Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 28 September 2013

ဒုကာချုပ်ဟောင်းမိသားစုဝင်များကို အစိုးရစက်မှုဝန်ကြီးဌာနက မောင်းထုတ်



လက်ရှိအစိုးရကို အေးချမ်းစွာ အာဏာလွှဲပြောင်း ပေးအပ်ခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင်များ ပိုင်ဆိုင် လုပ်ပိုင်ခွင့်ရထားသော လှိုင်သာယာမြို့နယ်၊ ၀င်းသူဇာ အရောင်းဆိုင်ကို အစိုးရ စက်မှုဝန်ကြီးဌာနမှ တင်ဒါခေါ်ယူ ရောင်းချခဲ့ပြီး ယခုလကုန်အတွင်း (နှစ်ပတ်ခန့် အချိန်) ဆိုင်မှ ပစ္စည်းများနှင့်တကွ ဖယ်ရှားပေးရန် အကြောင်း ကြားခဲ့ကြောင်း၊ လုံလောက်သော အချိန်မပေးဘဲ ရက်ပိုင်းအတွင်း ဆိုင်မှ မောင်းထုတ်သည့် သဘောဖြစ်ကြောင်း ၎င်းဆိုင်၏တာဝန်ခံက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ၀င်းသူဇာဆိုင်များသည် နယက အစိုးရလက်ထက် (၂၀၀၉ခုနှစ်) ဦးမောင်အေး အာဏာရှိစဉ်က စက်မှု(၁) ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း စီမံခန့်ခွဲမှုဖြင့် ပုဂ္ဂလိကသို့ သတင်းစာမှ တရားဝင် ခေါ်ယူ ငှားရမ်းလုပ်ကိုင် ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

လှိုင်သာယာ ၀င်းသူဇာဆိုင်မှ ကိုဘုန်းနိုင်(ဦးမောင်အေး၏ မိသားစုဝင်တစ်ဦး)က ““အခုလက်ရှိ စက်မှု ၀န်ကြီးဌာန၀န်ကြီးနဲ့ အောက်က ထွေ/ထိန်း ဌာနနဲ့ပဲ သက်ဆိုင်တာ။ ၀န်ကြီးကတော့ ကျွန်တော် ခြုံပြောရတာပေါ့ဗျာ။ အဓိက သက်ဆိုင်သူကတော့ မြန်မာ့အထွေထွေ ပြုပြင်ထိန်းသိမ်းရေးဌာန၊ ထွေ/ ထိန်းဌာနကို ဒီဝင်းသူဇာဆိုင်လေးက၊ လှိုင်သာယာက။ ထွေ/ ထိန်း အောက်က ဆိုင်ဆိုတော့ ထွေ/ ထိန်းနဲ့ စာချုပ်ချုပ်ပြီး ထွေ/ထိန်း ဌာနကို ကျွန်တော်တို့က စပေါ်တင်ထားရတာ။

စပေါ်တင်တဲ့အထဲမှာ ကျွန်တော်တို့က အဲဒီလှိုင်သာယာကပဲ ကျန်စစ်သား ဆိုင်တစ်ခန်းကို သိန်း ၇၀၀ တန်တယ်။ နှစ်ခန်း သိန်း ၁၄၀၀ တန်ကို ကျွန်တော်တို့ စပေါ်တင်ထားတာ။ အဲဒီတင်တဲ့ အချိန်တုန်းကတော့ တစ်ခန်းကို သိန်း ၂၅၀ ပေါ့ဗျာ။ အခု ကာလတန်ဖိုးက သိန်း ၇၀၀ ပေါက်နေတယ်။ အဲဒါကြီး ပျောက်နေတယ်။…

ဒီဆိုင်ကတော့ ကျွန်တော်တို့ ဒီလိုငြိနေတယ်။ ကျွန်တော်တို့ဟာကြီး ပျောက်နေတယ်။ ပြန်ပေးဖို့အတွက် မရှိဘူးနော်။ အဲလိုမျိုး အောက်ကတာဝန်ယူ၊ ပြီးတော့ GM တို့ ဘာတို့အဆင့်တွေက မတင်ပြလို့ပေါ့။ ဒီလကုန်နောက်ဆုံး။ ဒီလ ၃၀ရက်ကို အပြီးရွှေ့ပါ ဆိုပြီးတော့ ကျွန်တော်တို့ကို စာထုတ်ထားတာ။

