
၁၉၄၈ ကရေးဆွဲထားသော စည်ပင်သာယာရေး ဥပဒေသည် ဗဟိုချုပ်ကိုင်မှု များနေခြင်းကြောင့် ဥပဒေသစ် ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးလှမြင့်က ပြောကြားသည်။
အဆိုပါ ဥပဒေကို ကျန်ပြည်နယ် များနှင့် တိုင်းဒေသကြီးအချို့တွင် ၂၀၁၂ ခုနှစ်ကတည်းက အတည်ပြု ပြဋ္ဌာန်းခဲ့ သော်လည်း ရန်ကုန်တိုင်းဒေသကြီး တွင်မူ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှသာ တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၂၄ ရက်နေ့တွင် အတည်ပြု လိုက်ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေတွင် ပုဒ်မ ၉၇ ခု ပါရှိပြီး ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၂ မြို့နယ်ရှိ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌများကို မြို့နေလူထုက မဲပေး ရွေးချယ်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
အဆိုပါ ဥပဒေကို မွန်ပြည်နယ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မတ်လအတွင်းက လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။
မွန်ပြည်နယ်တွင် မတ်လအတွင်းက မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌများကို ရွေးချယ်ခဲ့ကြောင်း သံဖြူဇရပ် မြို့နယ် စည်ပင်သာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးခံရသူ ဦးမင်းလတ်က ပြောကြားသည်။
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် စည်ပင်သာရေး ဥပဒေအရ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မြို့နယ်စည်ပင် သာယာဥက္ကဋ္ဌများ ရွေးချယ်ထားကြောင်း အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထံမှ သိရှိရသည်။
"အရင်ကနဲ့ အခုစည်ပင်သာယာ အကြောင်းဆို လူတွေသိခွင့်မရဘူး၊ အခု အရပ်သားတွေ ရွေးထားတာ ဆိုတော့ ငွေဘယ်လောက် သုံးနေတယ်။ အဲ့လောက်တော့ သိခွင့်ရှိလာတယ်။ ထဲထဲဝင်ဝင် ပါဝင်ခွင့်တော့ မရသေးဘူး" ဟု ဦးမင်းလတ်က ဆိုသည်။
အဆိုပါ ဥပဒေကို တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့ အသက်ဝင်ရန် ကြိုးပမ်းရဦးမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ဥပဒေပါ အချက်များ အသက်ဝင်စေရန် နည်းဥပဒေကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထံမှ သိရှိရသည်။
No comments:
Post a Comment