Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 26 September 2013

သစ်တောမှ လုပ်ပိုင်ခွင့် ပြုထားခြင်းမရှိဘဲ သစ်တောဌာနခုတုံးလုပ်သိမ်းဆည်းခြင်း ပေါ်ပြီ

 နေပြည်တော် ကောင်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆည်စုကျေးရွာ အုပ်စု မကျည်းကုန်း ကျေးရွာ နှင့် ဂွေးတောက်ရိုးကျေးရွာရှိ တောင်သူများ၏ လယ်ယာမြေများကို ဗိုလ်မှူးဟောင်း ဦးခင်မောင်ဝင်း ရယူထားခြင်းသည် သစ်တောဌာနမှ လုပ်ပိုင်ခွင့် ချထားပေးခြင်းမဟုတ်ကြောင်း ယမန်နေ့ ၂၅.၉.၂၀၁၃ ရက်နေ့က နေပြည်တော်ကောင်စီ သစ်တောဌာန တိုင်းရုံးသို့ ဦးငွေထွန်း နှင့် တောင်သူ ဦးကြည်သိန်း ၊ ကိုမောင်မောင်လွင်တို့ သွားရောက်မေးမြန်းစုံစမ်းရာမှ သိရသည်။

အဆိုပါနေရာသည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ၂၀၄မိုင် နှင့် ၂၀၄မိုင်၎ဖာလုံ အကြားတွင် တည်ရှိပြီး ၂၀၁၁ ခုနှစ်တွင် ဦးခင်မောင်ဝင်းက တောင်သူတစ်ယောက်ချင်းစီအား ၎င်းအနေဖြင့် သစ်တောဌာနမှ လုပ်ပိုင်ခွင့် ရရှိထားသည်ဟုဆိုကာ တောင်သူများ၏ လယ်ယာမြေများအတွက် ငွေကြေး တိတိကျကျပေးချေခြင်း မရှိဘဲရယူသွားခဲ့ကြောင်း တောင်သူများက အဆင့်ဆင့်တင်ပြတိုင်ကြားမှုများ ပြုလုပ်၍ ၎င်းတို့၏ နစ်နာမှုအပေါ် ပြန်လည်ဆွေးနွေးညှိနှိုင်းပေးပါရန် တောင်းဆိုခြင်းကိုလည်း ဦးခင်မောင်ဝင်းဘက်မှ လက်မခံသဖြင့် လယ်ယာမြေများတွင် ပြန်လည်ဝင်ရောက်လုပ်ကိုင်ကြရမှ တောင်သူများကို ဦးခင်မောင်ဝင်းက ဒက္ခိဏမြို့မ ပေါက်တောရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်ဖြစ်ရာ ရဲစခန်းမှတောင်သူများကို အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခဲ့သည်။

ရဲစခန်းတွင် ဦးခင်မောင်ဝင်းအား သစ်တောဌာနမှ လုပ်ပိုင်ခွင့် ပြုထားကြောင်း အထောက်အထားဖြင့် တိုင်ကြားခြင်းဖြစ်သည်ဟု တောင်သူများကို ပြောဆိုကြောင်း၊ ဦးခင်မောင်ဝင်းထံမှ ငွေကြေးတပြားတချပ်မှ ရယူထားခြင်းမရှိသူများအနေဖြင့် ဦးခင်မောင်ဝင်းအား ပြန်လည်အမှုဖွင့်တိုင်ကြားလိုကြောင်း ပြောဆိုသည်ကို အထောက်အထား မရှိဘဲနှင့် တိုင်ကြားလို့မရကြောင်းဖြင့် ပြောဆိုသည်ဟု သိရသည်။

အဆိုပါကိစ္စအတွက် တောင်သူများအား ကူညီဆောင်ရွက်ပေးသူ ဦးငွေထွန်းက တောင်သူဦးကြည်သိန်းနှင့် ကိုမောင်မောင်လွင်တို့ကို ခေါ်ကာ နေပြည်တော်ကောင်စီ သစ်တောဌာန တိုင်းရုံးသို့ သွားရောက်မေးမြန်းစုံစမ်းရာ ဌာနဆိုင်ရာ တာဝန်ရှိသူကလည်း လှိုက်လှဲပျူငှာစွာပင် တောင်သူများ၏ အခက်အခဲကို မေးမြန်းပြီး သိလိုသည်များကို မေးမြန်းခွင့်ပြုရာ တောင်သူများက ၎င်းတို့၏ မြေနေရာကို ပြောပြကြပြီး ဦးခင်မောင်ဝင်းအား သစ်တောဌာနမှ လုပ်ပိုင်ခွင့် ချထားပေးခြင်း ရှိ/မရှိ လက်ရှိတောင်သူများမှာ အမှုဖွင့်တိုင်ကြားခံထားရကြောင်းဖြင့် ပြောဆိုပြရာ တာဝန်ရှိအမျိုးသမီး လယ်ဝေးရုံးသို့ချက်ချင်းဆက်သွယ် မေးမြန်းပြီး လုပ်ပိုင်ခွင့် ချထားပေးခြင်း ရှိ / မရှိ မေးမြန်းရာ ချထားဆောင်ရွက်မှုမရှိကြောင်း သိရသည်။

သစ်တောဌာနအနေဖြင့် ပုဂ္ဂလိအား လုပ်ပိုင်ခွင့်ချထားပေးမည်ဆိုလျှင် ဆိုလျှင် အမိန့်ကြော်ငြာစာဖြင့် လက်ငုတ်လုပ်ကိုင်နေသူများကို အကြောင်းကြားပေးမည်ဖြစ်ကြောင်း ၊ ထိုသို့တခြားသူတစ်ဦးအား လုပ်ပိုင်ခွင့် ချထားပေးရာတွင်လည်း ဥပဒေနှင့်အညီ လက်ငုတ်တောင်သူများ၏ နစ်နာမှုအပေါ် နိုင်ငံတော်က သတ်မှတ်သည့် ဈေးသော်လည်းကောင်း ၊ အချင်းချင်းညှိနှိုင်း၍သော်လည်းကောင်း တောင်သူများ၏ နစ်နာမှုကို ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ၊ အဆိုပါနေရာသည် နေပြည်တော်ကောင်စီမှ အသစ်ထုတ်ပြန်ထားသော သစ်တောမြေဧရိယာတွင် ပါဝင်ခြင်းမရှိတော့ကြောင်း ရှင်းလင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ဦးခင်မောင်ဝင်းအနေဖြင့် ရယူစဉ်ကလည်း ဌာနဆိုင်ရာ ခွင့်ပြုမိန့်တစ်စုံတစ်ရာ ပြသခြင်းမရှိဘဲ နှုတ်အားဖြင့် ပြောဆို၍ တောင်သူများထံမှ ရယူသွားခြင်းဖြစ်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့