ဘာမှလည်း လုပ်ခွင့်မရှိတော့ဘူး။ အချိန်လည်း ဆွဲလို့မရတော့ဘူး။ ဖြစ်စဉ်က ဘယ်လိုလဲဆိုတော့ ဒီစက်မှု ဆိုင်တွေကို ၀င်းသူဇာဆိုင်တွေကို ငှားတဲ့ အချိန်တုန်းက သူတို့က ငှားခါနီးတင်ဒါပေါ့၊ အရင်ဦးဆုံး တင်ဒါဆွဲဖို့ အချိန်လုပ်တယ်။ တင်ဒါလုပ်တဲ့အချိန်မှာ သူတို့က ကွင်းဆင်းပြီးတော့ ဆိုင်တွေမှာ ကုန်ပစ္စည်းလက်ကျန် ဘယ်လောက်ရှိတဲ့အချိန် သူတို့ စက်မှုပစ္စည်းတွေကို ကျွန်တော်တို့က လွှဲယူထားခဲ့ရတာ။ ၀ယ်ထားခဲ့ရတာဗျာ စယူတုန်းက။ ဘယ်ဆိုင်ကတော့ ဘယ်လောက် ကျန်သေးတယ်။ ဥပမာ ကျွန်တော်တို့ဆိုင်ဆိုရင် သိန်းပေါင်း ဘယ်လောက်ရှိတယ်၊ စက်မှုပစ္စည်းက။ လက်ရှိက သိန်း ၆၀၀ လောက် ရှိတယ်။ သူတို့ စာရင်းကောက်သွား တယ်။ ဘာလို့ကောက်လဲ ကျွန်တော်တို့မေးတော့ တင်ဒါကျရင် ဒီဟာ၊ ဒီဟာ ဒီဆိုင်တွေဟာ ဒီလိုတွေရှိနေ တယ်။ ၀န်ကြီးကို တင်ပြမယ်ပေါ့ဗျာ။ အနစ်နာခံတဲ့ လူတွေဆိုပြီး ကျွန်တော်တို့ကို စပြောမယ်။ တင်ဒါတော့ ၀င်ပြိုင် ဈေးချင်း တူလာရင် စဉ်းစားကြည့်လေ၊ တင်ဒါအောင်မြင်သူပဲ ကြေညာမယ် ဘာညာဆိုတော့ ဒါနည်းနည်း ဟထားတာလေ။ ကျွန်တော်တို့ကို ခေါ်ပြောတာကတော့ ဒီဟာတွေ ကုန်ပစ္စည်း လက်ကျန်တွေတော့ ရှိနေတယ်။ ခင်ဗျားတို့ကိုတော့ ငဲ့ညှာမှာပဲ။ တင်ဒါလည်း လုပ်လည်းလုပ်ရော ကျွန်တော်တို့ကို မခေါ်တော့ပြန်ဘူး။ မခေါ်တော့ဘူး ဆိုတော့ တင်ဒါအောင်တဲ့လူ ပထမ ငါးယောက်ကို ခေါ်ညှိမယ်ဆိုပြီး နောက်တော့ ချက်ချင်းပဲ အဲဒီပွဲမှာတင် မိနစ် ၂၀ လောက်ပဲ ကြာတယ်။ တင်ဒါ ဖွင့်နေတဲ့ အချိန်မှာ သုံးယောက်ဖြစ်သွားရော ဖွင့်ပြီးတဲ့ အချိန်မှာ။ အမှန်ကတော့ အဲဒီသုံးယောက်မှာ သူတို့အုပ်စုတွေက အကုန်ရထားပြီးပြီ။ ကဲ ထားတော့ ငါတို့ ကံမပါတော့ မရဘူး။ မရဘူးဆိုတဲ့ အချိန်မှာ သူတို့က ဘာထပ်ပြောလဲဆိုတော့ ခင်ဗျားတို့ကို ဆိုင်ခန်းပြောင်းတဲ့ အချိန်လေးတော့ အထိုက်အလျောက်တော့ ပေးရမှာပေါ့ဗျာ ဆိုပြီးတော့ သူတို့ပါးစပ်က ထွက်ပြန်ရောဗျ သိလား။  ပြီးတော့မှ ထွက်တော့မှ လူတွေ နည်းနည်း ငြိမ်လောက်ပြီ ဆိုတော့မှ …. တွေနဲ့ စာချုပ်ချုပ်တော့မယ်။ တစ်ရက် နေ့ဆို စာချုပ်ချုပ်ပြီ။ ခင်ဗျားတို့ ဒီလအပြီးဆင်းပါ ဆိုတဲ့စာတွေ ထုတ်ပစ်လိုက်တာ။ ကျွန်တော်တို့ ဒီဝင်းသူဇာကို ယူတယ်ဆိုတာလည်း တိုးတိုးတိတ်တိတ် ယူခဲ့ကြတာမဟုတ်ဘူး။ အဲဒီအချိန်တုန်းက သတင်းစာထဲမှာပဲ ကျွန်တော်တို့ခေါ်ခဲ့တာ။ ၀င်းသူဇာ ကိုယ်စားလှယ် အရောင်းဆိုင်များအဖြစ် ငှားရမ်းမှာဖြစ်ပါတယ်။ အရောင်းပစ္စည်းတွေ ယူရပါမယ်။ အခြားပြင်ပပစ္စည်းတွေ မရောင်းရဘူး။ စက်မှုပစ္စည်းတွေကိုပဲ ကျွန်တော်တို့ဝယ် ပေးပါ။ အဲဒီပစ္စည်းတွေကိုပဲ ရောင်းပေးပါ။ တစ်လကို ဘယ်နှသိန်းဖိုး ရောင်းပေးပါဆိုပြီး သူတို့ ၀န်ကြီးဌာနမနိုင်တဲ့ အထုပ်ကို ကျွန်တော် တို့ကို စမ်းသပ်ချင်တဲ့ သူတွေကို ခေါင်းပေါ်တင်ပေးခဲ့တာ။ အဲဒီအချိန်တုန်းက တကယ်တမ်းရှိတာက နှုတ်ကတိနဲ့ ကျွန်တော်တို့ကို ငါးနှစ်ဆိုပြီး ပြောခဲ့တယ်။ ခင်ဗျားတို့ ငါးနှစ်လောက်တော့ အချိန်ပေးမှာပေါ့ဆို ပြီးတော့ပြောခဲ့တယ်။ ဒါပေမဲ့လို့ နှစ်နှစ်ကိုတစ်ခါ၊ နှစ်နှစ်ကို တစ်ခါစာချုပ်တာ။ အခုကလည်း ဒီလိုကိစ္စလုပ်မယ် ဆိုတာ ကျွန်တော်တို့အတွက် ပြင်ဆင်ချိန်မရဘူး။ တစ်လလောက် အတွင်းမှာတင် လုပ်ချပစ်လိုက်တာ။

