
မြန်မာနိုင်ငံ အတွင်းတွင် စက်ရုံ တည်ဆောက်ရန် နေရာ ရှာဖွေသော်လည်း နေရာရရှိရန် အခက်အခဲများ ရှိနေသောကြောင့် စက်မှုဇုန် အကောင်အထည်ဖော် တည်ဆောက်ရန် စီစဉ်နေကြောင်း ဗီယက်နမ် အခြေစိုက် အိမ်၊ ခြံ၊ မြေ နှင့် ဖွံ့ဖြိုးရေး ကုမ္ပဏီကြီး C.T Group က ကြေညာသည်။
ဗီယက်နမ် စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း ပိုမိုရရှိရန် ရန်ကုန်မြို့တွင် စက်မှုဇုန်တစ်ခု တည်ဆောက်ရန် စီစဉ်နေပြီး ပြည်တွင်းရှိ တာဝန်ရှိသူများထံ တရားဝင် လျှောက် ထားလာကြောင်း ယင်းလုပ်ငန်း အုပ်စုထံမှ သိရသည်။
အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူများသည် ပြီးခဲ့သော သြဂုတ်လအတွင်းက နေပြည်တော်တွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် စက်မှုဇုန် တည်ဆောက် အကောင်အထည်ဖော်ရန် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း C.T Group ထံမှ သိရသည်။
C.T Group သည် အိမ်၊ ခြံ၊ မြေ လုပ်ငန်းအပြင်၊ သတ္တုတူးဖော်ရေး၊ စားသောက်ကုန် ထုတ်လုပ်ဖြန့်ချိရေး၊ ဘဏ္ဍာရေး၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ဈေးဝယ်စင်တာ လုပ်ငန်းများ လုပ်ကိုင်နေပြီး ဗီယက်နမ်နိုင်ငံတွင် အကြီးဆုံး လုပ်ငန်းစုကြီးများတွင် ပါဝင်ကာ ကုမ္ပဏီခွဲ ၃၆ ခု ရှိသည်။
ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၅၁၁ ဒသမ ၈၁၆ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
No comments:
Post a Comment