊ မျှတမှု၊ အမြော်အမြင်ကြီးမှု၊ အမြင်ကျယ်မှု၊ သည်းခံဇွဲကောင်းမှုတို့သည် အဓိကဖြစ်သည်။ အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်ပြီး ညှိနှိုင်းရယူနိုင်ဖို့ လိုပေလိမ့်မည်။

လက်ရှိရရှိထားသော အခွင့်အရေးကြီးကို လက်မလွှတ်ဖို့တော့ လိုပေလိမ့်မည်။

ကိုးကား-မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း၊ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် (၁၉၄၈-၁၉၈၈) ကျော်ဝင်း

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့