အခုကတော့ ကျွန်တော်တို့ မရတော့တဲ့ အတွက် ကျွန်တော်တို့မှာ ရွှေ့ပြောင်းဖို့ အချိန်တော့ ရှိတယ်လေဗျာ။ ရွှေ့ပြောင်းဖို့ အချိန်တော့ သူတို့ပေးရမှာပေါ့။ အနည်းဆုံး တစ်လ၊ နှစ်လတော့ သူတို့ ပေးရမယ်လေ။ သိထား သလောက်ကတော့။ ဆိုင်မရှိတဲ့သူတွေက ဘယ်မှာသွားထားမလဲ။ လှိုင်ဝင်းသူဇာဆို ကျွန်တော်ကြားတာ အနောက်ဘက်က ဂိုထောင်လေးထဲမှာ သွားပြီးထိုးသိပ်ထည့်ရမလို”” ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်၏ ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်း ဖွင့်လှစ်ထားသော စက်မှုဝန်ကြီးဌာနက ၀င်းသူဇာ ဆိုင်ကိုလည်း လေလံပစ်ခဲ့ကြောင်း အဆိုပါ ၀င်းသူဇာဆိုင်ကို လက်ရှိ လုပ်ကိုင်ခွင့်ရနေသူ ဒေါ်စပယ်မော်က ““နစ်နာတာကတော့ တော်တော်နစ်နာတယ်။ အစ်မကတော့ အချိန်တောင်းထားတယ်။ အချိန် ၅ လ ပေးပါဦးလို့။ အဲဒါပဲ ပြောထားသေးတယ်။ ဒီနေ့တော့ စာရောက်လာပြီဆိုတော့ မနက်ဖြန် အစ်မ စာပို့ မှာပေါ့နော်။ ၅ လလောက် ပေးပါဦးလို့။ ကိုယ့်ရဲ့ ဌာနဆိုင်ရာကိုပဲပေါ့။ ၃၁ သိန်းခွဲနဲ့ လေလံပစ်သွားတာ။  စက်မှုက စည်ပင်ကနေတစ်ဆင့် ဒေါ်စံပယ်မော်ကိုတော့ သူတို့ ငှားရမ်းထားတယ်ပေါ့။ ဒေါ်စံပယ်မော်မှ မယူရင် သူတို့ကို ပြန်အပ်ပါဆိုတာ သူတို့ ထုတ်ပြန်ထားတော့ အန်တီ ဖတ်ခဲ့ရတယ်။ အန်တီက စည်ပင်ကနေ စာချုပ် ချုပ်ထားတယ်။ ဒေါ်စံပယ်မော်က ဘယ်နှခုနှစ်က စည်ပင်အမိန့်နဲ့ ငှားထားတယ်။ ဒေါ်စံပယ်မော် ဆက်ငှားမယ်ဆို လေလံ မတင်ရဘူးပေါ့။ အဲလိုရေးထားတယ်။ ဆက်မငှားတော့ဘူးဆို သူတို့ကို ပြန်အပ်ပါလို့ ပြောထားတယ်။ လေလံတင်လိုက်တယ်။ အန်တီဆက်မငှားဘူးဆို ပြန်အပ်ပေါ့။ အဲလိုပြောတာ။ စည်ပင်က ဘယ်ခုနှစ်မှာ ဘယ်လို ဒေါ်စံပယ်မော်ကို တစ်ဆင့်ငှားရမ်းထားတယ်ပေါ့ အဲလိုပြောတာ””ဟု မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ရန်ကုန်မြို့ရှိ ၀င်းသူဇာ အရောင်းဆိုင်များမှ အချိန်တိုအတွင်း ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ခံရသည့် လုပ်ငန်းရှင်များက နိုင်ငံတော်သမ္မတထံ အချိန်တိုးပေးရန်နှင့် နစ်နာမှုများအား ပြန်လည် စိစစ်ပေးရန် တင်ပြခဲ့ရာ ““မြန်မာတစ်ပြည်လုံး ၀င်းသူဇာပေါင်း ၇၈ ဆိုင် ရှိသည့်အနက် တင်ဒါခေါ်ယူမှုမှာ ယခု ၃၈ ဆိုင်နှင့် နောက် ၁၃ ဆိုင် စုစုပေါင်း ၅၄ ဆိုင်သာ တွေ့ရှိရပါသည်။ ကျန် ၂၅ ဆိုင်ကို စာရင်းဖော်ပြထားခြင်း မရှိဘဲ တင်ဒါ ခေါ်ယူမှုတွင်လည်း မပါဝင်ခဲ့ပါ။

