Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 28 September 2013

သတ်မှတ်ရက်လွန် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများ ရက်တိုးလက်ခံမည်




ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းရသော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံး လက်ခံမည် ဖြစ်သော်လည်း နောက်ကျသည့် အကြောင်းအရင်း ခိုင်လုံသော လျှောက်လွှာများကို အောက်တိုဘာ လဆန်းထိ လက်ခံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။

ယင်းတက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ဖောင်များကို စက်တင်ဘာလ ၂ ရက်နေ့တွင် မြို့နယ်ပညာရေးမှူး ရုံးများ၌ စတင်လက်ခံခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး တင်သွင်းရမည် ဖြစ်ကြောင်း၊ သို့သော် စာရွက်စာတမ်း လိုအပ်သော လျှောက်လွှာများကိုမူ ရန်ကုန်နှင့် နေပြည်တော် စာစစ်ဌာနများတွင် အောက်တိုဘာလ ပထမပတ်အထိ လာရောက် တင်သွင်းနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“နီးတော့မှ ဖြေချင်စိတ်ရှိတဲ့သူတွေ ရှိတယ်။ ဒါကြောင့် နောက်ဆုံးတံဆိပ် မရိုက်ခင် အချိန်ထိ ဖောင်တွေ လက်ခံပေးတာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလကုန် နောက်ဆုံး တင်သွင်းရမည် ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူ များနှင့် အခြားဒေသ အခြေအနေပေါ် မူတည်ကာ သက်မှတ်ရက်လွန် ဖောင်များ လက်ခံပေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက ပြောကြားသည်။

နိုင်ငံတစ်ဝန်း နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာ တင်သွင်းသူဦးရေ ငါးသိန်းကျော် ရှိပြီး ၎င်းတို့အတွက် စာမေးပွဲ ဖြေဆိုခွင့် ကတ်များကို လာမည့်နှစ် ဇန်နဝါရီလတွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက စုံစမ်းသိရှိရသည်။

ယခင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများ၌ စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာ တင်သွင်းသူ ၅၃၁,၃၈၃ ဦး ရှိပြီး ဝင်ရောက် ဖြေဆိုသူ ၄၈၇,၄၁၀ ဦး ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့