Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 28 September 2013

လယ်ယာမြေ အငြင်းပွားမှု ဖြစ်စဉ်တွင် တောင်သူများကို ဆဲဆိုကြိမ်းမောင်း၍ ဓားဖြင့်လိုက်သည့်ဖြစ်စဉ် နေပြည်တော်တွင်ဖြစ်ပေါ်



(တောင်သူ ဒေါ်ပေါက်စ ၊ ဒေါ်ချစ်စု ၊ ဒေါ်သန်းမြင့်)


(ဗိုလ်မှူးဟောင်း ခင်မောင်ဝင်း၏ အလုပ်သမားခေါင်း ခင်မောင်ဌေး)


(ဗိုလ်မှူးဟောင်း ခင်မောင်ဝင်း၏ အလုပ်သမားများ ခြံစည်းရိုး ကျောက်တိုင်စိုက် ၊ သွပ်စူးကြိုး ကာနေကြစဉ်) နေပြည်တော် ကော်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု ၊ မကျည်းကုန်း ကျေးရွာ နှင့် ဂွေးတောက်ရိုးကျေးရွာမှ တောင်သူများသည် လယ်ယာမြေများကို ရယူထားသူ ဗိုလ်မှူးဟောင်း ဦးခင်မောင်ဝင်း၏ အမှုဖွင့်တိုင်ကြားခြင်းကို ခံထားရပြီး ပြဿနာများ ဆွေးနွေးညှိနှိုင်းမပြီးမချင်း ခြံစည်းရိုး ကျောက်တိုင်စိုက်ခြင်း ၊ သွပ်စူးကြိုးကာရံခြင်းများ မပြုလုပ်ရန် တောင်သူများက တားမြစ်ထားသည်ကို ယနေ့ ၂၇.၉.၂၀၁၃ရက်နေ့တွင် ဗိုလ်မှူးခင်မောင်ဝင်း၏ အလုပ်သမားခေါင်းများဖြစ်ကြသည့် ခင်မောင်ဌေး ၊ ဆန်းထွန်းပါ (၄)ဦးက တောင်သူ အမျိုးသမီးများကို မကြားဝံ့မနာသာ စကားများ ပြောဆို၍ ဓားဖြင့် လိုက်သည်ကို ဒက္ခိဏမြို့မ(ပေါက်တော) ရဲစခန်းတွင် သွားရောက်အမှုဖွင့် တိုင်ကြားရာ စခန်းမှူး မရှိသဖြင့် ဂတ်စာရေးက လက်ခံထားလိုက်ပြီး နောက်နေ့ စခန်းမှူးလာမှ အမှုဖွင့်ပေးမည်ပြောဆိုလိုက်ကြောင်း သိရသည်။

ယနေ့ နေ့လည်အချိန်တွင် ဖြစ်ပွားခဲ့သော ပြဿနာဖြစ်ပြီး တောင်သူများက ခြံစည်းရိုးကျောက်တိုင် စိုက်ခြင်း ၊ သွပ်စူးကြိုးကာရံခြင်းများကို တားမြစ်ကြရာ ဗိုလ်မှူးခင်မောင်ဝင်း(ငြိမ်း)၏ အလုပ်သမားခေါင်း ခင်မောင်ဌေး တို့က တောင်သူ အမျိုးသမီးများကို  `နင်တို့ကို (--ိုး)သတ်ပစ်မယ် ဟု အော်ဟစ်ဆဲဆိုပြီး ဓားဖြင့် လိုက်ခြင်း ဖြစ်သည်ဟု တောင်သူ အမျိုးသမီး ဒေါ်ပေါက်စက ပြောသည်။

အဆိုပါမြေနေရာသည် အမြန်လမ်း ၂၀၄ မိုင် နှင့် ၂၀၄မိုင်၎ဖာလုံအကြား တည်ရှိပြီး တောင်သူများက ၎င်းတို့၏ လယ်ယာမြေများ၏ တန်ဖိုးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပေးရန် တောင်းဆိုခြင်းကို ဗိုလ်မှူးဟောင်း ဦးခင်မောင်ဝင်းက ၎င်းအား သစ်တောမှ လုပ်ပိုင်ခွင့် ပေးထားသည်ဟူသော အပြောဖြင့် တောင်သူများကို အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်ပြီး ၎င်း၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ တောင်သူများ သိရှိရခြင်း မရှိခဲ့ပေ။

နေပြည်တော်ကောင်စီ ၊ သစ်တောဌာန တိုင်းရုံးတွင် ဦးငွေထွန်း နှင့် တောင်သူများ သွားရောက်စုံစမ်း ခဲ့ရာ ဦးခင်မောင်ဝင်းအား လုပ်ပိုင်ခွင့် ချထားပေးခြင်း မရှိကြောင်း သိရှိခဲ့ကြရသည်။ တောင်သူများအား အမှုဖွင့် တိုင်ကြားထားခြင်း နှင့် ပတ်သက်၍လည်း ရဲစခန်းမှ တရားရုံးကို လွှဲပြောင်းခြင်း မရှိသေးရာ တောင်သူများ နှင့် ဦးခင်မောင်ဝင်း၏ အလုပ်သမားများအခြေအနေမှာ တင်းမာမှုများ ဖြစ်ပေါ်နေရပြီး တရားရုံးတွင် တေ့တေ့ ဆိုင်ဆိုင်ရှင်းလင်းရပါက ဒီကိစ္စ အမှုမှန်ပေါ်လာမှာဟု ဦးငွေထွန်းက သုံးသပ်ပြောဆိုသည်။ တိုင်းသစ်တော ဦးစီးရုံးမှလည်း တောင်သူများ အမှုဖွင့်တိုင်ကြားခံထားရခြင်း နှင့် ပတ်သက်၍ လိုအပ်သည်များ စုံစမ်းမေးမြန်း လိုပါက အချိန်မရွေးလာရောက်နိုင်ကြောင်း ပြောဆိုထားသည်။

ယနေ့ ဖြစ်ပေါ်ခဲ့သော အခြေအနေသည် ဦးခင်မောင်ဝင်း၏ အလုပ်သမားခေါင်း ဦးခင်မောင်ဌေးက အလုပ်သမား (၂၀)ခန့်ကို ခေါ်လာကာ တောင်သူများကို မကြားဝံ့မနာသာ ဆဲဆိုကြိမ်းမောင်း၍ ဓားဖြင့် လိုက်ခြင်းသည် မြေယာပြဿနာနှင့် မဆိုင်ဘဲ ကိုယ်ထိလက်ရောက်ကျူးလွန်ရန် ကြံစည်မှု ၊ ဆဲဆိုကြိမ်းမောင်းမှုဖြင့် အမှုဖွင့်ပေးရမည့် ကိစ္စသာဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့