ထိုအချိန်က လက်ရှိ ရောင်းချနေသော ပစ္စည်းများအား တစ်လအတွင်း ငွေချေရခြင်း၊ ထပ်မံမှာ ယူလိုသော ပစ္စည်းများအား တစ်လဆိုင်း ငွေပေးချေမှုဖြင့် စက်မှုထွက်ကုန်များကို ရောင်းချ ပေးခဲ့ကြပါသည်။ ထိုပစ္စည်းများသည် အခြေခံ လူတန်းစားများ သုံးစွဲနေသည့် စက်မှုထွက်ကုန်များ ဖြစ်သည့်အပြင် ပြည်တွင်းဖြစ်ကို အားပေးရာလည်း ဖြစ်ခဲ့ပါသည်။

စက်မှုထွက်ကုန်များသည် မိမိတို့၏ ဆိုင်များတွင် ကျပ် ၈ သန်း ကျော်မှ ကျပ် သန်း ၆၀ ကျော်အထိ လက်ကျန်များ ကျန်ရှိ နေပါသည်။ ထိုပစ္စည်းများ ကျန်ရှိနေမှုကို ဌာနမှ သိရှိပြီး ဖြစ်ပါသည်။ တင်ဒါခေါ် ယူမည် ဆိုသော ကိစ္စအား ဌာနမှ ကြိုတင် အသိပေးမှု မရှိဘဲ အများကဲ့သို့သာ တင်သွင်း ယှဉ်ပြိုင်ခဲ့ရပါသည်။ ၀င်းသူဇာ (ကိုယ်စားလှယ်) အရောင်းဆိုင် ဖွင့်လှစ်ထားသူများသည် အခြေခံ လူတန်းစားများသာ ဖြစ်ပါသည်။

တင်ဒါ ခေါ်ယူရာတွင်လည်း သိန်း ၅၀ မှ သိန်း ၅၀၀ သို့ တိုးမြှင့်သည့်အတွက် လက်ရှိ ကိုယ်စားလှယ်များစွာ တင်ဒါ တင်သွင်းနိုင်ခြင်း မရှိခဲ့ပါ။ တင်ဒါ တင်သွင်းခဲ့သူများသည်လည်း လုပ်ငန်းရှင်ကြီးများ၏ တင်သွင်းမှု များအား အမီလိုက်နိုင်ခြင်း မရှိခဲ့ပါ။ ဌာနမှ လက်ရှိ ဆိုင်ဖွင့်ထားသူများအား ဦးစားပေးမည်ဟု နှုတ်ကတိ ပြုလုပ်သည်ဖြစ်ပါ၍ ဌာနမှ မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟုဆိုကာ တင်ပြမှုများကို ညှိနှိုင်းပေးမှု မရှိခဲ့ပါ။ ထို့အပြင် စက်တင်ဘာ ၁၉ တွင် ဌာနမှ စက်တင်ဘာ လကုန်တွင် အပြီး ဖယ်ရှားပေးရန် အကြောင်းကြား လာပါသည်။ ဆိုင်တင်ရောင်းချမှု တန်ဖိုးများမှာ ကျပ် ၁၀သန်း မှ ကျပ် သန်း ၁၃၀ ကျော် လက်ကျန်များ ကျန်ရှိနေပြီး အလွယ်တကူ ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ပါ။

ဌာနမှ ကိုယ်စားလှယ် အရောင်းဆိုင်များအပေါ် လက်ကျန်များ ရှိနေသည်ကို သိပါလျက်-

(၁) တင်ဒါမခေါ်ယူမီ တာဝန်ယူ တင်ပြပေးမှု မရှိခြင်း

(၂) ဆိုင်ခန်း ငှားရမ်းမှုများ လွန်စွာ ကြီးမြင့်နေခြင်း (မြစ်ကြီးနား တစ်လငှားရမ်းမှု ကျပ်သိန်း ၁၆၀)

(၃) ရွှေ့ပြောင်းမှုအား လုံလောက်သော အချိန်မပေးခြင်း စသည်တို့ကြောင့် ၀င်းသူဇာ (ကိုယ်စားလှယ်) အရောင်းဆိုင် ဖွင့်လှစ်ထားသူများ အနေဖြင့် များစွာ နစ်နာလျက်ရှိနေပြီး အားကိုးရာမဲ့ ဖြစ်နေကြပါသည်…”” စသည်ဖြင့် ထည့်သွင်း ရေးသားထားသည်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့